တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA)တို့ကြား ဖြစ်ပွားခဲ့သည့် ပလက်ဝ တိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံ အတွင်းသို့ တိမ်းရှောင် နေရသော ရခိုင် စစ်ဘေးရှောင် ဒုက္ခသည် ၁၈၀၀ ကျော် အတွက် စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ် နေသည်ဟု သတင်း ရရှိသည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာလက ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်း တပ်မတော်နှင့် AA တို့ကြား ပြင်းထန်စွာ ဖြစ်ပွား ခဲ့ သည့် တိုက်ပွဲများတွင် ပလက်ဝမြို့နယ်ရှိ ရခိုင်ရွာ ၆ ရွာမှ ဒေသခံ ၁၈၆၀ ခန့် မြန်မာ-အိန္ဒိယ နယ်စပ်သို့ တိမ်းရှောင် သွားခဲ့ရပြီး လက်ရှိတွင် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ် တောင်ပိုင်း လွန်တလိုင် (Lawngtlai ) ခရိုင်အတွင်း ခိုလှုံလျက် ရှိ ကြောင်း သိရသည်။
အဆိုပါ ဒုက္ခသည်များ၏ စားဝတ်နေရေးအတွက် ကူညီပေးနေသည့် မီဇိုရမ်ပြည်နယ် ရွာသစ်ရွာ (Laitlang village) မှ ရခိုင် ဘုန်းတော်ကြီး ဦးပညာဇောတက “ဒီ ဒုက္ခသည်တွေ စားဖို့သောက်ဖို့ မရှိတဲ့ အခြေအနေ ဖြစ်နေပါ တယ်။ အိန္ဒိယ အစိုးရဘက်နဲ့ ULA/AA (ရက္ခိုင့် တပ်မတော်) ဘက်က ဆန် အနည်းငယ် ထောက်ပံ့တာတော့ ရှိတယ်။ ဦးပဉ္စင်းလည်း ရှာဖွေပြီး ဟိုက အလှူခံ ဒီက အလှူခံနဲ့ ပေးနေပါတယ်။ အခု တလကျော် နေပြီဆိုတော့ စားဖို့ အဆင် မပြေ တဲ့ အခြေအနေ ဖြစ်နေပြီ”ဟု မိန့်သည်။
ဒုက္ခသည်များထဲမှ တချို့သည် ဝမ်းပျက်ဝမ်းလျှော နှင့် ဖျားနာခြင်းများ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေပြီး ကျန်းမာရေး စောင့်ရှောက်မှုများနှင့် လုံခြုံသည့် အမိုးအကာများ လိုအပ်နေပါသည်ဟုလည်း ဦးပညာဇောတက မိန့်ဆိုသည်။
ဒုက္ခသည် ၁၈၆၀ ခန့်သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်မှစ၍ မီဇိုရမ်ပြည်နယ် အတွင်းသို့ ဝင်ရောက် တိမ်းရှောင် လာကြခြင်း ဖြစ်သည်။
မီဇိုရမ်ပြည်နယ် အတွင်း ခိုလှုံနေသည့် ရခိုင်ဒုက္ခသည်များ၏ နေရပ်ရင်း ရွာများသည် ချင်းပြည်နယ် ပလက်ဝ မြို့နယ် ထဲမှ ပကာဝရွာ၊ မြီလိုက်ဝရွာ၊ မြိတ်ဝရွာ၊ စက်တင်ဝ ရွာ၊ ပွီလိုက်ဝ အထက်ရွာနှင့် အောက်ရွာတို့ ဖြစ်သည်ဟု အကူအညီ ပေးသူများ ထံမှ သိရသည်။
တိုက်ပွဲများကြောင့် တိမ်းရှောင် လာကြသည့် ရခိုင် စစ်ဘေးရှောင် ဒုက္ခသည်များကို မီဇိုရမ်ပြည်နယ် အတွင်းရှိ ရခိုင်ရွာ ၄ ရွာ က ၎င်းတို့ရွာများအနီး နေထိုင်ရန် ယာယီ အမိုးအကာများ ဆောက်လုပ်ပေးပြီး အစားအသောက်များလည်း တနိုင်တပိုင် ကူညီကာ စတင် ခိုလှုံခွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု ဦးပညာဇောတက မိန့်ကြားသည်။
ဦးပညာဇောတက“အိန္ဒိယ အစိုးရကတော့ ဒုက္ခသည်လိုမျိုး ခွင့်မပြုထားပါဘူး။ အမိုးအကာလည်း မပေးဘူး။ ရခိုင်ရွာ က လူတွေကပဲ ခေါ်ထားပြီး သစ်တိုင်မှာ မိုးကာမိုးပြီး နေဖို့ လုပ်ထားတာပေါ့။ ဒုက္ခသည်တွေက နှင်ထုတ် ခံရမှာစိုးလို့ ကျီးလန့်စာ စားနေရတာပါပဲ။ သူတို့ ရောက်စကနေ အခုထိတော့ အိန္ဒိယ အစိုးရဘက်က ဆန် တပတ်စာစီလောက်နဲ့ အဝတ်လာပေးတာ ၂ခါ လောက်တော့ ရှိတယ်”ဟု ပြောသည်။
အိန္ဒိယအာဏာပိုင်များမှ ထောက်ပံ့သည့် အဝတ်အထည်များကို ဒုက္ခသည်တချို့က တထည်စီ ရရှိလိုက်ပြီး မရလိုက် သူ များလည်း ရှိသည်ဟု သိရသည်။
The Economic Times ၏ နိုဝင်ဘာလ ၂၅ ရက်တွင် ဖော်ပြထားသည့် သတင်းတွင် မီဇိုရမ် ပြည်နယ် ခရိုင် အတွင်း ရှိ Laitlang ၊ Zochachhah ၊ Hmawngbuchhuah နှင့် Dmzautlang အမည်ရှိ ရွာ ၄ ရွာ အနီးတွင် တပ်မတော်နှင့် AA တိုက်ပွဲများကြောင့် ပြေးလာသည့် မြန်မာဒုက္ခသည်များ ခိုလှုံနေသည်ဟု ရေးသားထားသည်။
တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် ပြေးလာရသည့် ဒုက္ခသည် ၁၂၄၀ ခန့်သည် နယ်စပ်ကို ကျော်ဖြတ် လာ ပြီး ၎င်း၏ ပြည်နယ်အတွင်း ခိုလှုံနေသည်ဟု မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Mr.R Lalzirliana ကလည်း ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အတွင်း အိန္ဒိယအခြေစိုက် သတင်းမီဒီယာများကို ပြောဆို ထားသည်။
ပလက်ဝမြို့နယ်အတွင်း ၂၀၁၇ ခုုနှစ် ဒီဇင်ဘာလ လလယ်မှစ၍ တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများ ရပ်တန့် သွားပြီ ဖြစ်သော်လည်း စစ်ဘေးရှောင် ဒုက္ခသည်များ၏ ရွာနေရာများတွင် နှစ်ဖက်တပ်များ ရှိနေဆဲ ဖြစ်ပြီး ရွာများကို ဖျက်ဆီး ခံထားရသည် ဟူသည့် သတင်းများကြောင့် ဒုက္ခသည်များ နေရပ်ပြန်ရန် ကြောက်ရွံ့နေကြသည်ဟုလည်း ဦပညာဇောတက မိန့်ဆိုသည်။
ရက္ခိုင့် တပ်မတော် (AA) မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခ ကလည်း ရခိုင်ဒုက္ခသည်များကို အိန္ဒိယ အစိုးရ နှင့် AA တို့ထံမှ ဆန် ထောက်ပံ့မှုသာ ရှိကြောင်း၊ AA ကလည်း လုံလောက်သည့် ပံ့ပိုးမှုများ မပေးနိုင်ကြောင်း ပြောသည်။
“သူတို့မှာ အမိုးအကာတွေလည်း ကောင်းကောင်းမရှိကြဘူး။ မိုးကလည်း ခဏခဏရွာတာ ရှိတယ်။ အဲ့ဒီမှာ ရာသီဥတု အခြေအနေကလည်း မကောင်းဘူး။ ပြည်သူလူထုက တော်တော်လေးဒုက္ခရောက်နေကြတယ်။ သူတို့က နေရပ်ရင်းကို ပြန်ချင်နေကြတယ်”ဟုလည်း ဦးခိုင်သုခက ဆိုသည်။
စစ်ဘေးရှောင် ဒုက္ခသည်များက နေရပ်ပြန်လိုသည်ဟု ပြောဆိုနေကြသော်လည်း တပ်မတော်နှင့် အစိုးရ အာဏာပိုင် များ ဘက်က နယ်စပ်ဖြတ်ကျော် တိမ်းရှောင် လာရသည့် ဒုက္ခသည်များ နေရပ်ပြန်ရေး၊ လုံခြုံရေးနှင့် ပတ်သက်၍ ပြောဆိုခြင်းများ မကြားရကြောင်း၊ မီဇိုရမ်ပြည်နယ် အတွင်း ခိုလှုံနေသည်မှာလည်း ရွာများအတွင်း မဟုတ်ဘဲ ရွာ အပြင် နယ်စပ်ရှိ ချောင်းရိုး တလျှောက်တွင် ယာယီတဲများဖြင့် နေရခြင်း ဖြစ်ကြောင်း ဦးခိုင်သုခက ပြောသည်။
ဆက်လက်ပြီး ၎င်းက “ရွာသူကြီးတွေကလည်း ရွာထဲမှာေ နခွင့်မပြုလို့ ရွာအပြင် ချောင်းဘေးမှာ ယာယီတဲတွေ ထိုးပြီး နေနေရတာ။ မိုးရွာရင် အဲ့ဒီမှာ ဒုက္ခက တော်တော်ကြီးတယ်ဗျ။ မိုးရွာတဲ့အခါမှာ တော်တော်ဒုက္ခ ဖြစ်နေကြတယ်”ဟု လည်း ပြောဆိုသည်။
ပလက်ဝမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကမူ မီဇိုရမ်ပြည်နယ်ထဲတွင် ခိုလှုံနေရသည့် ဒုက္ခ သည် များကို မြန်မာအစိုးရဘက်က ထောက်ပံ့မှုများ ပြုလုပ်ထားခြင်း မရှိသေးသော်လည်း ချင်းပြည်နယ် အစိုးရက နေရပ်ရင်းသို့ ပြန်လည် ခေါ်ဆောင်ရန် တပ်မတော် နယ်မြေခံ တပ်များနှင့် နယ်မြေ အခြေအနေများကို မေးမြန်းလျက် ရှိသည်ဟု ပြောဆိုသည်။
ချင်းပြည်နယ် အစိုးရ၏ စာရင်းများအရ မီဇိုရမ်ပြည်နယ်ထဲသို့ စစ်ဘေးရှောင်နေသူများသည် မြိတ်ဝ၊ စက်တင်ဝ၊ ပကာဝ နှင့် ပုညာဝ ရွာ၊ စုစုပေါင်း ၄ ရွာမှ ဒေသခံများ ဖြစ်ကြောင်း၊ ထိုရွာများ အနီးတွင် စစ်ရေး အခြေအနေ မငြိမ်သက် သေးသဖြင့် ယခုရက်ပိုင်းများအတွင်း ပြန်လာရန် ဖြစ်နိုင်မည်မဟုတ်ကြောင်း ဦးဝှေ့တင်းက ပြောသည်။
ဦးဝှေ့တင်းက “စစ်ရေးဘက်က ပလက်ဝမှာ ထိုင်တဲ့ တပ်မမှူးဘက်က ပြောတာတော့ ဒီရက်ပိုင်း အခြေအနေမှာ စစ်ရေး အခြေအနေ မငြိမ်သေးတဲ့အတွက် ပြန်ခေါ်ဖို့ဆိုတာ ကျနော်ထင်တယ် ဇန်နဝါရီလ ၁၅ ရက်အတွင်းမှာတော့ မဖြစ်နိုင်သေးဘူးတဲ့။ ဒါပေမယ့် ဖေဖော်ဝါရီ၊ မတ်လ နောက်ပိုင်းမှပဲ ပြန်လာဖို့ ဖြစ်နိုင်တယ်ဆိုတာတော့ ကျနော် သိထားပါတယ်”ဟုလည်း ပြောပြသည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာလက တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ် အတွင်းရှိ ရှင်းလက်ဝ ဒေသတွင်လည်း စစ်ဘေး ရှောင် ဒုက္ခသည် ၃၀၀ ကျော်ရှိပြီး ထိုဒုက္ခသည်များကို ပြည်နယ်အစိုးရနှင့် အရပ်ဘက် လူမှုအဖွဲ့များက ကူညီ ထောက်ပံ့ ထားသည်ဟု သိရသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလကလည်း အဆိုပါ စစ်ဘေးရှောင်ဒုက္ခသည် ၃၀၀ ကျော်အတွက် ချင်းပြည်နယ် ဝန်ကြီးချုပ်နှင့် စည်ပင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဆလိုင်းအိုက်ဇက်ခင် တို့က ကျပ် သိန်း ၆၀ ကျော်ဖိုး လာရောက် ထောက်ပံ့ ထားသည် ဟုလည်း ဦးဝှေ့တင်းက ပြောဆိုသည်။