နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လေဖြန်းသွားပြီဆိုသည့် ကောလာဟလ သတင်းများ ထွက်ပေါ်နေခြင်းမှာ မဟုတ်မှန်ဘဲ ကျန်းမာစွာ ရှိနေကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီဇင်ဘာလ ၂ ရက်နေ့ ညပိုင်းတွင် ဧရာဝတီသို့ ပြောသည်။
ဦးဇော်ဌေးက “လေဖြန်းတာ မဟုတ်ပါဘူး။ ကျန်းမာ ချမ်းသာစွာနဲ့ ပုံမှန်တာဝန်တွေကို ထမ်းဆောင်လျက် ရှိပါတယ်။ သိပ်မကြာသေးခင်ကပဲ ကျန်းမာရေး စစ်ဆေးမှု လုပ်ထားတယ်။ ဟိုတခါတုန်းက မျက်စိခွဲတာက လွဲလို့ ကျန်တဲ့ဟာတွေ အကုန်ကောင်းတယ်။ အကုန် ကောင်းအောင်လည်း ဂရုတစိုက် စားသောက်နေထိုင်လေ့ ရှိတယ်”ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး စကားဝိုင်းသို့ နေ့ချင်းပြန်သွားရောက်ခဲ့ပြီး နောက်ပိုင်း လူမြင်ကွင်းမှ ခေတ္တပျောက်ကွယ်နေသည်ကို အကြောင်းပြု၍ “လေဖြန်းနေသည်” ဆိုသော ကောလာဟလများ ဒီဇင်ဘာလ ၃၁ ရက်နေ့ညပိုင်းက လူမှုကွန်ရက်များတွင် ပျံံ့နှံ့လာခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းသည် ဒီဇင်ဘာ ၃၁ ရက်နေ့ ညဦးပိုင်းက နိုင်ငံတော် ဗေဒင်ဆရာတချို့နှင့် နိုင်ငံရေးသမားတချို့ကြားတွင် စတင် ပျံနှံ့လာခြင်း ဖြစ်သည်ဟု အပတ်စဉ်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်တွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကယားပြည်နယ် ခရီးစဉ်မှ ပြန်လည် ရောက်ရှိလာခဲ့ပြီး ရုံးဖွင့်ရက်ဖြစ်သည့် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရုံးတက်ခြင်း၊ ဧည့်သည်များနှင့် တွေ့ဆုံခြင်း၊ ပုံမှန်လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်းများ ပြုလုပ် လျက်ရှိကြောင်း၊ သို့သော် လူတချို့က ရည်ရွယ်ချက်ရှိရှိဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးသတင်းအမှားများကို ထုတ်ပြန်နေရာ ထိုသို့ပြုလုပ်သူများကို စုံစမ်းနေကြောင်း သမ္မတရုံးက ပြောသည်။
“ဒီတိုင်းပြည်မှာ အရေးပါတဲ့ ခေါင်းဆောင်တွေကို ကျန်းမာရေးနဲ့ ပတ်သက်လို့ ဒီလို ကောလာဟလ ထုတ်လွှင့်တဲ့ဟာက နိုင်ငံရေးအရ မငြိမ်မသက်မှုတွေ ဖြစ်အောင် ပြောနေဆိုနေသလားလို့တောင် သံသယဖြစ်မိတယ်။ ဒါပေမယ့် ပြောတဲ့လူရဲ့ အနေအထားကို သိရင် ပိုပြောနိုင်မယ်။ လောလောဆယ်မှာ ဒီကိစ္စကို ဘယ်သူက စမှန်းမသိဖြစ်နေတယ်”ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန်အဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာ တင်မျိုးဝင်းကမူ ဒေါ်အောင်ဆန်းစု ကြည်သည် ကျန်းမာရေး အလွန်ကောင်းနေ၍ သူ၏ ကျန်းမာရေးနှင့် ပတ်သက်၍ ပြောစရာ မရှိသေးကြောင်း၊ ထူးခြားမှု ရှိပါက သတင်းထုတ်ပြန် ပေးမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအပြောင်းအလဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍမှာ အင်မတန် အရေးကြီး၍ ပြည်သူလူထုနှင့် နိုင်ငံတကာ၏ ယုံကြည် ထောက်ခံမှုကိုလည်း ရရှိနေရာ အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းမည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ အရေးပါနေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။
“ဒီလိုပဲ ကောလာဟလတွေ ထွက်တာက မြန်မာ့ သမိုင်းကြောင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အနေအထားတခုပဲ။ ဒါကြောင့် ခေါင်းဆောင်တွေရဲ့ ကျန်းမာရေးကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနိုင်မယ်ဆိုရင် ဒီလို ကောလာဟလတွေ၊ ထင်ယောင်ထင်မှား ဖြစ်မှုတွေ၊ မမှန်သတင်း ဖြန့်ချိမှုတွေကို အတိုင်းအတာတခု အထိ ထိန်းပေးနိုင်မယ်လို့ မြင်တယ်။ ပြည်သူတွေ ရှင်းရှင်းလင်းလင်းသိနိုင်ဖို့ အစိုးရဘက်က တိတိကျကျ ထုတ်ပြန်တာမျိုးကို လုပ်ဖို့ လိုအပ်တယ်”ဟု ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေ လူသိရှင်ကြား စစ်ဆေးမှုမှာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၉၊ ၃၀ ရက်များတွင် ရန်ကုန်မြို့ရှိ ဂရင်းဟံသာ နိုင်ငံတကာ ဆေးရုံတွင် ပြုလုပ်ခဲ့ပြီး ပုံမှန်ကျန်းမာရေး စစ်ဆေးမှု ခံယူခဲ့ခြင်း ဖြစ်သည်။ ပုံမှန် ကျန်းမာရေး စစ်ဆေးမှုများကို နေပြည်တော်တွင်လည်း ပြုလုပ်လေ့ရှိသည်။
အသက် ၇၂ ရှိလာပြီ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ် ဧပြီလထဲတွင် မျက်စိ ခွဲစိတ်ကု သမှုကို နေပြည်တော်ရှိ မျက်စိအထူးကုဆေးရုံကြီးတွင် ပြုလုပ်ရာ အောင်မြင်ခဲ့သည်ဟု သိရသည်။