ဟာသ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်ပြီး ရဲစခန်းသို့ မိဘများကိုယ်တိုင် လာရောက် အပ်နှံခဲ့သည်ဟု ဆိုသည့် ဖမ်းဆီးခံ ၃ ဦးသည် အခင်းဖြစ်ပွားမှုတွင် ပါဝင် ပတ်သက်သည့် တရားခံ အစစ်များဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးလှဝေ က ဧရာဝတီသို့ ပြောသည်။
အောင်ရဲထွေး သေဆုံးမှုတွင် ပါဝင်သူများဟု ဆိုသည့် လူပုဂ္ဂိုလ် ၃ ဦး၏ ပုံနှင့်တကွ ရဲတပ်ဖွဲ့က ၎င်းတို့၏ လူမှုဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာ ထက်မှတဆင့် ဇန်နဝါရီ ၄ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သော်လည်း ကျူးလွန်သူများ ဟုတ်မဟုတ် သံသယများနှင့် မေးမြန်းနေမှုများ အပေါ် ယင်းသို့ တုန့်ပြန်လိုက်ခြင်းဖြစ်သည်။
ရဲမှူး လှဝေ က “ဒီအမှု ၃၀၂ ဆိုတာ သေဒဏ် တကျွန်းပြန်ထိုက်သင့်တဲ့ ပြစ်မှု ဘယ်မိဘကမှ ကိုယ့်သားမကျူးလွန်ပဲနဲ့ လာအပ်မလဲ။ ကိုယ့်သားသမီးကို ချစ်တဲ့မိဘတွေက ကိုယ့်သားသမီး မကျူးလွန်တဲ့ ပြစ်မှုကို ရဲစခန်းကိုလာအပ်ပါ့မလား” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းကပင်ဆက်၍ “ရဲကဖမ်းတာမဟုတ်ဘူး သူ့မိဘက လာအပ်တာ ဘယ်မိဘကမှ သေဒဏ်ကျခံရမယ့် အမှုမှာ ကိုယ့်သားသမီးမကျူးလွန်ပဲ လာအပ်မှာ မဟုတ်ဘူး။ နည်းနည်းချင့်ချိန်ပြီးတော့ ပြောဖို့အတွက် လိုအပ်ပါတယ်။ ကောမန့်တွေတက်နေတာ တွေ့ပါတယ် အဲ့ဒါတွေကို ပြန်တုံ့ပြန်ဖို့အတွက် လုပ်နေပါတယ်” ဟု ပြောပါတယ်။
အောင်ရဲထွေးကို သေဆုံးစေခဲ့သော အခင်းဖြစ်ပွားမှုတွင် ပါဝင်သည်ဆိုသည့် သန်းထွဋ်အောင်(ခ) သားကြီး ၂၆ နှစ်နှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေး ၂၆ နှစ် တို့ကို မိဘများကိုယ်တိုင် သုဝဏ္ဏ နယ်မြေရဲစခန်းသို့ ဇန်နဝါရီလ ၃ ရက်နေ့က လာရောက်အပ်နှံခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထို့အတူ အခင်းဖြစ်ပွားရာတွင် ပါဝင်သည့် ကျော်ဇောဟန်(ခ) ကျော်ဇော ၂၈ နှစ်ကိုလည်း ဇန်နဝါရီလ ၄ ရက်နေ့တွင် မိဘများကိုယ်တိုင် ရဲစခန်းသို့ လာရောက် အပ်နှံခဲ့သည်ဟုဆိုသည်။
အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ သန်းထွဋ်အောင်(ခ)သားကြီး၏ ထွက်ဆိုချက်အရ ၎င်းနှင့် အတူ ပြည့်ဖြိုးအောင်(ခ)အောင်လေး နှင့် ကျော်ဇော်ဟန်(ခ) ကျော်ဇော်တို့ ၃ ဦးမှာ ဇန်နဝါရီလ ၁ ရက်နေ့နံနက် ၃ နာရီ အချိန်ခန့်က The One Entertainment ဝင်းတွင် ပြုလုပ်သော The Space ပါတီပွဲသို့ သွားရောက်ခဲ့သည်ဟု ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။
ထိုပါတီသို့ ရောက်ရှိစဉ် VVIP စင်ပေါ်၌ ကခုန်နေသည့် အမျိုးသား (အောင်ရဲထွေး) သည် ယခင်က ၎င်းတို့နှင့် ခိုက်ရန် ဖြစ်ခဲ့ဖူးသူ တဦးဖြစ်၍ ဒေါသဖြစ်ကာ စင်ပေါ်သို့ တက်ကာ ၎င်းတို့သုံးဦးမှ ဝိုင်းဝန်းထိုးကြိတ် ခြေထောက်ဖြင့် ကန်ကြောက် ခဲ့သဖြင့် အဆိုပါအမျိုးသားမှာ လဲကျသွားကြောင်း ထွက်ဆိုထားသည်ဟု ဆိုသည်။
အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ အစ်ကိုဖြစ်သူ ကိုသန့်စင်ဦးက တရားလိုပြုလုပ် တိုင်ကြားထားခြင်းဖြစ်ပြီး သုဝဏ္ဏ နယ်မြေရဲစခန်း (ပ) ၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ် ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်းသိရပြီး ရဲစခန်းတွင် ၎င်းတို့ကိုယ်တိုင် ကျူးလွန်သူများဟု လာရောက် အဖမ်းခံထားသည့် ၃ ဦးအပြင် လွတ်မြာက်နေသူများလည်း ရှိနေသည် ဟုဆိုသည်။
သေဆုံးသူ အောင်ရဲထွေး၏ အကိုဖြစ်သူ ကိုသန့်စင်ဦး က “အခုဖမ်းမိတာက တရားခံအစစ်တွေလို့ ထင်ပါတယ်။ လွတ်မြောက်နေတဲ့ သူတွေတော့ရှိသေးတယ်။ အတိအကျတော့ မသိဘူး။ အပြည့်အစုံတော့ မဟုတ်သေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
Facebook စာမျက်နှာပေါ်တွင် ဟာသဇာတ်လမ်းတိုများ တင်ဆက်ခြင်းဖြင့် လူသိများလာသည့် သရုပ်ဆောင် အောင်ရဲထွေးသည် ဒီဇင်ဘာ ၃၁ ရက်နေ့ညပိုင်း The One Entertainment Park မှာပြုလုပ်ခဲ့တဲ့ နှစ်သစ်ကူးပွဲတွင် လူတစု၏ ဝိုင်းဝန်း ရိုက်နှက်ခဲ့မှုကြောင့် ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်းသိရသည်။
ထိုဒဏ်ရာများကြောင့်ပင် ရန်ကုန်ပြည်သူ့ဆေးရုံ ဦးနှောက်နှင့် အာရုံကြောတွင် ဆေးကုသမှု ခံယူနေစဉ် ဇန်နဝါရီလ ၂ ရက်နေ့ က ကွယ်လွန်သွားခဲ့ပြီး သူ၏ ရုပ်အလောင်းကိုတော့ ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က စွန်နီမွတ်စလင် (မ်) ကဗရ်စတာန် ဥယျာဉ်တော်၌ မြေမြုပ် သဂြိုဟ်ခြင်းပြုလုပ်ခဲ့ပြီး ရာနှင့်ချီသော ပရိတ်သတ်များလည်း လိုက်ပါ ပို့ဆောင်ခဲ့ကြသည်။