မြန်မာ့တပ်မတော်နှင့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ကြား စစ်ရေး တင်းမာနေခြင်းကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နှင့် မိုင်းငေါ့မြို့နယ်ခွဲသို့ တိုက်ပွဲရှောင်လာသူ ၁၂၀၀ ကျော်လာခဲ့ပြီ ဖြစ်သည်။
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နှင့် နမ့်ဆန်မြို့နယ်အကြား တပ်မတော် နှင့် TNLA ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ယနေ့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်ထိ စစ်ရေး တင်းမာနေရာ အနီးအနားရှိ ကျေးရွာများမှ ဒေသခံ ၁၂၀၀ ကျော် ကျောက်မဲမြို့နှင့် မိုင်းငေါ့မြို့နယ်ခွဲသို့ စစ်ရှောင်လာခဲ့ကြသည်။
ကျောက်မဲမြို့ လူမှုရေးအသင်းမှ ကိုသားဇော်က ” ကျောက်မဲမြို့ စစ်ရှောင်ကော်မတီ အပါအဝင် အနီးအနားက လားရှိုး၊ နမ့်ဆန်၊ ကွတ်ခိုင်ဘက်က လူမှုရေးအသင်း အဖွဲ့တွေကလည်း လာလှူဒါန်းကြတယ်။ ဒါပေမယ့် ဘယ်နှရက် နေမယ်၊ ဘယ်အချိန် ပြန်ရမယ် မသိရသေးတော့ လိုအပ်ချက်တွေ ဘာတွေ ရှိလာမလဲ မပြောတတ်သေးဘူး”ဟု ပြောသည်။
တိုက်ပွဲ ရှောင်လာခဲ့ကြသော ကျေးရွာများမှာ ကျောက်မဲမြို့နယ်၊ အာပြောင်ကျေးရွာမှ ဒေသခံများ အပါအဝင် နမ့်ဆန်မြို့နယ်ရှိ ကျောက်ဖြူကျေးရွာနှင့် ကြက်သေကျေးရွာမှ ဒေသခံ စုစုပေါင်း ၁၂၀၀ ကျော် ဖြစ်ကြောင်း ၎င်းက ပြောသည်။
” ကျနော်တို့ အိမ်ထောင်စု ၃၀၀ ကျော်လောက်ကို ထောက်ပံ့ရေး ပစ္စည်း ၉ မျိုး ထောက်ပံ့ပေးထားတယ်။ ဆန် ၇ ရက်စာဖိုး ထောက်ပံ့ပေးထားတယ်။ ပစ္စည်း ၉ မျိုးမှာ ကျား/မ ထဘီနဲ့ လုံကြီးပေါ့။ ဆပ်ပြာ၊ ဒန်းအို၊ ဒန်ခွက်၊ စောင်၊ စလုံ၊ တဘက်၊ ဆန် စသဖြင့်ပေါ့။ အရင်က တိုက်ပွဲရှောင်တွေ မရှိတော့ပါဘူး။ ဒါက အသစ်ရောက် လာတဲ့ တိုက်ပွဲရှောင်တွေပါ”ဟု ကျောက်မဲမြို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ကိုအောင်ကျော်မိုးက ပြောသည်။
တိုက်ပွဲရှောင်များကို ကျောက်မဲမြို့ ၈ ရပ်ကွက်ရှိ သန္တိသုခဓမ္မာရုံ(ဘိုးသာအောင် ဓမ္မရုံ)တွင် ကျား ၁၂၃ ဦး၊ မ ၁၇၇ ဦး၊ပေါင်း ၃၀၀ ဦး(အိမ်ထောင်စု ၇၀ စု)၊ ၈ ရပ်ကွက် အောင်မင်္ဂလာ ကျောင်းတိုက်တွင် ကျား ၉၂ ဦး၊ မ ၁၃၁ ဦး၊ ပေါင်း ၂၂၃ ဦး(အိမ်ထောင်စု ၅၁ စု)၊ ၇ ရပ်ကွက် ဝါဆိုကျောင်း ကျား ၆၈ ဦး၊ မ ၁၃၅ ဦး၊ ပေါင်း ၂၂၁ ဦး (အိမ်ထောင်စု ၆၈ စု)တို့ကို နေရာ ချထားပေးထားကြောင်း ကျောက်မဲမြို့ရှိ လူမှုရေးအသင်းများထံမှ သိရ သည်။
ထို့ပြင် ကျောက်မဲနှင့် ၃၂ မိုင်ခန့် အကွာအဝေးရှိ မိုင်းငေါ့မြို့နယ်ခွဲရှိ မဟာမြတ်မုနိဘုရားတွင် ကျား ၆၉ ဦး၊ မ ၁၁၂ ဦး၊ ပေါင်း ၁၈၁ ဦး(အိမ်ထောင်စု ၄၇ စု)၊ သီရိမင်္ဂလာဓမ္မာရုံတွင် ကျား ၁၃ ဦး၊ မ ၂၇ ဦး၊ ပေါင်း ၄၀ ဦး (အိမ်ထောင်စု ၁၃ စု)တို့ကို နေရာ ချထားပေးထားသကဲ့သို့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့က ရောက်ရှိလာ သော ကိုင်တိုင်ကျေးရွာမှ ဒေသခံ ၃၀၀ ကျော်ကိုလည်း နေရာချပေးထားကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲရှောင် ပြည်သူများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက အိမ်သုံး ပစ္စည်း ၉ မျိုးနှင့် အိမ်ထောင်စု ၃၀၀ ကျော်အတွက် ဆန် ၇ ရက်စာ ထောက်ပံ့ပေးထားသကဲ့သို့ မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း(ကျောက်မဲ)က အိမ်ထောင်စုအလိုက် ခြုံစောင်များနှင့် ကိုယ်ဝန်ဆောင် မိခင်များ အတွက် အရေးပေါ် ကလေးမီးဖွားအိတ်များ အပါအဝင် ပစ္စည်း ၁၀ မျိုး ထောက်ပံ့ပေးထားကြောင်း ကျောက်မဲ မြို့ လူမှုရေးအသင်းမှ ကိုသားဇော်က ပြောသည်။
” ကျောက်မဲနဲ့ နမ့်ဆန် Border မှာ ၂၈ ရက်က သူတို့ ထိတွေ့မှု ဖြစ်တယ်။ TNLA နဲ့ တပ်မတော်နဲ့ ဖြစ်တာ။ အခုထိ စစ်ရေး တင်းမာနေကြတယ်။ နှစ်ဖက်စလုံးက နောက်မဆုတ်ကြဘူး။ လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားမှု မရှိဘူး။ ဒါပေမယ့် အချိန်မရွေး ဖြစ်နိုင်တယ်ဆိုပြီးတော့ ဒေသခံတွေက တိုက်ပွဲရှောင်လာခဲ့ကြတာ။ တိုက်ပွဲ ဖြစ်ရင် ရှောင်နိုင်မှာ မဟုတ်ဘူးဆိုပြီးတော့ မဖြစ်သေးခင်မှာပဲ ကျောက်မဲဘက်ကို ထွက်ပြေး တိမ်းရှောင်လာ ခဲ့ကြတာ”ဟု ၎င်းက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA နှင့် တပ်မတော်ကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး ဒေသခံများ လည်း မကြာခဏ ထွက်ပြေး တိမ်းရှောင်နေကြရသည်။
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကျောက်ဖြူလေးကျေးရွာ အုပ်စု ဒို့လွေရွာအနီး နံနက် ၇ နာရီ ၂၅ မိနစ်မှ ၉ နာရီ ၄၅ မိနစ်အထိ TNLA နှင့် တပ်မတော်ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ခဲ့သည်။
အလားတူ ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်းမှာလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် မြန်မာ့တပ်မတော် ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ရက္ခိုင့်တပ်မတော်(AA)နှင့် တပ်မတော်ကြား တိုက်ပွဲကြောင့် ကုန်းပြင်ကျေးရွာမှ ဒေသခံ ၃၃၄ ဦး ရှင်းလက်ဝ ကျေးရွာသို့ တိုက်ပွဲ ရှောင်နေကြရသည်။
ထို့ပြင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်မှာလည်း တိုက်ပွဲရှောင် ၁၀၀၀ ကျော် အကူအညီများ လိုအပ်နေ ကြောင်း သိရသည်။