ထိုင်းနိုင်ငံမှ ဝက်များကို တရားမဝင် သယ်ဆောင်လာသော ကုန်တင်ယာဉ် ၁၂ စီးကို မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း ဒီဇင်ဘာ ၅ ရက်နေ့က ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မုတ္တမဘက်မှ ဖမ်းမိသည့် ဝက်ကုန်တင်ယာဉ် ၁၁ စီးတွင် ကုန်တင်ယာဉ် ရှစ်စီးကို ဝက်များနှင့် အတူ ဖမ်းမိခဲ့ခြင်း ဖြစ်ပြီး ကျန် ၃ စီး သည် ကျုံကကျေးရွာတွင် ဝက်များချ၍ ထွက်ပြေးခြင်းကြောင့် ကားအလွတ်များကိုသာ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရမိခဲ့သော ဝက်များထဲတွင် ဝက်အရှင် ၃၄၉ ကောင်နှင့် ဝက်အသေ ၈၃ ကောင် ပါဝင်ကြောင်း မုတ္တမ နယ်မြေရဲစခန်းထံမှ တာဝန်ရှိသူတဦးက ဆိုသည်။
“ဝက်မွေးမြူရေးသမားတွေနဲ့ ရွာသားတွေက ဝိုင်းဝန်းဖမ်းဆီးပြီးတော့ အဖွဲ့စုံကို အကြောင်းကြားတာပေါ့၊ မုတ္တမစခန်းမှူးနဲ့ နယ်ထိန်းကို အကြောင်းကြားတယ်။ ပြီးတော့ ပြည်နယ်မွေးကု၊ ပြည်နယ်မွေးမြူရေး အဖွဲ့ချုပ်ကို အကြောင်းကြားတယ်၊ ပေါင်မြို့နယ်က မြို့နယ်အထွေအုပ်၊ မြို့နယ်ရဲမှူးပေါ့၊ အားလုံးလာပေါင်းကြတာပေါ့၊ အဓိကဖမ်းဆီးပေးကြတာ ကျေးလက်ပြည်သူနဲ့ မွေးမြူရေးသမားတွေပါ”ဟု မွန်ပြည်နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ကိုညိုမင်းက ပြောသည်။
အဆိုပါနေ့ နံနက် ၄ နာရီက ကျိုက်ကော်မြို့တွင် တရားမဝင် ထိုင်းဝက်များ တင်ဆောင်လာသည့် ကားတစီး ဖမ်းဆီး ရမိခဲ့ပြီးနောက် ပေါင်မြို့နယ်ရှိ ဇင်းဘာရွာတွင် တစီး၊ တိုးကျရွာတွင် ခြောက်စီး၊ ကျုံကရွာတွင် ၁ စီး၊ နတ်ကြီးချောင်ကျေးရွာတွင် တစီးနှင့် ရင်းငြိမ်ကျေးရွာတွင် နှစ်စီး ဆက်လက်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
တရားမဝင် ဝက်များသယ်ဆောင်လာသော ယာဉ်မောင်းများသည် ယာဉ်များထား၍ ထွက်ပြေးသွားကြသဖြင့် လက်ရှိတွင် ယာဉ်မောင်း ၅ ဦးကို ဖမ်းဆီးရမိထားပြီး မုတ္တမနယ်မြေရဲစခန်းတွင် ခေတ္တ ထိန်းသိမ်းထားကာ ၎င်းတို့ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပေါင်မြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့သို့ သယ်ဆောင်မည့် ထိုင်းဝက်အကောင် ၇၀ ပါ ကုန်တင်ယာဉ်တစီးကို ဒေသခံများ၏ သတင်းပေး တိုင်ကြားမှုကြောင့် မော်လမြိုင်၊ အတ္တရံတံတားထိပ်၌ ဖမ်းဆီးရမိခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း မိတ္ထီလာမြို့သို့ သယ်ဆောင်မည့် ထိုင်းဝက် ၁၁၆ ကောင်ပါ ကုန်တင်ယာဉ်နှစ်စီးကို မုတ္တမ-မော်လမြိုင် သံလွင်တံတားတွင် ဖမ်းဆီးရမိခဲ့ခြင်းကြောင့် ဝက်များနှင့် ဝက်တင်ယာဉ်များကို ပြည်သူပိုင်အဖြစ် သိမ်းဆည်း ကာ ထိုင်းဝက်သယ်လာသူ လေးဦးကို မော်လမြိုင်မြို့နယ် တရားရုံးက ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ထောင်ဒဏ်တနှစ်စီ အမိန့်ချမှတ်ခဲ့သည်။
ထိုင်းနိုင်ငံမှ ဝက်သားပေါက်များအပြင် ဝက်ကြီးများပါ မြန်မာနိုင်ငံအတွင်း ဝင်လာ၍ ဝက်သားပေါက် ထုတ်လုပ် ရောင်းချသူများရော၊ ဝက်ကြီးမွေးမြူသူများပါ ဈေးကွက်ထိခိုက်ရခြင်းကြောင့် ဝက်မွေးမြူရေးလုပ်ငန်းရှင်များ အရုံးပေါ်သည့် အခြေအနေများလည်းရှိကြောင်း ဝက်မွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။
ဝက်မှောင်ခိုကားများသည် ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ကရင်ပြည်နယ်၊ မြဝတီလမ်းကြောင်းမှ မွန်ပြည်နယ်သို့ ဖြတ်သန်းသွားလာနေခြင်းလည်း ဖြစ်သည်။