အီရန်တွင် လက်ရှိဖြစ်ပွားနေသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အင်အားသုံး ဖြိုခွင်း ရှင်းလင်း မှုများကြောင့် လူ ၂၀ သေဆုံးခဲ့ရပြီး ယင်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမေရိကန်က စောင့်ကြည့်နေ ကြောင်း ဒေါ်နယ်ထရမ့်က Twitter လူမှု ကွန်ရက်စာမျက်နှာတွင် ပြင်းထန်သော အသုံးအနှုန်းများဖြင့် သတိပေးလိုက်သည်။
ယခင်သမ္မတဟောင်း ဘားရက် အိုဘားမားလက်ထက်က နျူကလီးယား လက်နက် ထပ်မံ ထုတ်ခြင်း မပြုရန် အီရန်၏ ကတိကဝတ်များ အရ အီရန်အပေါ် အမေရိကန် အနေဖြင့် ပိတ်ဆို့ဒဏ်ခတ်မှုအချို့ကို ညှိနှိုင်းဖြေလျှော့ပေးခဲ့ခြင်းကိုလည်း သမ္မတ ဒေါ်နယ်လ်ထရမ့်က Twitter မှနေ၍ ဝေဖန်ပြစ်တင်လိုက်သည်။
အီရန်ပြည်သူလူထုက အကျင့်ပျက်ပြီး ရက်စက်တဲ့ အီရန် အာဏာသိမ်းအစိုးရကို နောက်ဆုံး ဆန့်ကျင် တွန်းလှန်နေပါပြီ။ အီရန်အစိုးရကို သမ္မတ အိုဘားမားက ရူးသွပ်မိုက်မဲစွာနဲ့ ပိုက်ဆံတွေထောက်ပံ့ ခဲ့တာကြောင့် အစိုးရက အဲဒီ ပိုက်ဆံတွေ သူ့အိတ်ထဲပဲ ထည့်ပြီး အကြမ်းဖက်မှုတွေပဲ ဆက်လုပ်နေပါ တယ်။ ပြည်သူလူထုမှာတော့ စားစရာက နည်းနည်း၊ ငွေကြေးက ဖောင်းပွ၊ လူ့အခွင့်အရေး ကင်းမဲ့တဲ့ ဘ၀ ဆိုက်ရောက်နေကြပါတယ်။ အမေရိကန်က စောင့်ကြည့်နေပါတယ်။
တွစ်တာတွင် ထရမ့်၏ နောက်ဆုံးရေးသားချက်သည် နှစ်သစ်ကူးကာလအတွင်း ရေးသားသည့် ရှည်လျှားသော စာများ အနက် တခုဖြစ်ပြီး ထိုစာတွင် “အီရန်သည် အစိုးရ ကိုယ်တိုင်က အကြမ်းဖက်တဲ့ နံပါတ် (တစ်) နိုင်ငံဖြစ်သည်” ဟု ရေးသည်။ Instagram နှင့် Telegram တို့ကဲ့သို့သော လူမှုကွန်ရက် သုံးစွဲနိုင်ခြင်းမရှိအောင် မိုဘိုင်းဖုန်းများကို ကန့်သတ်ခြင်း ကိုလည်း ရှုတ်ချထားသည်။
အီရန်မှာ တကယ့်ကြီးမားတဲ့ ဆန္ဒပြမှုတွေပါ။ ပြည်သူလူထုဟာ သူတို့ပိုက်ဆံတွေ၊ စည်းစိမ်တွေကို ဘယ်လို အခိုးခံနေရပြီး အကြမ်းဖက်မှုအတွက် ဘယ်လိုဖြုန်းတီးခံနေရတယ် ဆိုတာ နောက်ဆုံးမှာ အမှန်ကိုသိမြင်လာကြပါတယ်။ ဒီလိုအခြေ အနေမျိုးကို လူထုက ကြာရှည်လက်မခံနိုင်တဲ့ သဘောထား ဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာ ကိုလည်း အမေရိကန်က နီးနီးကပ်ကပ် စောင့်ကြည့်နေပါတယ်။
အီရန်ဟာ အကြမ်းဖက်မှုကို ပံ့ပိုးနေပြီး လူ့အခွင့်အရေး ချိုးဖောက်တဲ့ နေရာမှာ နံပါတ် (တစ်) တိုင်းပြည်ပါ။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ သူတွေ အင်တာနက် သုံးမရအောင် အခု ပိတ်ထားလိုက်ပါပြီ။ ဆိုးပါ့ဗျာ ဟူ၍လည်းကောင်း ရေးသားထားသည်။
အီရန် လူထုကြီးဟာ ဖိနှိပ်ခံနေရတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ သူတို့ဟာ အစားအစာနဲ့ လွတ်လပ်မှုကို ဆာလောင် နေကြပါတယ်။ လူ့အခွင့်အရေး အပါအဝင် အီရန်ဓနဥစ္စာတွေ အလုယူခံထား ရပါတယ်။ ပြောင်းလဲဖို့ အချိန်တန်ပြီ ဟုလည်း ပါရှိသည်။
တချိန်တည်းမှာပင် အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ တဦးက လူမှုကွန်ရက်ပေါ်၌ အမေရိကန်သမ္မတ၏ ရေးသားချက်တွေကို တုံ့ပြန် တိုက်ခိုက်ရာမှာ ထရမ့်အနေဖြင့် တခြားတိုင်းပြည်မှာ မငြိမ်မသက်ဖြစ်နေကို တွစ်တာမှာ တက်ရေးတာထက် သူ့ပြည်တွင်းရေးကိုပဲ အာရုံစိုက်သင့်တယ် လို့ ဆိုထားသည်။
“တခြားတိုင်းပြည်တွေရဲ့ ပြည်တွင်းရေးတွေကို တွစ်တာမှာ အဓိပ္ပာယ်မဲ့ တက်ရေးပြီး စော်ကား မော်ကား ရေးနေတာထက် သူ့ အနေနဲ့ နေ့တိုင်း လူတွေ ဒါဇင်နဲ့ ချီ အသတ်ခံနေရတဲ့၊ သန်းနဲ့ ချီတဲ့ အိုးမဲ့ အိမ်မဲ့တွေ၊ ငတ်မွတ် အစာမစားရသူတွေ ရှိနေတဲ့ သူ့နိုင်ငံ ပြည်တွင်းရေးကိုပဲ အာရုံစိုက်သင့်တယ်” ဟု ဘာရမ်ဂါဆီမီက ပြောကြားကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
ဒီဇင်ဘာလ ၂၈ ရက်က အီရန်၏ ဒုတိယအကြီးအဆုံး မြို့ဖြစ်သည့် မတ်ရှ်ဟက်တွင် ဆန္ဒပြမှုများ စတင်ဖြစ်ပွာခဲ့ပြီး နောက် အနည်းဆုံး လူ ၂၀ သေဆုံးပြီး ၄၅၀ ကို ဖမ်းဆီးထားသည်။ နေထိုင်မှုစရိတ် ကြီးမြင့်လာခြင်း၊ တိုင်းပြည်စီးပွားရေး၊ နိုင်ငံရေး အကျင့်ပျက်ခြစားမှုများ စသည်တို့က ဒေါသထွက်နေသည့် ပြည်သူလူထုကို ဆွပေးလိုက်သကဲ့သို့ ရှိနေပြီး အလားတူဆန္ဒပြမှုများလည်း နိုင်ငံတဝန်းကူးစက် ဖြစ်ပွားလျက် ရှိသည်။
နောက်ဆုံးရ သတင်းများတွင် ကွာဒါရီဂျန်မြို့ရှိ ရဲစခန်းတွင် သေနတ်များ ခိုးယူရန် အားထုတ်မှုဖြင့် ဆန္ဒပြသူ ၆ ဦး သတ်ဖြတ်ခံရကြောင်း အီရန်အစိုးရ ရုပ်သံကို ကိုးကား၍ AP က သတင်းရေး သားသည်။ ခိုရန်ရှားမြို့တွင်လည်း အဓိကရုဏ်းများကြောင့် လူနှစ်ဦးသေဆုံးခဲ့ရကြောင်း၊ နဂျစ်ဖာဘတ်မြို့တွင်လည်း အီရန် ပြည်သူ့တော်လှန်ရေး လုံခြုံရေးအဖွဲ့ဝင်တဦး သေဆုံးမှုဖြစ်ကြောင်း သိရသည်။