ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ မြင့်မားလာသည့် ရန်ကုန်မြို့တွင် တိုယိုတာ ကုမ္ပဏီသည် ယာဉ်အန္တရာယ်ကင်းရှင်းရေး ပညာပေး အစီအစဉ်တခုကို စတင်လုပ်ဆောင်နေကြောင်း Nikkei Asian Review သတင်းတပုဒ်အရ သိရသည်။
တိုယိုတာသည် မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ အကျိုးအမြတ်မယူသော နိုင်ငံတကာ အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့လမ်းအန္တရာယ် ကင်းရှင်းရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့တို့ နှင့် ပူးပေါင်းပြီး ရန်ကုန်ရှိ ကျောင်းများတွင် စမ်းသပ်စီမံချက်တခုကို ၂၀၁၈ ခုနှစ် ပထမနှစ်ဝက်အတွင်းစတင်မည်ဖြစ်သည်။ ယာဉ်များ၏ အမြန်နှုန်းနှင့် ကလေးငယ်များ လမ်းကူးသည့် အလေ့အထများ အပါအဝင် ကျောင်းများအနီးရှိ လမ်းနှင့် ယာဉ်သွားလာမှုများကို လေ့လာခြင်းအားဖြင့် ထိုစီမံကိန်းသည် မြန်မာနိုင်ငံ၏ ထူးခြားသော ယာဉ်အန္တရာယ် ဆိုင်ရာပြဿနာများကို လေ့လာမည်ဖြစ်သည်။
ထိုနောက် အထက်ပါ လေ့လာရေးအဖွဲ့သည် အခြေခံပညာ ကျောင်းသားများနှင့် ဆရာများအတွက် ပညာပေးအစီအစဉ်များ ရေးဆွဲမည်ဖြစ်သည်။ မိဘများနှင့် အုပ်ထိန်းသူများအတွက် အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ကျင်းပပြီး ရေရှည်တည်တံ့သော ယာဉ် အန္တရာယ်ကင်းရှင်းရေး ပညာပေးအစီအစဉ်များ ဖြစ်စေရန် လုပ်ဆောင်မည်ဖြစ်သည်။
၂၀၁၆ ခုနှစ်အတွင်း ရဲတပ်ဖွဲ့သို့တိုင်ကြားသည့် ယာဉ် မတော်တဆမှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၄၉၀၀ ခန့်ရှိသည်ဟု ပြည်တွင်းမီဒီယာများက ဆိုသည်။ သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ ၂၀၁၃ ခုနှစ် တနှစ်တည်းတွင် မြန်မာနိုင်ငံ၏ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၈၈၀၀ နှင့် ၁၃၀၀၀ ကြား ရှိသည်ဟု သိရသည်။
လမ်းကူးသူ လမ်းသွားလမ်းလာများကို ဦးစားပေးသော စည်းကမ်းကို မြန်မာနိုင်ငံတွင် အများပြည်သူ သိရှိလိုက်နာမှု နည်းသောကြောင့် မြန်မာနိုင်ငံတွင် မော်တော်ယာဉ်ဆိုင်ရာ မတော်တဆမှု များပြားနေခြင်းဖြစ်သည်။ ကားအရေအတွက် ရုတ်တရက် တိုးမြင့်သွားသောကြောင့် မြန်မာနိုင်ငံသည် မီးပွိုင့်များ၊ လမ်းအမှတ်အသားများကို အလျှင်မီအောင် တပ်ဆင်နိုင်ခြင်းလည်း မရှိတော့ပေ။ ယာဉ်မောင်းသူအများအပြားသည် အန္တရာယ်များသော ယာဉ်ကြောပြောင်းလဲမှုများ ပြုလုပ်သောကြောင့်လည်း ယာဉ် မတော်တဆမှု မကြာခဏဖြစ်ရသည်။
တိုယိုတာ အမှတ်တံဆိပ်သည် မြန်မာဈေးကွက်တွင် တပတ်ရစ်ကားများ တင်သွင်းမှု များပြားနေခဲ့ချိန်က လူကြိုက်အများဆုံး ဖြစ်ခဲ့သည်။ တပတ်ရစ်ကား တင်သွင်းမှုကို အစိုးရက တင်းကျပ်နေပြီး ကားအသစ်စက်စက်များ ဝယ်စီးစေရန် ပုံဖော်နေသော လက်ရှိအချိန်တွင်မူ တိုယိုတာသည် မြန်မာပြည်အတွက် ကားအသစ်စက်စက်များကို အိမ်နီးချင်း ထိုင်း၊ မလေးရှားကဲ့သို့ နိုင်ငံများမှ စက်ရုံများတွင် ထုတ်လုပ်သော ကားများကို တင်သွင်းရောင်းချနေသည်။
မြန်မာနိုင်ငံတွင် ကားစက်ရုံ လာတည်ထောင်ပြီး ထုတ်လုပ်ရောင်းချရေးမှာမူ မသေချာသေးပေ။