အားကစားဝန်ကြီးဟောင်း၏သား ဖြိုးကိုကိုတင့်ဆန်း အမှုနှင့် ပတ်သက်၍ ၎င်းအပါအဝင်လူ ၈ ဦးကို နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့ပြီး တရားလို မှုခင်း ရဲတပ်ဖွဲ့ (CID) က ပို့ကုန်သွင်းကုန် ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေတို့ဖြင့် ထပ်တိုး၍ အရေးယူလိုက်ကြောင်း သတင်းရရှိသည်။
ဖြိုးကိုကိုတင်ဆန်းကို ဒုရဲမှူး မြင့်စိုးက ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် လည်းကောင်း၊ ရဲအုပ်ကျော်ကျော်မိုး က ဖြိုးကိုကိုတင်ဆန်း၊ ရဲမင်းဆွေနှင့် ဇော်မင်းထိုက်တို့ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ ဖြင့် လည်းကောင်း ထပ်မံ တရားစွဲခဲ့ကြောင်း ဒက္ခိဏခရိုင် တရားရုံး ထံမှ သိရသည်။
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့ ညပိုင်းက နေပြည်တော်လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်းနှင့် ACE ဟိုတယ်မှ အခြားအမျိုးသား ၂ ဦးတို့ကို တရားမဝင် လက်နက်များ၊ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိရာမှ စတင် အရေးယူခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် နေပြည်တော်ရှိ ၎င်း၏ ဟိုတယ်၊ ရန်ကုန်မြို့ရှိ ACE ရုံးတို့ကိုပါ ဆက်လက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ လူ ၁၅ ဦးကို ပုဒ်မပေါင်း ၁၇ ခုဖြင့် အရေးယူထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
သို့သော် ၎င်း၏ အမှုတွင် တရားခံပြေးဖြစ်သူ ကျော်ချမ်းငြိမ်းကို မမိသေး၍ တရားရုံး လုပ်ထုံးလုပ်နည်းများအရ တရားခံပြေးကိစ္စကို စတင် စစ်ဆေးရမည်ဖြစ်၍ ဖြိုးကိုကိုတင့်ဆန်း တို့ကို နောက်ပိုင်း ရုံးချိန်းများရောက်မှသာ စတင် စစ်ဆေးနိုင်မည် ဖြစ်ကြောင်း၊ ယခု အမှုမှာ ပုဒ်မများစွာ ရှိနေသဖြင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရုံးထုတ် စစ်ဆေးမည် ဖြစ်ကြောင်း ဒက္ခိဏခရိုင် တရားသူကြီး ဦးလှဝင်းက တရားခွင်တွင် ပြောသည်။
တရားသူကြီး ဦးလှဝင်းက “တရားခံပြေး ကိုကျော်ချမ်းငြိမ်း အမှုကို အရင် စစ်ဆေးရမယ်။ မှုခင်းရဲတပ်ဖွဲ့ကလည်း အစီရင်ခံစာ တင်ထားတာ ရှိတယ်။ မြန်မာနိုင်ငံ လျို့ဝှက်အက်နဲ့ စွဲတာကို နောက်ရုံးချိန်းမှာ တင်မယ်ဆိုရင် CID တင်နိုင်အောင် လုပ်ပေးပါ”ဟု ပြောသည်။
၎င်းတို့ကို နေပြည်တော်တွင် အမှု ၁၀ မှု၊ ရန်ကုန်မြို့တွင် အမှု ၇ မှုစုစုပေါင်း ၁၇ မှုဖြင့်ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး အမှုများထဲတွင် လက်နက်မှု၊ အစိုးရ၏လျို့ဝှက် အက်ဥပဒေ၊ မူးယစ်မှု၊ တရားမဝင်ပစ္စည်း တင်သွင်းသဖြင့် ပို့ကုန်သွင်းကုန် ဥပဒေနှင့် ဆက်သွယ်ရေး ဥပဒေတို့ ပါဝင်ရာ အစိုးရ၏လျို့ဝှက်အက်ဥပဒေဖြင့် အရေးယူခြင်းကို လာမည့်တပတ် ရုံးချိန်းတွင် CID က တင်သွင်းမည်ဟု တရားခွင်မှ သိရသည်။
ယနေ့ ဖြိုးကိုကိုတင့်ဆန်း အပါအဝင် လူ ၈ ဦးကို ဒက္ခိဏခရိုင် တရားရုံးသို့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် စတင် ရုံးထုတ်လာခဲ့ပြီး ၎င်းတို့ကို တင်ဆောင်လာသည့် မော်တော်ကားကို တရားရုံး အနောက်ဘက် အချုပ်ရှိရာသို့ တိုက်ရိုက် မောင်းဝင်ခဲ့သဖြင့် သတင်းဓါတ်ပုံ ရယူရန် မီဒီယာများအတွက် ခက်ခဲမှုများ ရှိခဲ့သည်။
တရားခွင်သို့ ရောက်ရှိလာသူ ဖြိုးကိုကိုတင့်ဆန်းမှာ ကျန်းမာရေး ကောင်းမွန်ပုံရပြီး ၎င်းအပါအဝင် ၈ ဦး စလုံးကို လက်ထိပ်များဖြင့် ရုံးထုတ် စစ်ဆေးခဲ့သည်။
“အခုကရဲကနေပြီး တရားစွဲတင်တာကို လက်ခံတာပဲရှိသေးတယ်။ ပထမရက်က ရာဇဝတ်ကြီးမှု ၅ မှုရယ်၊ တရားခံပြေး၁မှုရယ်၊ ဒီနေ့ရာဇဝတ်ကြီးမှု ၃ မှုရယ် တရားခံပြေးမှု ၁ မှုရယ်ဆိုတော့ အားလုံးရာဇဝတ်ကြီးမှု ၈ မှု၊ တရားခံပြေး ၂ မှုရယ်။ ဒါပဲရှိသေးတယ်။ တရားခံအားလုံး ၈ ဦးကို ညှိစွန်းတဲ့ ပုဒ်မတွေနဲ့ ရဲစစ်ဆေးချက် အရ တရားစွဲတာပဲ။ တရားခံ ပြေးအမှုကို စစ်ပြီးမှ ရာဇဝတ်ကြီး အမှုတွေ ဆက်သွားရမှာပါ” ဟု ဒုတိယ ခရိုင်တရားသူကြီး ဦးခင်မောင်ထွေးက သတင်းထောက်များကို ပြောသည်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က အမှုကြီး ၅ မှုဖြင့် ခရိုင် တရားရုံးသို့ စွဲတင်ခဲ့ရာ ဦးဖြိုးကိုကိုတင့်ဆန်းမှာ အမှုတိုင်းတွင်း ပါဝင်ခဲ့ပြီး ၁၉၃၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ၁၅ / ၁၆ (ဂ) / ၂၁အရ လည်းကောင်း၊ လက်နက်ဥပဒေပုဒ်မ၁၉(က)၊ (စ) အရ လည်းကောင်း၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်ပုဒ်မ ၇ အရ လည်းကောင်း၊ တရားခံပြေးဖြစ်သူ ကျော်ချမ်းငြိမ်းကို လက်နက်ဥပဒေ ၁၉ (စ)၊ ၁၉ (က) ရယ်၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ တရားစွဲဆိုထားကြောင်း သိရသည်။
“ဒီအမှုတွေကို ကျနော်တို့ တရားရုံးကနေပြီး လက်ခံထားတယ်။ ပြီးတော့ ဒီနေ့ကို ရုံးချိန်းပေးလိုက်တယ်။ တရားခံပြေးရှိနေတဲ့အတွက်ဖမ်းဝရမ်း ထုတ်ပြီးတော့ ဖမ်းခိုင်းလိုက်တယ်။ ဒီတပတ်မှာ ဖမ်းဝရမ်း ထုတ်တဲ့ ဖမ်းဝရမ်း အတည်ပြုတဲ့ ရဲနဲ့ ရာအိမ်မှူးနဲ့ကို စစ်လိုက်တယ်။ ရဲအုပ်မြင့်လွင်ဦးနဲ့ ဝရမ်းအတည်ပြုတဲ့ ရာအိမ်မှုး ဦးအောင်ဌေး နောက်ရဲအုပ် လှိုင်မျိုးကျော်တို့ကို စစ်ထားတယ်”ဟု ဒုတိယ ခရိုင် တရားသူကြီးက ပြောသည်။
ဆက်စပ် ဖတ်ရှုရန်
ဖြိုးကိုကိုတင့်ဆန်းအမှု လူ ၁၅ ဦးကို ပုဒ်မ ၁၇ ခု ဖြင့် အရေးယူထားဟုဆို
ဦးဖြိုးကိုကိုတင့်ဆန်း အမှုကြောင့် အတိုင်ပင်ခံ လုံခြုံရေး စိုးရိမ်ကြောင်း သူရ ဦးအောင်ကို ပြော
ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၁၂ ဦးကို မူးယစ် ပုဒ်မ၊ လက်နက် ပုဒ်မ များဖြင့် အမှုဖွင့်ထား