ရခိုင် အမျိုးသား ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် နုတ်ထွက် စာတင်ထားသည့်ကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့ရှိ ပါတီ ဗဟိုဌာနချုပ်တွင် ကျင်းပနေသော အစည်းအဝေးတွင် ထိပ်သီးခေါင်းဆောင်များ အကြိတ်အနယ်ဆွေးနွေးနေပြီး ဆုံးဖြတ်ချက် မချရသေးကြောင်း သတင်း ရရှိသည်။
ဒေါက်တာအေးမောင်ကိစ္စ အပါအဝင် ရခိုင်အမျိုးသားပါတီ (ANP) ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဗဟို အလုပ်အမှုဆောင် ကော်မတီ၊ ဗဟိုကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်ကိုယ်စားလှယ်များ ပါဝင်သော တွေ့ဆုံဆွေးနွေးပွဲ တရပ်ကို ဇန်နဝါရီလ ၄ ရက်မှ ၇ ရက်နေ့ အထိ ၄ ရက်ကြာ ကျင်းပလျက် ရှိသည်။
ပါတီအထွေထွေအတွင်းရေးမှူး ဖြစ်သူ ဦးထွန်းအောင်ကျော်က “ကျနော်တို့ အခုကျင်းပနေတဲ့ အစည်းအဝေးမှာ ဥက္ကဋ္ဌကြီး ဒေါက်တာအေးမောင်ကိစ္စကို အချက် ၁ ချက်ထည့်သွင်းပြီးတော့ ဆွေးနွေးနေပါတယ်။ လောလောဆယ်တော့ သူ့ကိစ္စကို ပါတီအနေနဲ့ မဆုံးဖြတ်နိုင်သေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်အမျိုးသားပါတီ၏ ၄ ရက်ကြာ ကျင်းပသော ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် အစည်းအဝေး ပထမနေ့၌ မြို့နယ် အသီးသီးမှ တင်သွင်းလာသော စာတမ်းများကို ဖတ်ကြားခဲ့ကြပြီး ဒုတိယနေ့ဖြစ်သည့် ဇန်နဝါရီလ ၅ ရက်နေ့တွင် ဒေါက်တာအေးမောင်ကိစ္စကို အကျေအလည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဒေါက်တာ အေးမောင်ကို ပါတီမှ နုတ်ထွက်ခွင့်ပေးရန်၊ ပါတီတာဝန် ပြန်လည် ထမ်းဆောင်ရန်၊ ဆွေးနွေးရန်ဟုဆိုကာ အကြောင်းအရာ ၃ ခု ထွက်ရှိခဲ့ပြီး လတ်တလော မဆုံးဖြတ်ပဲ အချိန်တခု ပေးသင့်သည်ဟု အသီးသီး ဆွေးနွေးခဲ့ကြသည်။
ကျောက်ဖြုမဲဆန္ဒနယ်မှ ပြည်နယ်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က “ ကျနော့်ရဲ့တဦးတည်းဆန္ဒအရ ဆိုရင်တော့ ဒေါက်တာအေးမောင်ကို နုတ်ထွက်ခွင့်ပေးသင့်တယ်လို့ မြင်ပါတယ်။ နုတ်ထွက်ခွင့် မပေးလိုက်ရင် ဘာဖြစ်မလဲဆိုရင် ပါတီထဲမှာ လူပဲ ရှိနေမယ်။ ပါတီကို လူမလာဘူး ။ ဒါမျိုးတွေ ဖြစ်မယ်။ ပါတီကိုလာရင်လည်း ပါတီနဲ့ ကင်းကွာမယ်” ဟု အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့သည်။
ရခိုင်အမျိုးသားပါတီ၏ အစည်းအဝေး တတိယနေ့နှင့် စတုတ္ထနေ့ နှစ်ရက်တွင်မူ ပါတီဗဟိုကော်မတီ အဖွဲ့ဝင်များသာ ဆွေးနွေးတော့မည် ဖြစ်ပြီး ဒေါက်တာအေးမောင်၏ နုတ်ထွက်စာကိစ္စ အပေါ် မတူကွဲပြားသော အကြောင်းအရာများ ထွက်ပေါ်လာသည့်အတွက် ယနေ့ ကျင်းပနေသော ဗဟိုကော်မတီ အစည်းအဝေးတွင် ၎င်းအကြောင်းအရာ ၃ ကိုအား ဦးတည်ကာ ဆက်လက် ဆွေးနွေးနေကြောင်း သိရသည်။
ရခိုင်အမျိုးသားပါတီ၏ အစည်းအဝေးတွင် လက်ရှိရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေသော နိုင်ငံရေးအခြေအနေနှင့် ရခိုင်အမျိုးသားပါတီ၏ အခန်းကဏ္ဍ၊ ပါတီခိုင်မာစွာတည်ဆောက်ရေးနှင့် ပါတီပိုင်းဆိုင်ရာ စည်းရုံးရေး၊ ဘင်္ဂါလီပြန်လည် လက်ခံရေးကိစ္စတွင် အစိုးရအနေဖြင့် တစုံတရာ အသိပေး၊ တိုင်ပင်ခြင်း မရှိမှု ဆိုသည့် အကြောင်းအရာများကို ဦးစားပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။