သတင်း

ပြည်သူ့ လွှတ်တော်အမတ် တဦး ယာဉ်တိုက်မှု တဦးသေဆုံး

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်ဝင်းမြင့် သည် ဇန်နဝါရီ ၄ ရက်နေ့ မနက်ပိုင်းက လူတဦးသေဆုံးခဲ့သော ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမှုဖွင့်ခံထားရကြောင်း ရဲတပ်ဖွဲ့နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီတို့ထံမှ သိရသည်။

ယနေ့ ကျရောက်သော နှစ် (၇၀) မြောက် လွတ်လပ်ရေးနေ့ အသွား လမ်းခရီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် လက်ပန်လှ ရဲကင်စခန်း က ဒေါက်တာ ဇော်ဝင်းမြင့် ကို ယာဉ်တိုက်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

စဉ့်ကူးမြို့နယ် NLD ဥက္ကဋ္ဌ ဦးစန်းဦးမောင် က “ဒီကနေ့မနက် သူ့နေအိမ်ကနေ စဉ့်ကူး လွတ်လပ်ရေးနေ့ အခမ်းအနားကို တက်ရောက်ဖို့ ထွက်လာတာပါ။ ၇ နာရီခွဲလောက်မှာ မင်းကြီးကုန်း ကျေးရွာနဲ့ လက်ပံလှ ဓာတ်အားခွဲရုံကြားမှာ ချိုင့်ခွက်ကို ရှောင်ရင်း ကြံခုတ်ပြီးပြန်လာတဲ့ ကိုနိုင်ဝင်းတို့ သားအဖ မောင်းလာတဲ့ ဆိုင်ကယ်နဲ့ တိုက်မှုဖြစ်ခဲ့တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် စဉ်ကူးမြို့နယ် ကြက်ဖြူတောင်ကုန်း ကျေးရွာနေ ဆိုင်ကယ်မောင်းနှင်သူ မောင်ကောင်းထက် (ခ ) ကောင်းကောင်း ၁၆ နှစ် (ဘ) ဦးနိုင်ဝင်း မှာ နဖူး မေးစေ့ အပေါ်နှုတ်ခမ်း ပေါက်ပြဲဒဏ်ရာ ယာလက်ပွန်းပဲ့ဒဏ်ရာတို့ ရရှိခဲ့ရာ ဒဏ်ရာပြင်းထန်သဖြင့် လက်ပံလှဆေးရုံမှ မန္တလေးဆေးရုံကြီးသို့ လွဲပြောင်းပေးခဲ့ပြီး အတွင်းလူနာ (စိုးရိမ်ရ) အဖြစ် ကုသမှု ခံယူနေရကြောင်း ရဲမှတ်တမ်းများ အရသိရသည်။

ထို့အပြင် ဆိုင်ကယ်နောက်မှ ထိုင်၍လိုက်ပါလာသူ ဦးနိုင်ဝင်း ၅၂ နှစ် (ဘ) ဦးတင်ငွေမှာ မေးစေ့ ဝဲဖနောင့် ပေါက်ပြဲဒဏ်ရာ ရင်ဘတ် ဖူးယောင်ဒဏ်ရာတို့ ရရှိခဲ့ပြီး အခင်းဖြစ်ပွားသည့်နေရာမှာပင် အသက်သေဆုံးခဲ့ကြောင်း သိရသည်။

“ကောင်းကောင်း ကတော့ အရွတ်တွေ အကြောတွေ ထိခိုက်သွားလို့ မန္တလေးဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသနေပါတယ်။ သူ့အဖေကတော့ နေရာမှာပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ဆရာ ဦးဇော်ဝင်းမြင့် အနေနဲ့ အတတ်နိုင်ဆုံး ကူညီလုပ်ဆောင် ပေးခဲ့ပါတယ်။ သေဆုံးသူကို ဆေးရုံမှာ ရင်ခွဲစစ်ဆေးချက်တွေ ယူပြီးတော့ နံနက် ၁၁ နာရီလောက်မှာ အလောင်း ပြန်ထုတ် ပေးခဲ့လို့ ဒီနေ့ နေ့လယ်၂ နာရီက သဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်” ဟု စဉ့်ကူးမြို့နယ် NLD ဥက္ကဋ္ဌ ဦးစန်းဦးမောင် က ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ဒေါက်တာ ဇော်ဝင်းမြင့်နှင့် ကောင်းထက်တို့ ၂ ဦးအား  အသက် သေဆုံးခြင်းနှင့် ပြင်းထန်ထိခိုက်ဒဏ်ရာ ရရှိသည်အထိ ယာဉ် မဆင်မခြင် မောင်းနှင်ကြမှုဖြင့် လက်ပန်လှ ရဲကင်းစခခန်းတွင် ယာဉ် (ပ) ၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

“ဒါကတော့ မတော်တဆဖြစ်ကြတာပါ။ သို့သော် ကျနော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဥပဒေအထက်မှာ ရှိတဲ့ ပါတီ မဟုတ်ပါဘူး။ ဆရာ (ဒေါက်တာ ဇော်ဝင်းမြင့်) ကလည်း သူကိုယ်တိုင် ဖြစ်တဲ့အတွက် ဥပဒေအတိုင်း ဖြေရှင်းမယ်လို့ ပြောပါတယ်။ ပါတီအနေနဲ့ ကတော့ ဥပဒေဘောင် အတွင်းကနေပဲ အကူအညီပေးနိုင်တာမှန်သမျှ ပေးသွားဖို့ပဲရှိပါတယ်။ ပြည်သူတွေနဲ့အတူ ဥပဒေ အတိုင်းသာ ဖြစ်စေချင်ပါတယ်” ဟု စဉ့်ကူးမြို့နယ် NLD ဥက္ကဌဋ္ဌ ဦးစန်းဦးမောင် က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading