လွန်ခဲ့သည့် ၂ ပတ်က ကရင်နီတပ်သား ၃ ဦးအပါအဝင် လူ ၄ ဦး အား သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် မြန်မာ့တပ်မတော်ကို ဆန့်ကျင်ဆန္ဒပြခဲ့သည့် ကရင်နီ အမျိုးသား ၅ ဦးကို တရားစွဲဆိုထားသော်လည်း ဖမ်းဆီးခြင်း မရှိသေးပေ။
ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်ထားရာ ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော် တရားရုံးသို့ တရားစွဲခံရသူ လူငယ် ၅ ဦး သွားရောက်ခဲ့ကြသည်။
ခံဝန်လက်မှတ်ထိုးခိုင်းသော်လည်း မထိုးခဲ့ကြောင်းနှင့် နောက်ထပ်ရုံးချိန်းကို ဇန်နဝါရီလ ၈ ရက်သို့ ချိန်းဆိုလိုက်ကြောင်းလည်း သိရသည်။
ကရင်နီပြည်နယ် လူငယ်သမဂ္ဂ (UKSY) နှင့် ကရင်နီပြည်နယ်လယ်သမား သမဂ္ဂတို့မှ အဖွဲ့ဝင် ၅ ဦးတို့က ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ တပ်သား ၃ ဦးနှင့် အရပ်သား တဦးတို့ သတ်ဖြတ်ခံခဲ့ရပြီး ၂ ရက်အကြာ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဦးဆောင် ဆန္ဒပြခဲ့ကြသည်။
လူ ၁၅ ဦးခန့်ပါဝင်သည့် ဆန္ဒပြပွဲကို လွိုင်ကော်ရှိ တပ်မတော် ဒေသကွပ်ကဲရေးဌာချုပ် ရုံးရှေ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ် အစိုးရရုံးနှင့် မြို့လယ်တွင် ၁ နာရီခန့်ကြာအောင် လှည့်လည်ခဲ့ကြပြီး ကြွေးကြော်သံများဖြင့် တပ်မတော်ကို ပြစ်တင် ရှုတ်ချခဲ့ကြသည်။
လွိုင်ကော် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဝင်းဌေးက ဆန္ဒပြသူများသည် ၎င်းတို့၏ အစီအစဉ်များကို ရဲတပ်ဖွဲ့သို့ ၄၈ နာရီ ကြိုတင်၍ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့်အတွက် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောသည်။
“သူတို့ အနေနဲ့ ကျနော်တို့ကို ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေပါ ပုဒ်မ ၄ နဲ့ အညီ ၄၈ နာရီကြိုတင် အသိပေးရမယ်။ အဲဒါမှ ကျနော်တို့က သူတို့ အန္တရာယ်မဖြစ်အောင် လမ်းကြောင်းရှင်းလင်းတာတွေ လုံခြုံရေးယူပေးတာတွေနဲ့ သူတို့ကို ကူညီနိုင်မှာ ဖြစ်ပါတယ်။ ပုုဒ်မ ၄ ပါ စည်းကမ်းသတ်မှတ်ချက်ကို ဖောက်ဖျက်လို ပုဒ်မ ၁၉ နဲ့ အရေးယူထားပီ။ ဆန္ဒပြပြီး ၁၅ ရက်အတွင်းမှာ သူတို့ကို တရားစွဲရပါမယ်။ အဲဒါကြောင့် စွဲတာပါ” ဟု သူက ဧရာဝတီသို့ ပြောသည်။
ဆန္ဒပြခေါင်းဆောင် ၅ ဦး အနက်မှ တဦးဖြစ်သည့် ဦးဒီးဒီက ရဲအဖွဲ့က ၎င်းတိုု့ တရားစွဲမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၃၀ ရက်နေ့ တွင် အသိပေးခဲ့သော်လည်း ၎င်းတိုု့ဆန္ဒပြမှုသည် လူသတ်မှုဖြစ်ရပ်ကိုု ရှုတ်ချခြင်းဖြစ်သည်ဟု အခိုင်အမာဆိုသည်။
“သတ်ဖြတ်ပြီးတော့ အသတ်ခံရသူတွေရဲ့ အလောင်းကို မီးရှို့တာက ဒါ စစ်ရာဇဝတ်မှုပဲ” ဟု ဦးဒီးဒီက ပြောသည်။
ဒီဇင်ဘာလ ၂၀ရက်နေ့တွင် တပ်မတော်၏ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ တပ်ဖွဲ့များက လွိုင်ကော်ရှိ KNPP စခန်းကို ဝင်ရောက်စီးနင်း၍ အရပ်သား တဦးနှင့် KNPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးကာ သုတ်သင်ခဲ့ခြင်း ဖြစ်ပြီး အလောင်းများကို မီးရှို့ခဲ့သည်ဟု KNPP က ဆိုသည်။ တပ်မတော်ကမူ သေဆုံးသူများသည် စခန်းကို စီးနင်းစဉ်အတွင်း အပြန်အလှန်ပစ်ခတ်ရာမှ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။
တိုင်းပြည်တွင် ဒီမိုကရေစီအသွင်ကူးပြောင်းမှုစတင်ခဲ့သည့် လွန်ခဲ့သော ၇ နှစ်နောက်ပိုင်း ကယားပြည်နယ်တွင် တပ်မတော်သားများ၏ သတ်ဖြတ်ခြင်းကို ခံရသော အဆိုးရွားဆုံး အမှုဟုလည်း ဆန္ဒပြသူများက ဆိုသည်။
UKSY က ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တစောင်၌ သေဆုံးမှုကို လူသတ်မှုဟု သုံးစွဲထား ပြီး တပ်မတော်နှင့် ပြည်နယ် အစိုးရက သေဆုံးသူများ၏ မိသားစုများအတွက် တရားမျှတမှုရှိစွာ အဖြေရှာရန်နှင့် တရားဥပဒေစိုးမိုးစွာ ဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။
UKSY ၏ အတွင်းရေးမှူး ဦးခွန်ဘားနဒ်က ပြည်နယ် အစိုးရနှင့် သေဆုံးမှုများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် တပ်မတော်တို့က မည်သည့် ရာဇဝတ်မှုအတွက် မဆို တာဝန်ယူရန် လိုအပ်သည်ဟု ဧရာဝတီသို့ပြောသည်။
“ဖြစ်စဉ်ကို တရားမျှတမှုရှိရှိ အဖြေရှာဖို ကျနော်တို့ ဖြစ်စေချင်တယ်” ဟု သူက ဆိုသည်။
KNPP က ထိုဖြစ်ရပ်သည် ၎င်းတို့နှင့် အစိုးရကြားတွင် ၂၀၁၂ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် နှစ်ဘက်အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု တပ်မတော်ကို စွပ်စွဲထားသည်။
အမှုကို စုံစမ်း စစ်ဆေးရေး နိုင်ငံတကာမှ ဥပဒေကျွမ်းကျင်သူများပါဝင်သော ခုံရုံးတခုဖွဲ့စည်းရန်နှင့် ရာဇဝတ်မှု ကျူးလွန်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သူ မည်သူကိုမဆို အရေးယူ အပြစ်ပေးရန် KNPP က တောင်းဆိုထားသည်။
အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် အောင်ခိုင်စိုး ဦးဆောင်သည့် တပ်မတော်၏ ဌာနတွင်း ခုံရုံးအဖွဲ့က KNPP နှင့် အခြားသူများ၏ ထွက်ဆိုချက်များကို ပြီးခဲ့သည့် အပတ်အတွင်းက ခေါ်ယူမေးမြန်းမှုများ ပြုလုုပ်ခဲ့သည်။
အဆိုပါ အဖြစ်အပျက်နှင့် ပတ်သက်၍ KNPP က ဒီဇင်ဘာလ ၃၁ရက်နေ့တွင် လွိုင်ကော်မြို့၌ သတင်းစာရှင်းလင်း ပွဲတခု ပြုလုပ်ခဲ့ပြီး ထိုသတင်းစာ ရှင်းလင်းပွဲတွင် သတ်ဖြတ်မှုမှ ထွက်ပြေး လွတ်မြောက်လာသည့် KNPP တပ်သားတဦး ဖြစ်သော မောင်လာ၏ ထွက်ဆိုချက်များကို အသံဖမ်းထားသည့် မှတ်တမ်းတခုလည်း အပါအဝင်ဖြစ်သည်။ မောင်လာ၏ လုံခြုံရေးအတွက် ယခု သူရှိနေသော နေရာကို ထုတ်ဖော်ပြောဆို ခြင်းမရှိခဲ့ပါ။
ထိုအဖြစ်အပျက်က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) နှင့် ပတ်သက်၍ ၎င်းတို့ အဖွဲ့နှင့် အစိုုးရ တပ်မတော်တို့ကြားတွင် ဆက်လက်ညှိနှိုင်းဆွေးနွေးနေမှုများကို ထိခိုက်ပျက်စီးစေသည်ဟု KNPP ၏ အတွင်းရေးမှူး ၂ ဖြစ်သူ ဦးရွှေမျိုးသန့်က ပြောသည်။ KNPP သည် NCA တွင် လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့တခု ဖြစ်သော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အဖွဲ့ ဝင် ဖြစ်သည်။
“ကျနော်တို့က NCA လမ်းကြောင်းအတိုင်း လိုက်မယ်ဆိုတာကို ပြောထားပြီးပါပြီ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လိုု့ ဆက်ပြီး စေ့စပ်ညှိနှိုင်းမှုတွေကတော့ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး မလုုပ်ချင်တာ မဟုတ်ပါဘူး။ အဓိကက ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့က ကိုယ်လိုချင်တဲ့ အခြေခံ အခွင့်အရေးကို ဈေးပေါပေါနဲ့ မလဲနိုင်တာကြောင့် ကြာနေတာပါ” ဟု ဦးရွှေမျိုးသန့်က ပြောသည်။
KNPP က ယခုသေဆုံးမှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည် နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့၏ ရုံးများ အပါအဝင် အစိုးရ၏ ငြိမ်းချမ်းရေး ညှိနှိုင်း ဆွေးနွေးသူများ သို့ပေးအပ်ခဲ့ပြီး ဖြစ်သည်ဟုလည်း သူက ဆိုသည်။