ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့/တပ်မတော် (KIO/KIA) ၏ ထိပ်ပိုင်းခေါင်းဆောင်နေရာများ အပြောင်းအလဲကို ယမန်နေ့ မနက်ပိုင်းက လိုင်ဇာမြို့တွင် အခမ်းအနား တရပ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
KIO၏ သတင်းနှင့ ်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “ဒီကနေ့ ၉ နာရီမှာ ကျင်းပပါတယ်။ ဆုတောင်းပြီး နုတ်ကပတ်တော်နဲ့ တာဝန်တွေ လုပ်ငန်းတွေ လွဲပြောင်း တာဖြစ်ပါတယ်။ ဥက္ကဋ္ဌ နေရာမှာ ဗိုလ်ချုပ်ကြီး အင်ဘန်လ တာဝန်ယူပြီး ဗိုလ်ချုပ်ကြီးဂမ်ရှောင်ကတော့ KIO ရဲ့ ဒုဥက္ကဋ္ဌ ၁ နဲ့ စစ်ဦးစီးချုပ် တာဝန်ကို ထမ်းဆောင်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယနေ့ တာဝန်လွဲှပြောင်းမှုများအရ KIO ဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က KIO ဒုဥက္ကဋ္ဌ ၁ နှင့် စစ်ဦးချုပ် ၊ ဦးဆွတ်လွတ်ဂမ်က ဒုက္ကဋ္ဌ ၂၊ ဗိုလ်ချုပ်ဂွန်မော်က KIC ဒုဥက္ကဋ္ဌ ၁နှင့် ဗိုလ်မှူးချုပ် ဇုန်းကော့ထန်းက KIC ဒုဥက္ကဋ္ဌ ၂ ဖြစ်လာသည်။
ဗိုလ်ချုပ်ကြီး အင်ဘန်လသည် KIO၏ ၆ ယောက်မြောက် ဥက္ကဌဖြစ်လာသူလည်း ဖြစ်ပြီး ယခင်က ကချင်ပြည်လွတ်လပ်ရေးကောင်စီ (KIC) ၏ ဒုဥက္ကဌအဖြစ် တာဝန်ယူထားသူ ဖြစ်ကာ ဗိုလ်ချုပ်ကြီးဂမ်ရှောင်က KIA စစ်ဦးစီးချုပ် ဖြစ်လာသည်။
၂၀၀၆ ခုနှစ်မှ စ၍ KIO ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည့် ဦးလညော်ဇောင်ဟရားသည် ကျန်းမာရေးအခြေအနေ ကြောင့် အနားယူပြီဖြစ်သဖြင့် ၎င်း၏ ဥက္ကဋ္ဌ တာဝန်ကို ဒုဥက္ကဋ္ဌ ဖြစ်သည့် ဗိုလ်ချုပ်ကြီး အင်ဘန်လအား ယနေ့ မနက်ပိုင်းတွင် အခမ်းအနား တရပ်ပြုလုပ်ပြီး လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အနားယူသွားသည့် ဦးလညှော်ဇောင်းဟရားသည် KIO ၏ အကြံပေးနေရာတွင် ဆက်လက်ရှိနေမည် ဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဗိုလ်မှူးကြီးနော်ဘူက “ဆရာကြီး ဆွတ်လွတ်ဂမ်ကတော့ KIOရဲ့ ဒုဥက္ကဋ္ဌ ၂ နေရာမှာ တာဝန်ယူတာ။ ဗိုလ်ချုပ်ဂွန်မော်ကတော့ KIC ရဲ့ ဒုဥက္ကဌ ၁ ၊ နောက်ပြီး ဗိုလ်မှူးချုပ် ဇုန်းကော့ထန်းကတော့ KIC ရဲ့ ဒုဥက္ကဌ ၂ နေရာမှာ တာဝန်ယူတယ်။ တာဝန်အလွဲအပြောင်းတွေက အဲဒီ ခေါင်းဆောင်ပိုင်း ၅ ဦး အပြောင်းအလဲ ဖြစ်ပါတယ်” ဟု ဆိုသည်။
ယခင်က ဦးဆွတ်လွတ်ဂမ်သည် KIO ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခါင်းဆောင် တဦးဖြစ်ပြီး ဗိုလ်ချုပ်ဂွန်မော်သည် KIC၏ ဒုဥက္ကဋ္ဌ ၂ တာဝန်ယူထားသူ ဖြစ်သည်။
KIO ဥက္ကဋ္ဌ တာဝန်လွဲပြောင်းခြင်းနှင့် ထိပ်သီးခေါင်းဆောင် ၄ ဦး ရာထူးတာဝန်ပေးအပ်ခြင်း အခမ်းအနား တွင် KIO ဗဟိုကော်မတီဝင်များ၊ တပ်ပိုင်းဆိုင်ရာ ထိပ်သီးခေါင်းဆောင်များနှင့် လိုင်ဇာမြို့တွင်း နေထိုင်သည့် ပြည်သူလူထုများ၊ ဘာသာရေးခေါင်းဆောင်များ တတ်ရောက်ခဲ့ကြသည်ဟု သိရသည်။
ဥက္ကဋ္ဌသစ် ဖြစ်လာသည့် ဗိုလ်ချုပ်ကြီးအင်ဘန်လသည် ကချင်ပြည်သူလူထုများနှင့် တွေ့ဆုံမှုများ ပြုလုပ်သွားရန်လည်း ရှိကြောင်း၊ KIO အတွင်း ဥက္ကဋ္ဌသစ် တက်လာသော်လည်း အဖွဲ့အစည်းတွင်း မူဝါဒများ ထူးထူးခြားခြားပြောင်းလဲရန် မရှိကြောင်း၊ မူဝါဒတစုံတရာ ပြောင်းလဲမည် ဆိုပါကလည်း ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်ရေးအခြေအနေပေါ် မူတည်၍သာ ပြောင်းလဲမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
ဗိုလ်ချုပ်ကြီး အင်ဘန်လသည် ၂၀၀၀ ခုနှစ်က အဖွဲ့အစည်းတွင်း ထောက်ခံမှု ကျဆင်းလာသည့် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ် မလိဇွပ်ဇော်မိုင်နှင့် အဖွဲ့ကို ဖြုတ်ချပြီး အာဏာသိမ်းမှုဖြစ်စဉ်တွင် သွေးထွက်သံယို မရှိပဲ ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုကာ KIO တပ်ဖွဲ့အတွင်း ထောက်ခံမှုများ ရထားသူဖြစ်ပြီး အဖွဲ့အစည်းတွင်း သြဇာအာဏာကြီးသူတဦးလည်း ဖြစ်သည်။
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် လေ့လာသုံးသပ်သူများကမူ ဗိုလ်ချုပ်ကြီး အင်ဘန်လကို အမျိုးသားရေး၊ တော်လှန်ရေးနှင့် ပတ်သက်၍ သဘောထားတင်းမာသူ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အစိုးရနှင့် ညှိနှိုင်းမှုများ လုပ်ရန် သဘောထား တင်းမာသူ၊ ကချင်လူမျိူးတို့အတွက် လွတ်လပ်သည့် ပြည်နယ်တခု ရရှိရေးအတွက် ကြိုးပမ်းလိုသူဟု သုံးသပ်ထားကြသည်။
၂၀၁၆ ခုနှစ်၊ ဇွန်လမှ ဒီဇင်ဘာလအတွင်း ဝိုင်းမော်မြို့နယ်ရှိ KIA တပ်စခန်းများကို တပ်မတော်က ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ပြီး KIA တပ်စခန်းများ၊ တောင်ကုန်းများ ဆုံးရှုံးခဲ့ရသည့် နောက်ပိုင်းတွင် အစိုးရနှင့် KIO တို့အကြား ၅ နှစ်တာ ဆွေးနွေးနေသည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီမှု စာချုပ် (NCA) ကို ဆက်မလုပ်နိုင်တော့ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လက သဘောထားချမှတ်ခဲ့သူလည်း ဖြစ် သည်။
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၏ မြို့တော် ပန်ဆန်းတွင် ကျင်းပသည့် မြောက်ပိုင်းနှင့် တရုတ်-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့များ၏ အစည်းအဝေးကို ဗိုလ်ချုပ်ကြီး အင်ဘန်လက KIO ကိုယ်စားပြု အဖြစ် တတ်ရောက်ခဲ့ပြီး ထိုအစည်းအဝေးပါ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့က NCA ကို ငြင်းဆိုကြောင်း အစိုးရနှင့် အပစ်ရပ် စာချုပ်သစ် ချုပ်ဆိုပြီး ၎င်းတို့ တောင်းဆိုသည့် နိုင်ငံရေးစာတမ်းပါအချက်များကို ဆွေးနွေးလိုကြောင်း ကြေငြာ ထားသည်။
ထိုအစည်းအဝေးမှ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC) ကို ဖွဲ့စည်းပြီး ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒုဥက္ကဋ္ဌ ၂ အဖြစ် တာဝန်ယူထားသည်။
FPNCC တွင် KIO ပါဝင်လိုက်ခြင်းနှင့် ပတ်သင်၍ ကချင်ပြည်သူလူထုများက မလိုလားကြောင်း၊ ဝ နှင့် ပူးပေါင်းသည်ကို မကြိုက်ကြောင်း ဝေဖန်ပြောဆိုမှုများ ရှိသည်။