ရန်ကုန်မြို့တွင် ကျင်းပရန် ဆယ်စုနှစ်တခုနီးပါးခန့် ရပ်နားထားသော အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲ ကို ပထမအကြိမ်အဖြစ် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ Lotte ဟိုတယ်တွင် ပြန်လည်ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေး တာဝန်ရှိသူများထံမှ သိရသည်။
Yangon International Gems and Jewelry fair 2018 အမည်ဖြင့် ကျောက်မျက် ရတနာ ပြခန်းပေါင်း ၁၀၀ ခန့်ဖြင့် ပြသသွားရန် ရည်ရွယ်ထားပြီး ပတ္တမြား၊ နီလာ၊ ကျောက်စိမ်းတို့ကို အဓိကထား ရောင်းချသွားမည်ဖြစ်ကာ ပြပွဲကို ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့ အထိ မနက် ၁၀ နာရီမှ ည ၈ နာရီအတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်) ဒုဥက္ကဌ (၁) ဦးအောင်မြင့်က ပြောသည်။
ဦးအောင်မြင့် က “ပြပွဲ ကျင်းပတာကတော့ ကျနော်တို့ နိုင်ငံမှာထွက်နေတဲ့ ပတ္တမြား၊ နီလာရဲ့ ဈေးကွက်က ပြည်တွင်းမှာမရှိဘဲနဲ့ ပြည်ပမှာသွားပြီးတော့ ပေါ်ပြူလာ ဖြစ်နေတယ်။ ဒါကိုတဖြေးဖြေးချင်း ပြည်တွင်းဈေးကွက် ရအောင် ဆွဲယူမယ်ဆိုတဲ့ သဘောနဲ့ လုပ်တာလည်း ပါတယ်” ဟုပြောသည်။
ယခုလို ပြန်လည်ကျင်းပရခြင်းမှာ ကျောက်မျက်ရတနာ ဈေးကွက် ပိုမိုကောင်းမွန်လာစေရေး အတွက် ရည်ရွယ်ကြောင်းနှင့် ထိုပွဲတွင် ကျောက်မျက်ရတနာနှင့် ပတ်သတ်သော ဗဟုသုတများ ရရှိစေရန်အတွက်လည်း ကျောက်မျက်သုတေသန ပညာရှင်များမှ ဟောပြောပေးမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း (ရန်ကုန်) ၏ တာဝန်ရှိသူများက ပြောသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာပြပွဲကို ယခင်က ရန်ကုန်မြို့တွင် အဓိက ထားပြုလုပ်ခဲ့သော်လည်း အရပ်သား အမည်ခံ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာခဲ့သော ၂၀၁၀ ခုနှစ်နောက်ပိုင်းမှစ၍ နေပြည်တော်တွင် ပြောင်းလဲ ပြုလုပ်ခဲ့ပြီး ယခု ၂၀၁၈ ခုနှစ်တွင် ပထမဆုံး အကြိမ် ရန်ကုန်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။
အဆိုပါ ပြပွဲကို ကျင်းပရခြင်း ရည်ရွယ်ချက်ထဲတွင် နိုင်ငံအတွင်း ကျောက်မျက် အချောထည်ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ ကမ္ဘာ့အဆင့်မှီ ကျောက်မျက် ဈေးကွက်တခုကို မြန်မာနိုင်ငံ အတွင်းဖြစ်ပေါ် လာစေရန်လည်း ပါဝင်ကြောင်းသိရသည်။
ထို့အပြင် ကျောက်မျက်ပြပွဲများတွင် မြန်မာ့ တွင်းထွက် ကျောက်မျက်ရတနာ အချောထည်များ ရောင်းချခြင်းဖြင့် နိုင်ငံတော်အတွက် အခွန်အခများ ရရှိစေခြင်းနှင့် ကျောက်မျက်ရတနာ လုပ်ကိုင်နေသူများအတွက် အလုပ်အကိုင်အ ခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။
ယင်းသို့သော ပြပွဲများကျင်းပခြင်းအားဖြင့်လည်း ခေတ်မီကျောက်သွေးပညာများ၊ ပန်းပု၊ ပန်းတိမ်ပညာများ၊ နောက်ဆုံးပေါ် ခေတ်မီ ဒီဇိုင်းပညာများနှင့် ထုတ်လုပ်ထားသောတန်ဖိုးမြင့် ကျောက်မျက်အချောထည်များ၊ လက်ဝတ်ရတနာများကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ပြပွဲစီစဉ်သူများကဆိုသည်။
ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်) ဒုဥက္ကဋ္ဌ (၄) ဒေါ်မြင့်သက်နိုင် ကလည်း “ဒီပြပွဲမှာအများအားဖြင့် ပြည်တွင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်တွေကပဲ ရောင်းချသွားမှာပါ။ ကျောက်မျက်ရတနာ လုပ်ငန်းရှင် အငယ်၊ အလတ်၊ အကြီးအာလုံး ပြသနိုင်ဖို့ ပြခန်းတန်ဖိုးက အမေရိကန်ဒေါ်လာ ၄၀၀ ကနေ ၁၂၀၀ အထိ အစားစား ရောင်းချထားပါတယ်”ဟု ၎င်းက ပြောသည်။
ပြပွဲသို့ လာရောက်ကြည့်ရှုရန် အတွက် ပြည်တွင်း ရတနာကုန်သည်ပေါင်း တထောင်ကျော်နှင့် ပြည်ပနိုင်ငံပေါင်း ၃၆ နိုင်ငံမှ ရတနာ ကုန်သည်များ ကိုလည်း ဖိတ်ကြားထားကြောင်းနှင့် ယခုပြပွဲပြီးလျှင် ပြည်ပမှ ပြပွဲများကျင်းပပြီး မြန်မာနိုင်ငံသို့ လာရောက်၍ ကျောက်မျက် ရတနာများ ရောင်းချရန် ကမ်းလှမ်းထားမှုများလည်း ရှိနေသည်ဟု ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်) ထံမှ သိရသည်။
သို့သော် ယခုပြပွဲတွင် ခေတ်နှင့် မလျော်ညီသော ကျောက်မျက်စီးပွားရေး မူဝါဒ အချို့၏ အားနည်းချက်ကြောင့် ပြည်ပမှ ရတနာကုန်သည်များကို ရောင်းချရန် ဖိတ်ကြားထားခြင်း မရှိကြောင်းသိရသည်။