မွန်ပြည်နယ် အစိုးရအနေဖြင့် ကောင်းမွန်သော အုပ်ချုပ်ရေး တရပ်ဖြစ်လာစေရန် ကြိုးစားနေသော်လည်း ၎င်းတို့၏ ပြည်နယ် အစိုးရ အဖွဲ့အတွင်း နေရာအချို့တွင် အဂတိလိုက်စားမှုများ ရှိနေသည်ကို ဝန်ခံကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ က ထုတ်ဖော် ပြောဆိုလိုက်သည်။
မွန်ပြည်နယ်၊ သထုံမြို့ သုဝဏ္ဏခန်းမတွင် ဇန်နဝါရီလ ၃ ရက်နေ့က မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်သူလူထု တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး ထိုပွဲတွင် ပြောကြားခဲ့သော မိန့်ခွန်းတွင် ဒေါက်တာအေးဇံ က ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ဒေါက်တာအေးဇံ က “တချို့နေရာတွေမှာ ကျနော်တို့အနေနဲ့ ဝန်ခံရမှာဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဖြစ်အောင် ကြိုးစား နေပါတယ် ဆိုတဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ တချို့နေရာတွေမှာ အဂတိလိုက်စားမှုရှိပါတယ်။ ကျနော်ဝန်ခံပါတယ်” ဟု ၎င်းက ပြောဆိုခဲ့သည်။
လာဘ်ပေးသူများသည် ၎င်းတို့လုပ်ငန်းများအတွက် အချိန်တိုအတွင်း အမြန်ရစေလိုသည့် ဆန္ဒဖြင့် လုပ်ဆောင်နေသည့် ဖြစ်ရပ်များ တွေ့ရှိရပြီး ထိုကဲ့သို့ လာဘ်မပေးလျင် ၎င်းတို့၏ လုပ်ငန်းများကို လုပ်ဆောင်ပေးလိမ့်မည် မဟုတ်ဟု ဆိုသည့် စိုးရိမ်ပူပန်မှုများမှ တဆင့် ယင်းသို့ လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် က ပြောသည်။
“အဂတိလိုက်စားမှု ဆိုတာမျိုးကတော့ သိတဲ့အတိုင်းပါပဲ၊ ပေးတဲ့သူကလည်းပေးတယ်။ အဲတော့ ပေးသူ၊ ယူသူ နှစ်ဦးစလုံးအပေါ်မှာ တာဝန်ရှိပါတယ်” ဟု ဒေါက်တာအေးဇံ က ပြောသည်။
ယင်းသို့ အခြေအနေမျိုး ရှိနေသော်လည်း မွန်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ကောင်းမွန်သော အစိုးရ၊ သန့်ရှင်းသော အစိုးရဖြစ်ရန် စည်းကမ်း၊ နည်းလမ်းများနှင့် သေသေခြာခြာဆောင်ရွက်နေကြောင်းဟုလည်း ဆိုသည်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံ သည် ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ် (၂ ) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်ခဲ့ပြီး၊ ၂၀၁၇ ဖေဖော်ဝါရီလ အတွင်း နှုတ်ထွက်သွားသည့် ယခင်မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦး နေရာတွင် အစားထိုး ခန့်အပ်ခြင်း ခံခဲ့ရသူ ဖြစ်သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ၏ ထုတ်ပြန်ချက်အရ ၎င်းတို့ရုံး စတင်ဖွင့်လှစ်သည့် ၁၀ – ၃ – ၂၀၁၄ ခုနှစ်မှ စတင်၍ ၃၀ – ၁၁ – ၂၀၁၇ ရက်နေ့အထိ တိုင်းနှင့် ပြည်နယ် အသီးသီးမှ ကော်မရှင် အဖွဲ့ထံ လိပ်မူပေးပို့သည့် တိုင်ကြားစာနှင့် မိတ္တူပေးပို့သည့် တိုင်ကြားစာ စုစုပေါင်း ၄၅၁၆ စောင် လက်ခံရရှိထားသည့်အနက် မွန်ပြည်နယ်မှ တိုင်ကြားစာ ၂၂၀ ပါဝင်သည်ကို တွေ့ရသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကန်တာယာဉ်တိမ်းမှောက်မှုနှင့် စပ်လျဉ်း၍ အမှုစစ် အရာရှိ ရဲအုပ် တဦးကို ငွေတောင်းခံခြင်းနှင့် မတရားအမှုဆင် တရားစွဲဆိုခြင်းပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေး ခဲ့ပြီး ပြစ်မှု ထင်ရှားသဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ထဲတွင် အဆိုပါ ရဲအုပ်ကို အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်ချမှတ် ခဲ့သည်။