မြန်မာများသည် ကိုယ်ပိုင် အရည်အချင်းများ ရှိကြသော်လည်း အစုအဖွဲ့ဖြင့် အလုပ်လုပ်သည့် အရည်အချင်း အားနည်းသဖြင့် တကိုယ်တည်း ဆောင်ရွက်မှုဖြင့် လုပ်ဆောင်မည် ဆိုသော စိတ်ဓါတ်သည် တိုင်းပြည် ညီညွှတ်ရေး အတွက် စုပေါင်းလုပ်ဆောင်ရာတွင် အထောက်အကူ မဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
နေပြည်တော် MICC – 2 တွင် ဇန်နဝါရီလ ၅ ရက်နေ့က ကျင်းပသည့် လူငယ်ရေးရာမူဝါဒ ထုတ်ပြန်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အထက်ပါ အတိုင်းပြောဆိုလိုက်ခြင်း ဖြစ် သည်။
ဒေါ်အောင်ဆန်းစုကြည် က “ကျမတို့နိုင်ငံရဲ့ အားနည်းချက်က အစုအဖွဲ့နဲ့ လုပ်တဲ့ အရည်အချင်း မရှိကြတာပဲ။ ကျမတို့ ပညာရေးစနစ်မှာ အစုအဖွဲ့နဲ့ အလုပ်လုပ်တတ်ဖို့၊ လုပ်ဆောင်ဖို့ မသင်ခဲ့ရတဲ့ အတွက်ကြောင့် ကိုယ်တယောက်တည်း အမှတ် အများဆုံးရအောင် လုပ်တဲ့ စနစ်ကနေပြီးတော့ ထွက်ပေါ်လာတဲ့ စိတ်ဓါတ်တွေဟာ ကျမတို့နိုင်ငံ ညီညွတ်ရေးအတွက် စုပေါင်းလုပ်ဆောင်ရေး အတွက် အထောက်အကူ မဖြစ်ပါဘူး” ဟု ပြောသည်။
မည်သည့် လူ့အဖွဲ့အစည်းမျှ ၁၀၀ ရာခိုင်နှုန်းညီညွှတ်မည်၊ တသဘောတည်းရှိမည် မဟုတ်သော်လည်း မြန်မာနိုင်ငံသားများသည် အရေးကြီးလျှင် သွေးစည်းရမည်ဆိုသည့် စိတ်ဓါတ်ဖြင့် ပညာရေး၏ အားနည်းချက်များကို ကျော်လွှားနိုင်ပါက လူငယ်များအတွက် အလားအလာကောင်းများ ရှိနိုင်ကြောင်းလည်းထောက်ပြသွားသည်။
မိဘများက အိမ်တွင် ကလေးများကို ပြိုင်ဆိုင်ရန်သာ ဆုံးမလေ့ရှိပြီး မိတ်ဆွေ၊ သူငယ်ချင်းများနှင့် စုပေါင်း၍ ညီညီညာညာ လုပ်ဆောင် စေရန် သင်ကြားပေးသင့်ကြောင်း၊ မိဘများမှာ ပြိုင်ဆိုင်သည့်ဘက်သို့ တွန်းပို့သည့် သဘောမျိုးသာ သင်ကြားပေးသည်ကို ကြားသိရကြောင်း၊ လက်ရှိတွင် အစိုးရ အားကစားကို အားပေးနေခြင်းမှာ မှန်ကန်သောစိတ်ဓါတ်များဖြင့် အစုအဖွဲ့လိုက် အလုပ်လုပ်တတ်သည့် စိတ်ဓါတ်များအားပေးရန် ဖြစ်သည်ဟုဆိုသည်။
“ကောင်းတဲ့ အရည်အချင်းတွေကိုတော့ ပိုပြီးတော့ အားသန်အောင်လို့ လုပ်စေချင်တယ်။ ဒီစိတ်ဓါတ်တွေကို ထိန်းသိမ်းထားစေချင်တယ်။ တချိန်တည်းမှာပဲ လုပ်နိုင်တဲ့ အရည်အချင်းတွေကို လေ့ကျင့်ထားစေချင်တယ်။ ဒါကတော့ မိဘတွေကလည်း လုပ်ပေးရမယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း လုပ်ပေးရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
တိုင်းပြည်တွင် ဟောင်းနွမ်းနေပြီ ဖြစ်သည့် ဆရာအခြေပြု တလမ်းမောင်းပညာရေး စနစ်ကြောင့် ယနေ့ လူလတ်ပိုင်းအရွယ် ရောက်ရှိနေသူများမှာ အစုအဖွဲ့နှင့် အလုပ်လုပ်တတ်သည့် သဘောကို နားလည်သူနည်းပြီး တချို့မှာလည်း အရွယ်လွန်မှ ပညာဗဟုသုတများကို ပြန်ရှာမီးနေရကြောင်း၊ ကျောင်းများသည် အားကစားကိုလည်း အားမပေးနိုင်ခဲ့သဖြင့် Team စိတ်ဓါတ်ကို မထူထောင်နိုင်ခဲ့ကြောင်း ပညာရေး ဆောင်းပါးများ ရေးသားနေသော ဒေါက်တာ စိုးဝင်းဦး ကပြောသည်။
ဒေါက်တာ စိုးဝင်းဦး က “ဒီပညာရေးစနစ်က ဘာတွေ မွေးထုတ်လိုက်လည်းဆိုတော့ တယောက်တည်း ကြိုးစားရင် တယောက်တည်းပဲသိမယ်။ ပညာတတ် ဖြစ်ရင်တောင် တကိုယ်ကောင်းဆန်တဲ့ လူတော်တွေ ဖြစ်လာတယ်။ Team Work ကိုလည်းနားမလည်၊ လိုအပ်ရင် အနစ်နာခံရမယ် ဆိုတာမျိုးကိုလည်း ကျောင်းက လေ့ကျင့်မပေးလိုက်ဘူး။ အဲတော့ အဲဒီအလေ့အကျင့်တွေက တိုင်းပြည် တည်ဆောက်ရေးကိုပါ လာထိတယ်” ဟု ဆိုသည်။
လက်ရှိလူငယ်များ၏ ပညာရေးမှာ အားနည်းနေပြီး ကရင်ပြည်နယ်တွင် တိုက်ပွဲများကြား ကြီးပြင်လာရသူများအတွက် ပညာရေးမှာ ပိုမိုဆိုးရွားနေကြောင်း၊ ကရင်လူငယ်များအတွက် ပညာရေး ကောင်းကောင်းရရှိရန် လိုအပ်နေကြောင်း နေပြည်တော်တွင် ပြုလုပ်သော လူငယ်မူဝါဒပွဲသို့ တက်ရောက်လာသူ နန်းထက်ထက်လင်းစိုး က ပြောသည်။
နန်းထက်ထက်လင်းစိုး က “သူ (ဒေါ်အောင်ဆန်းစုကြည်) ပြောသွားတာတွေထဲမှာ လူကြီးနဲ့ လူငယ်ကြားမှာရှိတဲ့ Gap လေးတွေကို ပညာရေးကနေပြန်ပြီး ဖြည့်စွက်တယ်ဆိုတဲ့ အရာတွေကလည်း အရမ်းကောင်းမွန်တဲ့ အရာတွေ ဖြစ်တယ်။ ပညာကိုတည်ဆောက်ပြီး ကောင်းမွန်တဲ့ လူ့ဘောင်တည်ဆောက်ဖို့ ပြောသွားတာတွေက အရမ်းကိုမှတ်သားစရာတွေ ဖြစ်ပါတယ်”ဟု ပြောသည်။
နေပြည်တော်တွင် ကျင်းပသည့် လူငယ်ရေးရာမူဝါဒ မိတ်ဆက်ထုတ်ပြန်ခြင်း အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တနိုင်ငံလုံးမှ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရာတွင် လူငယ်တွေ့ဆုံ ဆွေးနွေးပွဲများကို တနိုင်ငံလုံးတွင် ပြုလုပ်ခဲ့ကြောင်း၊ လူငယ်ထုနှင့် သက်ဆိုင်သော ဖွံ့ဖြိုးတိုးတက်ရေး အတွက် လူငယ်များ၏ အသံကို ကိုယ်စားပြုသော အကြံပြုချက်များ၊ တောင်းဆိုချက်များအား ခြုံငုံထည့်သွင်းရေးဆွဲ၍ ပြည်ထောင်စု အစိုးရအဖွဲ့ထံတွင် အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။