ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ အထွေထွေ လုပ်ငန်းစဉ် အပါအဝင် အစိုးရ နှင့် UNFC ကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နောက်ဆုံး အခြေအနေ တို့ကို သုံးသပ် ဆွေးနွေးမည့် အစည်းအဝေး တရပ် UNFC က ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၆ ရက်မှ ၈ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသွားမည် ဖြစ် ကြောင်း UNFC မှ နိုင်အောင်မငေး က ပြောသည်။
UNFC ၏ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ (DPN) နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် (PC) ကြား ၁၇ လကြာ တွေ့ဆုံ ဆွေးနွေးမှုတွင် အဆိုပြုချက် နံပါတ် ၂ ကို သဘောတူညီမှု မရယူနိုင် သေးခြင်းကြောင့် NCA မထိုးနိုင်ဘဲ ဖြစ်နေသည်။
UNFC ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးထွန်းဇော်က “UNFC ရဲ့ အထွေထွေ လုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နောက် ဆုံး အခြေအနေကို ဆွေးနွေးမယ်။ NCA ထိုးရေး မထိုးရေး ကိစ္စပဲ ဆွေးနွေးမှာ မဟုတ်ဘူး၊ UNFC ရဲ့ အထွေထွေ လုပ်ငန်းနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ နောက်ဆုံး အခြေအနေတွေကို ဆွေးနွေးမှာပါ”ဟု ပြောသည်။
UNFC သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးနိုင်ရေးနှင့် ပတ်သက်ပြီး အဆိုပြု ချက် ၈ ချက်ကို တင်ပြထားပြီး အစိုးရနှင့် ညှိနှိုင်းနေရာ သဘောတူညီမှု ရယူနိုင်ပါက NCA ထိုးမည်ဟု ထုတ်ပြန် ကြေညာ ထားသည်။
UNFC ဥက္ကဌ နိုင်ဟံသာက “လက်ရှိ တို့ ဒီမှာ ညှိနှိုင်းနေတဲ့ NCA ကိစ္စပေါ့ဗျာ။ အဲဒီမှာ အာမခံချက်လည်း ရှိမယ်။ နောက် တရားမျှတမှုလည်း ရှိမယ် ဆိုတဲ့ အနေအထားမျိုး ဖြစ်အောင် တို့က ညှိနှိုင်းနေတယ်။ အဲဒီမှာ ပြေလည်ဖို့ ဘယ်လို အခြေအနေ ရှိလဲပေါ့ဗျာ။ တို့ကလည်း DPN အဖွဲ့ကို လွှတ်ထားတယ်။ ဟိုဘက်ကလည်း PC ဆိုတဲ့ အဖွဲ့ကို လွှတ်ထား တယ်။ အဲဒီမှာ နှစ်ဖက် ညှိနှိုင်းနေတော့ နောက်ဆုံးကတော့ အဲဒီလို ရရှိထားတဲ့ အမြင် သဘောထားတွေ အပေါ်မှာ တစုံတရာ အဖြေပေးကြဖို့ လိုတယ်။ ဒါမှ မဟုတ် ဘယ်လိုတွေ ထပ်မံပြီးတော့ ညှိနှိုင်းကြမလဲပေါ့”ဟု ပြော သည်။
ယခု ထိုင်းနိုင်ငံ ချင်းမိုင်မြိုကတွင် ကျင်းပမည် ဆိုသော UNFC ၏ အစည်းအဝေးသည် NCA ထိုးနိုင်ရေး အဖြေ ရှာမည့် အစည်းအဝေး တရပ် ဖြစ်နိုင်ကြောင်း၊ UNFC အဖွဲ့ဝင် မွန်ပြည်သစ် ပါတီ (NMSP)သည် အဖွဲ့အစည်းအတွင်း NCA ထိုး ရန် သဘောထား ရှိနေခြင်းကြောင့် တခြားသော အဖွဲ့ဝင်များကို ညှိနှိုင်းသွားမည့် ကိစ္စရပ်များ ဆွေးနွေးနိုင်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသူ တဦးက ပြောသည်။
UNFC ဥက္ကဌ နိုင်ဟံသာကလည်း “တို့ဘက်က အမြင်ကတော့ NCA ကို ထိုးပြီးတော့ နိုင်ငံရေး ဆွေးနွေးမှု ကိစ္စမှာ ပါဝင်နိုင်ဖို့ပေါ့ဗျာ။ အဲ့ဒီလို သဘော ထား ရှိတယ်။ ဒါပေမယ့် တို့က တပ်ပေါင်းစု အဖွဲ့ဝင် ဖြစ်တယ်။ တို့တဖွဲ့တည်း အနေနဲ့ ဘာမှ အဆုံးအဖြတ် မပေးလိုဘူး ဗျ။ အဲဒါကတော့ ညှိနှိုင်းမှာပေါ့ဗျ”ဟု ပြောဆိုသည်။
NMSP က ပါတီတွင်း NCA လက်မှတ်ထိုးရန် သဘောထား ချမှတ် ထားသော်လည်း UNFC အဖွဲ့ဝင် ဖြစ်သော ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP) အနေနှင့် NCA ထိုးရန် ယုံကြည်မှု မရှိဖြစ်နေကြောင်း ဆိုသည်။
KNPP ၏ အထွေထွေ အတွင်းရေးမှူး ဦးရွှေမျိုးသန့်က “ကျနော်တို့ အဖွဲ့ထဲမှာလည်း ဆွေးနွေးတော့ ဆွေးနွေး ကြပါ တယ်။ ဒါပေမယ့် NCA ထိုးချင်လောက်အောင် ဘာမှ မတွေ့ရဘူးပေါ့နော်။ မတွေ့ရတော့ ကျနော်တို့ ယုံကြည်မှု မရှိဘူး ဖြစ်နေတာပေါ့။ မထိုးဘူး ဆိုတာကို ထိုးချင်အောင် လုပ်ပေးရမယ့်အပြင် ပြောင်းပြန် အပျက် ပုံစံတွေ လုပ်ပြနေတယ်။ ဒီတော့ ကျနော်တို့ ရဲဘော်တွေကို ပြောရ ဆိုရ ဝေးသွားတာပေါ့”ဟု မကြာသေးခင်က ဧရာဝတီသို့ ပြောဆိုထားသည်။
UNFC အဖွဲ့ဝင် တဖွဲ့ဖြစ်သော ရခိုင် အမျိုးသား ကောင်စီ (ANC) ကမူ လက်ရှိတွင် မည်သို့မျှ မပြောနိုင်သေးကြောင်း၊ UNFC အစည်းအဝေး ကျင်းပပြီးမှသာ ပြောနိုင်မည် ဖြစ်ကြောင်း ANC အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်က ပြောသည်။
NCA ထိုးနိုင်ရေး နှင့် ပတ်သက်ပြီး UNFC ထိပ်သီး ခေါင်းဆောင်များက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့အား တွေ့ဆုံ ဆွေးနွေးပြီး အဖြေရှာ ဆုံးဖြတ် သွားလိုကြောင်း UNFC က ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ သည်။
ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွင် ပါဝင်နေသူ တဦးကမူ “UNFC ဘက်က သဘောထားရှိတာကို လက်ခံနိုင်ပေမယ့် တွေ့ပြီးတော့ NCA မထိုးနိုင်ခဲ့ဘူးဆိုရင် မျက်နှာပျက် စရာတွေ ဖြစ်မယ်။ ဒါကြောင့် NCA လက်မှတ်ထိုးမယ်လို့ သူတို့ ဘက်က ပြောလာရင်တော့ တွေ့ဆုံမှု ဖြစ်လာ နိုင်တယ်။ ဘာလို့ဆို တွေ့ဆုံမှု ရလဒ်အရ NCA ထိုးမယ်ဆိုတဲ့ သဘော တူမှု ထွက်လာတယ် ဆိုရင် နှစ်ဖက်စလုံး အတွက် ကောင်းတယ်လေ။ မဟုတ်ရင်တော့ တွေ့ဆုံဖို့ ဖြစ်နိုင်မယ် မထင် ဘူး”ဟု ပြောသည်။
UNFC တွင် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ကရင်နီ အမျိုးသား တိုးတက် ရေး ပါတီ (KNPP)၊ ရခိုင် အမျိုးသား ကောင်စီ (ANC) တို့ ပါဝင်ကြသည်။