မကွေးတိုင်းဒေသကြီး အတွင်း ခွေးများကို ဂျင်ကလိဖြင့် ပစ်ခတ်ဖမ်းဆီးသူများကို ရဲတပ်ဖွဲ့ထံ အပ်နှံ၍ အရေးယူ ဆောင်ရွက်နိုင်ရေး အတွက် ထိုသူများတွေ့ရှိလျင် အကြောင်းကြားပေးရန် မကွေးမြို့ အခြေစိုက် အဖြူရောင်နှလုံးသား တိရစ္ဆာန် ကယ်ဆယ်ရေးနှင့် စောင့်လျှောက်ရေး ဂေဟာ (‘White Heart’ Animal Rescue and Shelter)က ဆုငွေ ကျပ် ၁ သိန်းထုတ်၍ ဆော်သြထားသည်ကို တွေ့ရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ပိုင်ရှင်ရှိ အိမ်မွေးခွေးတချို့အပါအဝင် လမ်းဘေး လေလွင့်ခွေးများအား ၂၀၁၇ ဒီဇင်ဘာ လလယ်ပိုင်း လောက်က စ၍ ဂျင်ကလိဖြင့် ပစ်ခတ်ဖမ်းဆီးပြီး ဆတ်သား၊ ဂျီသားဒိုင်များ အဖြစ် စီးပွားဖြစ်ရောင်းချနေကြကြောင်း ထို့ကြောင့် သတင်းပေးရန် ဆုငွေ ထုတ်ခြင်းဖြစ်ကြောင်း ‘White Heart’ Animal Rescue and Shelter တည်ထောင်သူ ဒေါ်မေသဇင် က ပြောသည်။
ဒေါ်မေသဇင် က “သူတပါးတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကျွေးမွေးစောင့်ရှောက်ထားတဲ့ ခွေးဝဝ တုတ်တုတ်လေးတွေကို လက်လွတ်စပယ် ဖမ်းပြီး တရားဥပဒေမဲ့ ဒီလို ဆတ်သားခြောက် လုပ်တယ်ဆိုတာက ကျမတို့ တိရစ္ဆာန်ချစ်သူတွေရဲ့ နှလုံးသားကို နင်းခြေရုံတင်မက စားသုံးသူတွေ ကိုလည်း လိမ်ညာတာပါ။ ဒါကြောင့် အဖွဲ့တဖွဲ့ကို ထိရောက်စွာသက်သေပြနိုင်ရင် တသိန်းပေးမယ်ဆိုတာ ကျမဝေါလ်မှာ တင်ထားတာ။ သက်သေ အထောက် အထား ရပြီဆို အရင်ဆုံးရဲလက်ကိုအပ်နှံမှာ” ဟု ဧရာဝတီသို့ ပြောသည်။
ခွေးများအား ပစ်ခတ်ဖမ်းဆီးနေခြင်းမှာ ရွှေစက်တော်ဘုရားပွဲတွင် ဆတ်သားခြောက်၊ ဂျီသားခြောက်များအဖြစ် ရောင်းချရန် အဖွဲ့လိုက် စနစ်တကျ ပြုလုပ်နေခြင်းဖြစ်ပြီး ယင်းသို့ ပြုလုပ်နေသည်မှာ ဆယ်စုနှစ် တခုခန့် ရှိနေပြီ ဖြစ်ကြောင်း White Heart’ Animal Rescue and Shelter အဖွဲ့က ဆိုသည်။
ခွေးများကို သတ်ဖြတ်ကာ ဆတ်သားခြောက် ဂျီသားခြောက် ဒိုင်များထံ သွင်းနေသူများကို သတင်းပေးလျှင် သော်လည်းကောင်း၊ ပစ်ခတ် သတ်ဖြတ်နေသူများကို ဓာတ်ပုံရိုက်၍ ပြနိုင်လျှင်သော်လည်းကောင်း ‘White Heart’ Animal Rescue and Shelter ဆုငွေ ၁ သိန်း ပေးမည်ဖြစ်သည်ဟု သိရသည်။
“အုပ်ချုပ်ရေး ယန္တရားရော အာဏာပိုင် အဖွဲ့အစည်း ဘက်ကရော ကျမတို့ကို ထိထိရောက်ရောက် ပံ့ပိုးပေးမှု မရှိတဲ့အတွက် ဒီတိုင်း လက်ပိုက် ကြည့်နေခဲ့ရတယ်။ နှစ်တိုင်းလည်း ဒီလိုပြဿနာမျိုးတွေ ရင်ဆိုင်ခဲ့ရပေမယ့် လူတွေက သတိမပြုမိကြဘူး” ဟု ဒေါ်မေသဇင် က ဆိုသည်။
ခွေးဖမ်းသူများသည် ယခင်က ကျော့ကွင်း၊ ဓား၊ မြားတို့ကို အသုံးပြု ဖမ်းဆီးခဲ့ကြပြီး ယခုအခါ ဂျင်ကလိကို ပြောင်းလည်း အသုံးပြု လာကြောင်းနှင့် ထိုဂျင်ကလိသည် လူကိုထိမှန်ပါကလည်း အသက်အန္တရာယ်ပင် ထိခိုက်နိုင်သဖြင့် အများပြည်သူ အနေဖြင့် လျစ်လျူရှု မနေသင့်ကြောင်း ‘White Heart’ Animal Rescue and Shelter က တိုက်တွန်းသည်။
‘White Heart’ Animal Rescue and Shelter အဖွဲ့အနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ ခုနှစ် နှစ်ကူးပိုင်း ကာလအတွင်း ဂျင်ကလိဖြင့် အပစ်ခတ်ခြင်းခံရသည့် ခွေးအကောင်ရေ ၁၀၀ ကျော်အနက် ၂ ကောင်ကိုသာ ကူညီကယ်ဆယ် နိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ ဖြစ်ရပ်များနှင့်ပတ်သက်၍ ဂျင်ကလိလက်နက် အပါအဝင် ခွေးများ ပစ်ခတ်ခံရသည့် သက်သေခံပစ္စည်းများနှင့် အတ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က မကွေးမြို့ အမှတ်(၁) ရဲစခန်းတွင် White Heart Animal Rescue and Shelter အဖွဲ့၏ နာယက ဒေါ်ထက်ထက်လှိုင် က အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။
ဒေါ်ထက်ထက်လှိုင် က “တိရစ္ဆာန် တခုတည်းနဲ့ကျတော့ ဆွဲလို့မရဘူးပြောလို့ ဖြစ်နိုင်ခြေရှိမယ့်ဟာနဲ့ အမှုသွားဖွင့်ထားတယ်။ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး ဒါကလူထိလိုက်ရင်လည်း မလွယ်ဘူးလေ။ ထိခိုက်နာကျင်စေမှုနဲ့ရော ရလား။ အဖွဲ့အစည်းလိုက် ရမ်းကားတာဆိုတော့ အဲဒါလေးတွေပါ ထည့်ပြီးဆွဲပေးဖို့ ပြောထားတယ်။ သက်ဆိုင်ရာ ရဲဌာနကတော့ ပစ်ခတ်မှုဖြစ်တဲ့နားတဝိုက်ကို စောင့်ကြည့်ပေးပါမယ်လို့ ပြောတယ်။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ စုံစမ်းလို့ရသမျှ စုံစမ်းနေတာလည်းရှိပါတယ်” ဟု ရှင်းပြသည်။
အများပြည်သူအနေဖြင့်လည်း ကျော့ကွင်းမိ၊ ဓားခုတ်၊ ဂျင်ကလိပစ်ခံရ၊ တုတ်ဖြင့်အရိုက်ခံရ၊ ကားတိုက်ခံရသည့် ခွေးများကိုတွေ့ရှိပါက ဖုန်းနံပါတ် ၀၉၉၇၁၄၈၅၉၈၈ ကိုဆက်သွယ်၍ အကူအညီ တောင်းခံနိုင်ကြောင်း၊ ငွေကြေး တစုံတရာ တောင်းခံခြင်းမရှိဘဲ ဒုက္ခရောက်နေသည့် ခွေးများကို ဖုန်းဆက်လိုက်ရုံဖြင့် လာရောက်ကူညီမည် ဖြစ်သည်ဟု ဆိုသည်။
ထိုကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့်လည်း ခွေးများကို ပစ်ခတ်ဖမ်းဆီးနေသည့် အဖွဲ့များကို ဖော်ထုတ်၍ မည်ကဲ့သို့ ကိုင်တွယ် ဆောင်ရွက်နေသည် ဆိုသည်ကို ပြည်သူလူထုသိစေရန် ထုတ်ပြန်ကြေညာပေးစေလိုကြောင်း White Heart Animal Rescue and Shelter အဖွဲ့က ပြောဆိုသည်။
ဒေါ်မေသဇင် က “ဆတ်သားတွေ၊ ဂျီသားတွေဆိုတာ ကျမတို့ မကွေးတိုင်းမှာ အကောင်တွေ မရှိတော့ပါဘူး။ မျိုးသုဉ်းနေပါပြီ။ ခွေးသားတွေ ကိုပဲ ဒီလိုမျိုး နာမည်မျိုးစုံတပ်ပြီး ရောင်းစားနေတာ။ ဒီအချက်အလက်တွေက လိမ်လို့မရပါဘူး။ အမှန်တကယ် တောလည်းမရှိတော့ဘူး။ ဒီလို အကောင် တွေလည်း မရှိတော့ဘူးဆိုတော့ စားသုံးသူတွေအတွက်ဒီလောက် ပမာဏရအောင် ဒီအသားတွေ ဘယ်ကရသလဲ စဉ်းစား ကြည့်ပါ” ဟု ထောက်ပြသည်။
မကွေးမြို့ဒေသခံ တဦးဖြစ်သူ ကိုအိုလာ ကလည်း “တော်တော်ထူးဆန်းပါတယ်။ ကျနော့်အမြင်ကတော့ ရွှေစက်တော် ဘုရားပွဲမှာ ဆတ်သားခြောက်တို့ ဂျီသားခြောက်တို့ လိမ်ရောင်းဖို့ ဒီခွေးတွေကို ဖမ်းသတ်တယ်လို့ မြင်တယ်။ တိတိကျကျတော့ မပြောနိုင်ဘူး။ ထင်တာပေါ့လေ။ အဓိက က မစဉ်းစား မဆင်ခြင်ဘဲ ဝယ်ယူ စားသောက်တာတွေ ရှိလို့ ဒီလိုလိုက်သတ်တာတွေ ရှိလာတယ်လို့ ယူဆရတယ်” ဟု ဧရာဝတီသို့ သည်။
‘White Heart’ Animal Rescue and Shelter နာမည်ဖြင့် လေလွင့်ခွေးများနှင့် ဒဏ်ရာရ ခွေးများအား ကယ်ဆယ်စောင့် ရှောက်ရေး ဂေဟာ တည်ထောင် ထားသည်မှာ တနှစ်ခန့် ရှိပြီဖြစ်ပြီး ထိုအဖွဲ့မတည်ထောင်မီ ကတည်းက တသီးပုဂ္ဂလ အနေဖြင့် ဆောင်ရွက် နေသည်မှာ ဆယ်နှစ်ခန့် ရှိပြီဖြစ်ကြောင်း ဒေါ်မေသဇင်က ဆိုသည်။
ဂေဟာအနေဖြင့် ပိုင်ရှင်မဲ့ လေလွင့်ခွေးများ၊ ဒဏ်ရာရသည့်ခွေးများကို ဆေးကုသပေးခြင်း၊ ခွေးရူးကာကွယ်ဆေး ထိုးခြင်း၊ သားဆက်ခြားခြင်း လုပ်ငန်းများကို မကွေးမြို့ပေါ်သာမက နီးစပ်ရာမြို့နယ်များအထိ သွားရောက်လုပ်ကိုင်ပေးလျက် ရှိကြောင်း၊ မိခင်မရှိတော့သည့် အရွယ် မရောက်သေးသော ခွေးပေါက်လေးများကို ပြုစုစောင့်ရှောက်ပေးခြင်း၊ အရွယ်ရောက်လာပါက မွေးစားမိဘ ရှာပေးခြင်းများကိုပါ ပြုလုပ်ပေးလျက် ရှိကြောင်းသိရသည်။