ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ပတ်သတ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်နေသည့် ပုံစံသည် အဖွဲ့အစည်း ၂ ခုကြား ငြိမ်းချမ်းရေး တည်ဆောက်နေမှုကို ထိခိုက်စေသည်ဟု KIA က ပြောသည်။
၂၀၁၇-၂၀၁၈ နှစ်ကူးကာလအတွင်း ကချင်ပြည်နယ် အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ KIA ကို “အကြမ်းဖက် သောင်းကျန်းသူ” ဟုသုံးနှုန်း၍ လူထုအမြင်မှားစေနိုင်သော သတင်းမှားများကို တပ်မတော်က ထုတ်ပြန် နေခြင်းကို ဆိုလိုခြင်း ဖြစ်သည်ဟု KIA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
ဗိုလ်မှူးကြီးနော်ဘူ က “သူတို့ (တပ်မတော်) က စစ်ဆင်ရေးတွေ မလုပ်သင့်တဲ့ နေရာမှာ လုပ်တာ ငြိမ်းချမ်းရေး ဆွေးနွေးတာကို ထိခိုက်စေပါတယ်။ ဘာမှအကျိုးမရှိဘဲ စစ်ဆင်ရေးလုပ်တယ်။ လုပ်ပြီးမှ သတင်းအမှားတွေကို ပြန်ဖြန့်တာဆိုတော့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ နေရာမှာ ထိခိုက်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
တနိုင်းမြို့နယ်အတွင်း ၂၀၁၇ ခုနှစ်၊ ဇွန်လမှစ၍ တပ်မတော်က တရားမဝင်ပြုလုပ်နေသည့် KIA ၏ ပယင်းနှင့် ရွှေမှော်များကို သိမ်းဆည်းရန် ထိုးစစ်ဆင်ခဲ့ရာ ယနေ့ထိ တိုက်ပွဲများ မကြာခဏဖြစ်ပွားနေဆဲ ဖြစ်ပြီး တနိုင်းမြို့နယ်နှင့် ထိစပ်နေသည့် ဖားကန့်မြို့နယ်အတွင်းတွင်လည်း တပ်မတော်နှင့် KIAအကြား စစ်ရေးတင်းမာလျက် ရှိသည်။
တနိုင်းမြို့နယ်၊ ရှဒူဇွပ်ကျေးရွာရှိ တပ်မတော်၏ နယ်မြေခံနောက်တန်း တပ်ဌာနချုပ်ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် နေ့တွင် KIA ၇၀ ခန့်သည် နံနက် ၆နာရီခွဲခန့်မှ ၁၁ နာရီခွဲခန့်အတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက် တိုက်ခိုက်သဖြင့် တပ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ က ပြန်လည်တိုက်ခိုက်ခဲ့ရကြောင်း၊ စစ်သည် ၂ ဦး ကျဆုံးသွားကြောင်း ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်တွင် တပ်မတော် သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် KIA သည် နောက်တန်းဌာနချုပ်ရှိ မိသားစုဝင်များနှင့် ကလေးငယ်များအား အန္တရာယ်ကြီးစွာ ဖြစ်စေနိုင်သည့် နှောင့်ယှက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများ က နယ်မြေအေးချမ်းစေရေး အတွက် လုံခြုံရေးတိုးမြှင့်လျက်ရှိသည်ဟုလည်း ရေးသားထားသည်။
ဗိုလ်မှူးကြီး နော်ဘူက “တချို့မှန်တဲ့ သတင်းတွေလည်း ပါမှာပါ။ ဒါပေမယ့်အများပိုင်းက သတင်းအမှားတွေ ပဲ ဖြစ်တယ်။ ဥပမာ လီဒိုလမ်းဘက်က ရှထူးဇွပ်တပ်ရင်းနေရာက သတင်းတွေ တနေ့က ထွက်ပါတယ်။ စစ်ဦးစီးချုပ်ရုံးက ထုတ်တာ။ အဲ့တာလည်း တခုမှ မမှန်ဘူး။ မသိတဲ့ လူတွေက သတင်းအမှား ထုတ်တာကို ကြည့်ပြီး KIA/KIO နဲ့ ကချင်တွေ အပေါ်မှာ ယုံကြည်မှု မရှိအောင် အမုန်းတရားတွေ ပွားအောင် လုပ်တဲ့ သဘောမျိုး ဖြစ်ပါတယ်”ဟု ဆိုသည်။
အလားတူ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်း KIA နှင့် TNLA အကြမ်းဖက်သောင်းကျန်းသူများက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နယ်မြေခံ နောက်တန်းတပ်ဌာနချုပ် နှင့် လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်မပေါ်ရှိ လုံခြုံရေးစခန်းများကို တိုက်ခိုက်ခြင်း၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကိုလည်း လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများလည်း ပြုလုပ်ထားသည်ဟု ရေးသားထားသည်။
သို့သော်လည်း ထိုတိုက်ပွဲတွင် KIA မပါဝင်ကြောင်း တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဘက်ကလည်း ထိုပဋိပက္ခအပြီးတွင် သတင်းမီဒီယာများထံ ထုတ်ပြောထားသည်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြုလုပ်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံတွင် နိုင်ငံရေးပါတီကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေးနွေးလျက်ရှိသည့် ကချင် ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) ဥက္ကဌ ဒေါက်တာတူးဂျာကလည်း ပဋိပက္ခဖြစ်ပွားနေသည့် လက်နက်ကိုင် ၂ဖွဲ့အကြား ငြိမ်းချမ်းရေးအမှန်တကယ် ဆောင်ရွက်လိုပါက တဖက်နှင့်တဖက် မနှစ်သက်သည့် စကားလုံးအသုံးအနှုန်းများကို ၂ဖက်လုံးက ရှောင်ရှားသင့်သည်ဟု ပြောသည်။
ဒေါက်တာ တူးဂျာက “စကားအသုံးအနှုန်းက အင်မတန်အရေးကြီးတယ်။ စကားအသုံးအနှုန်းကို မပြောတတ်ရင် ပြဿနာက ဘယ်လိုမှ ရှင်းလို့ မရဘူး။ တဖက်နဲ့တဖက် အပြန်အလှန်လေးစားဖို့ တန်းတူညီမျှမှုမျိုးနဲ့ ပြဿနာကို ပြေလည်စေမယ့် စိတ်ကောင်းစေတနာနဲ့ အများကြီး ဆင်ခြင်ဖို့ လိုတယ်။ စကားလုံးရွေးချယ်တတ်ဖို့ အများကြီး လိုအပ်တယ်”ဟု ပြောသည်။
တပ်မတော်ဘက်မှ အကြမ်းဖက်သောင်းကျန်းသူဟု ရေးသားခေါ်ဆိုသည့် အသုံးအနှုန်းနှင့် ပတ်သတ်၍ တိုင်းရင်းသား အဖွဲ့အစည်း နှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများအကြား ဝေဖန်သုံးသပ်မှုများ ရှိခဲ့ပြီး ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အတွင်း အင်အားအကြီးဆုံးဖြစ်သည့် “ဝ”ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)ကလည်း ထိုသို့ ခေါ်ဆိုခြင်းကို ကန့်ကွက်ကြောင်း ပြောဆိုထားသည်။
ဗိုလ်မှူးကြီးနော်ဘူ က “သောင်းကျန်းသူဆိုတဲ့ အပိုင်းက ပြည်သူလူထုရဲ့ အိမ်တွေ၊ ခြံတွေ၊ လယ်တွေ လူထုရှိတဲ့ နေရာ ဥပမာ ဘုရားကျောင်းတု့ိ ဘုန်းကြီးကျောင်းတို့ဆိုတဲ့ နေရာမှာ တိုက်ခိုက်လာရင်တော့ သောင်းကျန်းသူ သူပုန်တွေ အကြမ်းဖက် သမားတွေ ဖြစ်မှာပေါ့ ။ အခုတော့ စစ်တပ်ရှိတဲ့နေရာမှာ စစ်တပ်အချင်းချင်း လာတိုက်တာကတော့ ဒါက သောင်းကျန်းသူ မဟုတ်ဘူးလို့ ကျနော် ပြောလိုပါတယ်” ဟု ပြောသည်။
ဒီဇင်ဘာလ ၃၀ ရက်က ရှထူးဇွပ်ကျေးရွာ အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံ ၆၀ကျော်မှာ ထွက်ပြေးခဲ့ရပြီး ဘုရားကျောင်းများတွင် ၂ ရက်ခန့် ခိုလှုံနေခဲ့ရသည်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့တွင် တိုက်ပွဲများ ငြိမ်သွားသဖြင့် ဒေသခံများကနေအိမ်များသို့ ပြန်သွားကြပြီ ဖြစ်သော်လည်း ကျေးရွာအပြင်ဘက်တွင် စစ်ရေး တင်းမာနေသည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် လယ်ယာလုပ်ငန်းခွင်များကို ယနေ့ထိ သွားလာ လုပ်ကိုင်ကြခြင်း မရှိပါဟု ရှထူးဇွပ်ကျေးရွာဒေသခံများနှင့် ဘာသာရေးဆရာများက ပြောသည်။
အထက်ပါ သတင်းအချက်အလက်များနှင့် ပတ်သတ်၍ သဘောထားမှတ်ချက်များ တောင်းခံရန် ဧရာဝတီက တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူများနှင့် ငြိမ်းချမ်းရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း မရပါ။