သတင်း

မန္တလေးခရိုင်၌ ခိုးမှု၊ လုယက်မှု ကျူးလွန်သူ ထက်ဝက်ကျော် လူငယ်များဖြစ်ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်

၂၀၁၇ ခုနှစ်အတွင်း မန္တလေးခရိုင်၌ အမှုအခင်း ကျုးလွန်ခဲ့သော တရားခံများ ၏ ထက်ဝက် ကျော်သည် အသက် ၁၈ နှစ်မှ ၂၅ နှစ် အတွင်း လူငယ်များဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင်က ပြောသည်။

ယမန်နေ့ နံနက်က ပြုလုပ်သော မန္တလေးခရိုင်အတွင်း ၂၀၁၇ ခုနှစ် တနှစ်လုံး မှုခင်းကျဆင်းရေး နှင့် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ချက်များ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

“မိတဲ့တရားခံ လူငယ်တွေအများစုမှာ ပျံကျ အလုပ်လုပ်ကိုင်တဲ့သူ၊ အောက်ခြေ ဝန်ထမ်းတွေများတယ်။ တချို့လည်း ကျောင်းတက် နေတာတွေလည်း ပါတယ်။ လူငယ်တွေဘာလို့ အခုလို မှုခင်း ကျုးလွန်ရလဲဆိုတော့ အလုပ်အကိုင် ရှား တာ၊ ပုံမှန်ဝင်ငွေ မရှိတာ၊ ခေတ်အရ ရုပ်ဝတ္ထု ပစ္စည်းတွေ တိုးတက်လာတော့ အဲဒါတွေကို အမီလိုက် သုံးချင်တဲ့ စိတ် တွေရယ် နောက်တခုက မူးယစ်ဆေးဝါးကြောင့် ငွေကြေး လိုအပ်မှုတွေ များလာလို့ ဖြစ်ပါတယ်”ဟု ဒုရဲမှူးကြီး မျိုးအောင် က ပြောသည်။

ပြီးခဲ့သည့် တနှစ်လုံး မန္တလေးခရိုင် ၇ မြို့နယ်အတွင်း ခိုးမှု၊ လုယက်မှုဖြင့် အရေးယူခဲ့သည့် အမှုပေါင်း ၁၁၀၀ ကျော် ရှိခဲ့ပြီး တရားခံစုစုပေါင်း ၁၂၀၀ ကျော် ဖော်ထုတ်ဖမ်းဆီးခဲ့ရာ တရားခံ ၆၇၀ ကျော်သည် အသက် ၁၈ နှစ်မှ ၂၅ နှစ် အတွင်း လူငယ်အမျိုးသား အများစုဖြစ်ကြောင်း မန္တလေး ခရိုင် ရဲတပ်ဖွဲ့၏ မှုခင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

ခိုးမှု၊ လုယက်မှု ကျုးလွန်သူများကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၉၊ ၃၈၀၊ ၃၈၂ တို့ဖြင့် ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ် အထိ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် တရားခံ အများစုသည် အောင်မြေသာစံ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန် မြို့နယ်တို့မှ အများဆုံး ဖြစ်ပြီး ထိုမြို့နယ်များအနက် ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်သည် မြို့သစ် ဧရိယာဖြစ်ပြီး ဧရိယာ ကျယ်ခြင်း၊ ကျုးကျော်နှင့် ပျံကျ နေထိုင်သူ များပြားသည့်အပြင် စိတ်ကြွ ဆေးပြား အပါအဝင် မူးယစ်ဆေးဝါးများလည်း မကြာခဏ ဖမ်းဆီးရမိသည့် နယ်မြေများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းများက ဆိုသည်။

ချမ်းမြသာစည်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက “လူငယ်တွေ ကျုးလွန်တဲ့ မှုခင်းတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်မှာ နောက်ခံ အကြောင်းရင်း ဇစ်မြစ်က မူးယစ်ဆေးဝါး ကြောင့်လို့ ပြောလို့ ရနိုင်တယ်။ သူတို့တွေကို ဖမ်းပြီး ပြစ်ဒဏ်ချလိုက်ရုံနဲ့ ဒီကိစ္စက ပြီးသွားမှာ မဟုတ်ပါဘူး။ ဖြစ်ရတဲ့ အကြောင်းအရင်း တွေကိုရှာပြီး စနစ်တကျ၊ နည်းဗျူဟာနဲ့ ဆောင်ရွက်နိုင်မှ ဒီအမှုအခင်းတွေ လျော့ပါးသွားမှာပါ။ တရားဥပဒေပိုင်းမှာလည်း ပြစ်မှု၊ ပြစ်ဒဏ် မမျှ တာတွေကို ပြန်လည် ပြင်ဆင်ဖို့ လိုအပ်ပါမယ်” ဟု ဧရာဝတီကို ပြောသည်။

ဦးမြင့်အောင်မိုးသည် ၎င်း၏ မဲဆန္ဒနယ်အတွင်း ပြီးခဲ့သည့် နှစ်လယ်မှစတင်၍ ကိုယ်ထူကိုယ်ထ မှုခင်း ကြိုတင် ကာကွယ် တားဆီးရေး အဖွဲ့ဖွဲ့ကာ ညစဉ် ဆိုင်ကယ်လှည့်ကင်းများနှင့် လုံခြုံရေး ဆောင်ရွက်နေသူ တဦးလည်း ဖြစ် သည်။

ချမ်းမြသာစည် မြို့နယ်အတွင်း ပိုက်ဆံအိတ် လုပြေးခြင်း ခံခဲ့ရဖူးသူ ဒေါ်သီသီထွေးက “အန်တီတို့စီးလာတဲ့ ဆိုင်ကယ် အနားကို သူတို့ဆိုင်ကယ် ကပ်လာပြီး ပေါင်ပေါ်တင်ထားတဲ့ ပိုက်ဆံအိတ်ကို ရုတ်တရက်ကြီး ဆွဲလုပြေးသွားတာ။ အော်ချိန်တောင် မရလိုက်ဘူး။ လုသွားတဲ့ ကောင်လေးတွေ ရုပ်တွေကြည့်လိုက်တော့ သန့်သန့်ပြန့်ပြန့် လေးတွေနဲ့ ထင်ရက်စရာတောင် မရှိဘူး” ဟု က ဧရာဝတီကို ပြောပြသည်။

ယခု ၂၀၁၈ ခုနှစ်တွင် မှုခင်းကျဆင်းရေး အတွက် မန္တလေးခရိုင် ရဲတပ်ဖွဲ့အနေဖြင့် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ်များ အပေါ် အခြေခံကာ ဖြစ်ပွားမှုများသည့် နေရာ၊ အချိန်၊ အသက် စသည်ဖြင့် စိစစ်သတိပြု၍ သက်ဆိုင် ရာ တာဝန်ရှိ ဌာနများနှင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဒုရဲမှုးကြီး မျိုးအောင်က ပြောသည်။

Loading