မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းများ ကျစေလိုလျှင် အိမ်တိုင်းတွင် ဟင်းတမယ်သာ စားပါက ကုန်ဈေးနှုန်းများ ထိုးကျ သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၃ ရက်နေ့က သထုံမြို့ရှိ သုဝဏ္ဏခန်းမတွင် ကျင်းပခဲ့သည့် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် သထုံံမြို့နယ်ရှိ ဒေသခံ ပြည်သူလူထုတို့ တွေ့ဆုံပွဲ၌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။
“ဒီနေ့ ရင်ဆိုင်နေရတဲ့ စားကုန်ဈေးနှုန်းဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ဈေးနှုန်းတွေနဲ့ အထွေထွေ ပစ္စည်းဈေးနှုန်းတွေ သင့်သင့်မျှတအောင် ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲ ကျနော် သိချင်ပါတယ်”ဟု သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်မှ ဦးအေးမြင့်၏ မေးမြန်းချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “ကျနော်တို့ နိုင်ငံလည်း ဆင်းရဲတယ်၊ ဟင်းတမယ်ပဲ စားကြရမယ်၊ လက်ဖက်ရည်ဆိုင်လည်း မထိုင်ရဘူး၊ ဟင်းတမယ်ပဲ အိမ်မှာ ချက်စားကြမယ်ဆိုရင် ကုန်ဈေးနှုန်းက မကျဘူးလား၊ ‘ကျတာပေါ့’ ။အေး၊ ကျရင် အဲဒါ အကောင်းဆုံးပေါ့၊ အဲဒါကို ခင်ဗျား ဥပဒေထုတ်လို့ရမလား” ဟု တုန့်ပြန် ပြောဆိုခဲ့သည်။
“အဲဒီတော့ ကုန်ဈေးနှုန်းကျချင်ရင်လည်း လွယ်ပါတယ်၊ ဟုတ်တယ်မဟုတ်လား၊ အလှူတွေ မလုပ်နဲ့ဗျာ၊ ဟင်းတမျိုးပဲချမယ်၊ အလှူမှာ ဟင်း ၁၀ မျိုးရှိတယ်၊ တမျိုးပဲလုပ် ပြီးရောပေါ့၊ ဟုတ်တယ်မဟုတ်လား၊ လွယ်လွယ်လေးပါ ကုန်ဈေးနှုန်းကျဖို့ဆိုတာ”ဟု ၎င်း ဆက်လက်ပြောဆိုသည်။
ထို့ပြင် ပြည်သူများအနေဖြင့် အစားချွေတာစား၍ ရင်းနှီးမြှုပ်နှံမှုကို များများထည့်ရမည်ဖြစ်ကြောင်း၊ မြေကွက်လွတ်ရှိပါက စိုက်ပျိုးရေး လုပ်သင့်ကြောင်း၊ အင်္ဂလန်နိုင်ငံနှင့် ရုရှားနိုင်ငံများတွင် စစ်ပြီးကာလ၌ လူတဦးလျှင် ဟင်းတမယ်နှင့် ထမင်းသာ စားကြရကြောင်း ခြိုးခြံချွေတာပုံကို ဥပမာပေး၍ မြန်မာနိုင်ငံတွင်လည်း ထိုသို့ကျင့်သုံးပါက ကုန်ဈေးနှုန်း ကျမည်ဟု ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။
“ကျနော်တို့ ငယ်ငယ်တုန်းက မူလတန်းကျောင်းတိုင်း၊ ကျောင်းတိုင်းမှာလေ ကလေးတွေက ရေပေးရတယ်၊ မုန်လာတို့ ချဉ်ပေါင်၊ ရုံးပတီသီး၊ ဘူးသီးတို့ စိုက်စားရတယ်”ဟု မြေကွက်လွတ်တွင် စိုက်ပျိုးရေးလုပ်ရန် ၎င်းက ဥပမာပေး ထပ်မံပြောဆိုသည်။
ယခင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်တွင်လည်း လယ်/ဆည် ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်က လယ်သမားများကို “ထမင်းတနပ်လျှော့စား အကြွေးကျေလိမ့်မယ်”ဟု ပြောဆိုခဲ့သဖြင့် “တနပ်စား မြင့်လှိုင်” ဟု အမည်ပြောင် ပေးခံရဖူးသည်။