သတင်း

U-21 နည်းပြချုပ် ဦးကြည်လွင် စည်ပင်ရာထူးမှ ရပ်စဲခံရမှု အသနားခံစာတင်မည်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ က ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနစုမှူး ရာထူးတာဝန်မှ ရပ်စဲခံလိုက်ရမှု အပေါ် အသနားခံစာ ပြန်တင်၍ တောင်းဆို သွားမည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင် U-21 အသင်း၏ နည်းပြချုပ်ဖြစ်သူ ဦးကြည်လွင် က ဧရာဝတီသို့ ပြောသည်။

ထိုတာဝန်မှ ရပ်စဲကြောင်း ထုတ်ပြန်ထားသည့် စာမှာ တနှစ်ခန့်ကြာပြီ ဖြစ်သော်လည်း ၎င်းအနေဖြင့် ပြီးခဲ့သည့် ၃ ရက် ခန့်ကမှ ထိုစာအား ရရှိခဲ့ခြင်းဖြစ်ပြီး အသနားခံစာကို ဇန်နဝါရီလအတွင်း ပြန်လည် တင်ပြမည် ဖြစ်ကြောင်း ဦးကြည်လွင် က ပြောသည်။

ဦးကြည်လွင် က “ဘာတွေ လွဲချော်နေလဲတော့ မသိဘူး။ ကျနော်က အားကစားပဲ တောက်လျောက်လုပ်ခဲ့တာမှာ ဝန်ထမ်း ဥပဒေတွေ ကိုတော့ သိပ်နားမလည်ခဲ့ဘူး။ ဒီလိုရှိရင်လည်း ကြိုတင်ပြောခဲ့ရင် စဉ်းစားလို့ရတာပေါ့။ အခုလို လုပ်လိုက်တာ ကိုတော့ စိတ်မကောင်းဘူး။ ခံစားရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနဌာနစုမှူး တာဝန်ဖြင့် ဦးကြည်လွင်မှ လစာမဲ့ခွင့် ၅ နှစ်ခံစားခဲ့ပြီ ဖြစ်သဖြင့် နိုင်ငံ့ ဝန်ထမ်းနည်းဥပဒေများ အခန်း ၂၊ ဝန်ထမ်းခန့်ထားခြင်း ဆိုင်ရာ သတ်မှတ်ချက်များ နည်းဥပဒေ ၁၂ အရ ဝန်ထမ်းအဖြစ်မှ အလိုအလျောက် ရပ်စဲပြီဖြစ်ကြောင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

စည်ပင်သာယာရေး ကော်မတီ၏ အကြောင်းကြားစာတွင် ဦးကြည်လွင်အနေဖြင့် ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်နေ့မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တနှစ်နှင့် ၈ လအကြား လစာမဲ့ ဝန်ထမ်းအဖြစ် အားကစား တာဝန် ထမ်းဆောင် စေခဲ့ပြီး လစာမဲ့ခွင့် အဖြစ် ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ၄ နှစ်ကြာခံစားခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း တဦးဖြစ်သည့် ဦးကြည်လွင် သည် တပ်မတော်တွင်လည်း ၉ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့စဉ် တွင်လည်း အားကစားပိုင်းကိုသာ တာဝန်ယူခဲ့သူဖြစ်ပြီး ရန်ကုန်မြို့တော်ဝန် ဦးကိုကိုလေး လက်ထက် ၁၉၉၃ ခုနှစ် စည်ပင်သာယာရေး ကော်မတီတွင် အလုပ်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

စည်ပင်ဝန်ထမ်းအဖြစ် လုပ်ကိုင်စဉ်တွင်လည်း မြို့တော်ဝန် အဆက်ဆက်၏ ခွင့်ပြုချက်ဖြင့် အားကစားပိုင်းကိုသာ ဆက်လက် တာဝန်ယူခဲ့ပြီး ၁၉၉၃ ခုနှစ် SEA GAME ပြိုင်ပွဲတွင် စည်ပင်ကိုယ်စားပြု ကစားသမား တဦးအနေဖြင့် မြန်မာ့လက်ရွေးစင် အသင်းနှင့်အတူ ငွေတံဆိပ်ရယူနိုင်ခဲ့ကြောင်း ဦးကြည်လွင် က ပြောသည်။

ဝန်ထမ်းဘဝ တလျှောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အတူအားကစား တာဝန်များ ထမ်းဆောင်ခဲ့သည့် ဦးကြည်လွင် အနေဖြင့် အစိုးရ အဆက်ဆက် ပေးအပ်ခဲ့သည့် ဂုဏ်ပြု ဆုတံဆိပ်များကို ရရှိခဲ့သူ တဦးလည်း ဖြစ်သည်။

ကစားသမားဘဝမှ အနားယူခဲ့ပြီးနောက် ဘောလုံးနည်းပြ အဖြစ်လုပ်ကိုင်ခဲ့သည့် ဦးကြည်လွင် အနေဖြင့် လက်ရှိတွင် မြန်မာလက်ရွေးစင် U-21 နည်းပြချုပ် တာဝန်ယူထားသကဲ့သို့ မကွေး ယူနိုက်တက် အက်ဖ်စီ ဘောလုံး အသင်းတွင်လည်း အကြံပေးအဖွဲ့ဝင် အဖြစ် လုပ်ကိုင်နေသူဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading