တောင်ကိုရီးယားနိုင်ငံနှင့် ဆွေးနွေးရေးလမ်းကြောင်း ဖွင်လှစ်လိုသောအရိပ်အမြွက်များ ဖေါ်ပြခဲ့ပြီး နောက်မှာ နယ်စပ်အရေးပေါ် ဆက်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ထားရန် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း က အမိန့်ပေးလိုက်သည်ဟု ရုပ်သံမှထုတ်ပြန်သော ကြေညာချက်တခုတွင်ဖေါ်ပြထားသည်။
ပြုံယမ်းစံတော်ချိန် ညနေ ၃ နာရီတွင် နှစ်နိုင်ငံခွဲခြား ထိန်းချုပ်ထားသည် ပန်မွန်ဂျုံ့နယ်စပ် ကျေးရွာတွင် ဆက်သွယ်ရေး လမ်းကြောင်းကိုပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံနှင့် ဆွေးနွေးရန်လမ်းဖွင့်ထားကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက သူ၏ နှစ်သစ်ကူး မိန့်ခွန်းတွင်ထည့်သွင်းပြောခဲ့ပြီး ကိုရီးယား ၂ နိုင်ငံတို့သည် စစ်ရေးတင်းမားမှုများကို လျှော့ချကာ ကိုရီးယားကျွန်းဆွယ်ကို ငြိမ်းချမ်းသော ပတ်ဝန်းကျင် တခုဖန်တီးသင့်သည်ဟုလည်းပြောခဲ့သည်။ ထိုသို့လုပ်ရန် တောင်နှင့်မြောက် နှစ်ဖက်လုံးက အားထုတ်သင့်သည်ဟုလည်းသူကဆိုသည်။
ထိုသတင်းစကားကို တောင်ကိုရီးယား သမ္မတရုံးက ကြိုဆိုခဲ့ပြီး ပြန်လည်ပေါင်းစည်းရေးဝန်ကြီးက လာမည့်အပတ်အတွင်း နှစ်နိုင်ငံနယ်စပ် စစ်ရေးကင်းမဲ့ဇုန်တွင် ဆွေးနွေးပွဲကျင်းပမည် သဘောမျိုး ပြောဆိုခဲ့သည်။
ဆွေးနွေးမှုများသည် မြောက်ကိုရီးယား အားကစားသမားများကို တောင်ကိုရီးယားတွင် လာမည့်လတွင် ကျင်းပမည့် ဗြောင်ချန် ဆောင်းရာသီ အိုလံပစ်ပွဲတော်သို့စေလွှတ်ရေးကိုအဓိကထားဆွေးနွေးမည်ဟု အမည်မဖေါ်သည့် မြောက်ကိုရီးယား အရာရှိတဦးက ထုတ်ပြန်သည့် ကြေညာချက်တွင်ဖေါ်ပြထားသည်။
၂၀၁၆ ခုနှစ်က မြောက်ကိုရီးယားနိုင်ငံသားများလုပ်ကိုင်နေသည့် ဖက်စပ် စက်မှုဇုန်ကို တောင်ကိုရီးယားနိုင်ငံက ပိတ်ခဲ့ သည်ကို တုံ့ပြန်သည့်အနေဖြင့် မြောက်ကိုရီးယားသည် ဖေဖေါ်ဝါရီလမှစတင်ကာ ဆက်သွယ်ရေးလမ်းကြောင်း ကိုပိတ်ခဲ့ ရာ ၂ နိုင်ငံဆက်သွယ်မှု ပြတ်တောက်သွားသည်။