ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း တပ်မတော်သားများ လိုက်ပါလာသော ကားတစီးမှာ ယနေ့ ဇန်နဝါရီလ ၅ ရက် မနက် ၁၀ အချိန် ခန့်က ဆွဲမိုင်း ထိကာ ပစ်ခတ်ခံရသဖြင့် ဆေးဗိုလ်ကြီး တဦး အပါအဝင် တပ်မတော်သား ၅ ဦးနှင့် ကား ဒရိုင်ဘာ အရပ်သား တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ ဆွဲမိုင်းထိမှန်သော ကားမှာ လုပ်ငန်းသုံး တီပါ ကားအမျိုးအစား ဖြစ်ပြီး တောင်ပြိုဒေသ ဘက်မှ ကြိမ်းချောင်း ကျေးရွာဘက်သို့ အလာလမ်းပေါ်တွင် တပ်မတော်သား ၆ ဦး လမ်းကြုံလိုက်ပါလာခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့နောက် ကားမှာ တရိန်း ကျေးရွာ အနောက်ဘက် ၁ မိုင်ခန့်အကွာ သို့ အရောက်တွင် မိုင်းဆွဲခံရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
တရိန်းကျေးရွာသား တဦးက “ ကျနော်တို့ ရွာအနောက်ဘက် ၁ မိုင်ခန့်အကွာမှာ မိုင်းဆွဲခံရတာ ၊ မိုင်းဆွဲခံရတော့ ကားမှာ ပါလာတဲ့ တပ်မတော်သား ၅ ဦးနဲ့ ကား ဒရိုင်ဘာ ၁ ဦး အားလုံး ၆ ဦး ဒဏ်ရာရတယ် ဆေးဗိုလ်ကြီးနဲ့ တပ်သား ၁ ဦးကတော့ ဒဏ်ရာ ပြင်းတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ မိုင်းဆွဲခံရမှုကြောင့် လုပ်ငန်းသုံး တီပါ ကားရှေ့ဘီးပေါက်သွားခဲ့ပြီး မိုင်းဆွဲသည့် အကြမ်းဖက်သ မားများမှ တောင်ကုန်းမှနေ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ကားနှင့် လိုက်ပါလာသည့် တပ်မတော်သား ၆ ဦး အနက် ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသဖြင့် ပြန်လှန်ပစ်ခတ်နိုင်ခြင်း မရှိဘဲ ကားကို အနီးရှိ တရိန်းကျေးရွာသို့ ဖြည်းဖြည်း ချင်း မောင်း၍ လာခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံကျေးရွာသားများ ထံမှ သိရသည်။
ပြင်းထန်ဒဏ်ရာ ရရှိသူများကို တရိန်းကျေးရွာသားများက ဆေးပတ်တီးများ စည်းပေးလိုက်ကြောင်း၊ ထို့နောက် မောင်တော ဆေးရုံသို့ ပို့ဆောင်လိုက်ပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့သော နယ်မြေများသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေ ရှင်းလင်းရေးများ လုပ်ဆောင်လျက်ရှိသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဒေသဆိုင်ရာ အာဏာပိုင်များကို ဧရာဝတီမှ ဆက်သွယ် မေးမြန်းသော်လည်း မရရှိခဲ့ပါ။
၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၆ ရက် နေ့လည်ပိုင်းအချိန်က အကြမ်းဖက်သမားများက မောင်တောမြို့ အဝင်အထွက် ကားလမ်းမပေါ်တွင် ဆွဲမိုင်းထောင်မှုများ ပြုလုပ်ခဲ့ကြရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက ၎င်းမိုင်းများကို ရှင်းလင်းခဲ့ရပြီး နယ်မြေရှင်းလင်းရေး လုပ်ရာတွင် မောင်တောနှင့် ၂ မိုင်အကွာရှိ မြို့သူကြီးကျေးရွာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အကြဖ်းဖက်သမားတို့ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။