အရှေ့တောင်အာရှရဲ့ နာမည်ကြီး အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Grab Taxi နဲ့ စမတ်ဖုန်းကုမ္ပဏီ Samsung တို့ ပူးပေါင်းပြီး “Grab-A-Note Race” လို့ အမည်ရတဲ့ ပြိုင်ပွဲကြီးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရန်ကုန်မြို့မှာ ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
အဆိုပါ Grab-A-Note ပြိုင်ပွဲကြီးကို Samsung Galaxy Note 8 စမတ်ဖုန်း စတင်မိတ်ဆက်ခြင်း အထိမ်းအမှတ်နဲ့ Grab Application အသုံးပြုပြီး တက္ကစီငှားရမ်းခြင်း အလေ့အထကို ပိုမိုတွင်ကျယ်စေရန် ရည်ရွယ်ချက်နဲ့ ကုမ္ပဏီ ၂ ခု ပူးပေါင်းပြီး စီစဉ်ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။
ပြိုင်ပွဲကို စိတ်ဝင်စားသူများအနေနဲ့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစပြီး ဇန်နဝါရီလ ၇ ရက်နေ့အတွင်း Grab Application အသုံးပြုပြီး Grab Taxi Plus (Beta) တက္ကစီကို အနည်းဆုံး တကြိမ် ငှားရမ်းစီးနင်းရမှာ ဖြစ်ပြီး Grab Beta Taxi ငှားရမ်းတဲ့အခါမှာ “Promo” နေရာမှာ “GRABANOTE” လို့ ရိုက်ထည့်ကာ စီးနင်းရမှာ ဖြစ်ပါတယ်။
အဆိုပါ အဆင့်အတိုင်း Grab Beta Taxi ကို စီးနင်းသူများက Grab-A-Note ပြိုင်ပွဲကြီးအတွက် စာရင်းဝင်သွားမှာဖြစ်ပြီး ပြိုင်ပွဲမှာ စာရင်းဝင်သူများထဲမှ ပါဝင်ယှဉ်ပြိုင်ခွင့်ရသူ ၈ ဦးကို Grab နဲ့ Samsung Myanmar တို့မှ ဇန်နဝါရီလ ၈ ရက်နေ့မှာ မဲနှိုက်ရွေးချယ်ပေးသွားမယ်လို့ သိရပါတယ်။
ရွေးချယ်ခံရတဲ့ ပြိုင်ပွဲဝင်များ အမည်စာရင်းကို Grab နဲ့ Samsung Myanmar တို့ရဲ့ တရားဝင် Facebook စာမျက်နှာများမှတဆင့် ကြေညာပေးသွားမှာ ဖြစ်ပြီး ရွေးချယ်ခံရတဲ့ ပြိုင်ပွဲဝင် ၈ ဦးမှ တဦးချင်းစီက မိမိနဲ့အတူ နောက်ထပ် အဖွဲ့ဝင်တဦးကို ခေါ်ယူနိုင်ပြီး လူ ၂ ဦး ပါဝင်တဲ့ အဖွဲ့တဖွဲ့စီ စုစုပေါင်း ၈ ဖွဲ့ ပြိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။
Grab-A-Note ပြိုင်ပွဲပုံစံကတော့ နာမည်ကြီး “Amazing Race” ရုပ်သံအစီအစဉ်မှ ကစားနည်းအတိုင်း ပြိုင်ပွဲနေ့မှာ Grab Taxi ကို အသုံးပြုပြီး ရန်ကုန်မြို့တွင်းမှာရှိတဲ့ Samsung ဆိုင်ပေါင်း ၆ ဆိုင်ကို သွားရောက်ကာ သဲလွန်စများ ရှာဖွေ ဖြေဆိုရမယ့် ပြိုင်ပွဲဖြစ်ပါတယ်။ နောက်ဆုံး Samsung ဆိုင် တည်ရှိရာကို ပထမဦးဆုံး ရောက်ရှိတဲ့အဖွဲ့က အနိုင်ရရှိမှာ ဖြစ်ပါတယ်။
Grab-A-Note ပြိုင်ပွဲကြီးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့၊ ရန်ကုန်မြို့မှာ စတင်ကျင်းပမှာဖြစ်ပြီး မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ အချိန်ကြာမြင့်မယ့် အဆိုပါ ပွဲစဉ်တခုလုံးကို ပြိုင်ပွဲဝင်များ အသုံးပြုနိုင်ရန် Grab Taxi များ ကူညီပံ့ပိုးပေးထားမယ်လို့ သိရပါတယ်။
Grab-A-Note ပြိုင်ပွဲကြီးမှာ ပါဝင်ဆင်နွှဲနိုင်ရန်အတွက် Grab နဲ့ Samsung Myanmar တို့မှ Grab အသုံးပြုသူများနဲ့ Samsung ပရိသတ်များ အပါအဝင် ရန်ကုန်မြို့ရှိ လူအများကို ဖိတ်ခေါ်သွားမှာဖြစ်ပြီး ပြိုင်ပွဲဝင်များအဖြစ် ယှဉ်ပြိုင်ရန် ရွေးချယ်ခံရသူတိုင်း ငွေကျပ် ၃၀၀၀၀ တန်ဖိုးရှိ Grab Taxi Promotion Code များ ရရှိနိုင်မှာဖြစ်သလို ပြိုင်ပွဲမှာ အနိုင်ရရှိတဲ့အဖွဲ့ကို Samsung Galaxy Note 8 စမတ်ဖုန်း တလုံးစီ ပေးအပ်ချီးမြှင့်သွားမယ်လို့ သိရပါတယ်။
Grab Taxi အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းဟာ ၂၀၁၂ ခုနှစ်၊ မလေးရှားနိုင်ငံမှာ စတင်ခဲ့တာဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံများဖြစ်တဲ့ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံများမှာ လက်ရှိအောင်မြင်စွာ ပြေးဆွဲလျက်ရှိကာ မြန်မာနိုင်ငံကို ၂၀၁၇ ခုနှစ်၊ ဧပြီလအတွင်း စတင် ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
ဆက်စပ်သတင်းလင့်ခ်များ
ဝန်ဆောင်မှုအသစ်များနဲ့အတူ မြန်မာဘာသာစကား ပါဝင်လာတဲ့ Grab Application
Samsung Galaxy Note 8 စမတ်ဖုန်း မြန်မာနိုင်ငံမှာ စတင် ဝယ်ယူနိုင်ပြီ