ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်တွင် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)တို့အကြား ယနေ့ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း RCSS/SSA ၏ တောင်ကြီးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းဦးက ဧရာဝတီသို့ ပြောသည်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က မိုင်းပျဉ်းမြို့နယ်ရှိ နားရမ်းကျေးရွာအနီး နံနက် ၅ နာရီခွဲက RCSS နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁၁ နာရီဝန်းကျင်တွင် ပိန်းဆန်ကျေးရွာနှင့် လွှမ်းကျောက်ကျေးရွာ အကြား တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့သည်။
RCSS/SSA မှ ဒုဗိုလ်မှူးကြီး စိုင်းဦးက “ဒီနေ့ မနက် ၅ နာရီခွဲက တကြိမ်၊ ၁၁ နာရီက တကြိမ် တပ်မတော်နဲ့ တိုက်ပွဲဖြစ်တယ်။ သူတို့က နယ်မြေ ရှင်းလင်းရေးဆိုပြီးတော့ စစ်ကြောင်း ၂ ကြောင်း ပေါင်းပြီး လှုပ်ရှားလာရင်က ထိတွေ့ ပစ်ခတ်မှု ဖြစ်ခဲ့တယ်။ တိုက်ပွဲကတော့ မပြင်းပါဘူး”ဟု ပြောသည်။
အဆိုပါ တိုက်ပွဲတွင် တပ်မတော်ဘက်မှ ခမရ ၅၂၈ နှင့် ခလရ ၄၃ တို့ ပူးပေါင်း၍ နယ်မြေ ရှင်းလင်းရေး လှုပ်ရှားစဉ် RCSS/SSA တပ်ဖွဲ့ဝင်များနှင့် ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဇန်နဝါရီ ၃ ရက်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ် နောင်လိုင် ကျေးရွာအုပ်စု၊ နောင်ခိန်ကျေးရွာ အနီးတွင် တပ်မတော် ခလရ ၂၉၂ ၊ ခမရ ၃၃၂ ပူးပေါင်း စစ်ကြောင်းနှင့် RCSS ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ RCSS ဘက်မှ တဦး ကျဆုံးခဲ့ကြောင်း RCSS ဘက်မှ ပြောသည်။
“ လွိုင်လင်မြို့နယ်ထဲမှာ ဖြစ်တာကျတော့ ကျနော်တို့ တပ်ဖွဲ့ဝင် ၄ ဦးက ထမင်းစားနေတာ အဲဒီမှာ တပ်မတော်က အင်အား ၈၀ ကျော်လောက်နဲ့ ရောက်လာပြီးတော့ ပစ်တယ်။ ကျနော်တို့ဘက်က ၁ ဦး ကျသွားတယ်”ဟု RCSS/SSA မှ ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောသည်။
အဆိုပါ ဇန်နဝါရီ ၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-S)ထံ တိုင်ကြားထားပြီး ယနေ့ ဖြစ်ပွား သော တိုက်ပွဲ ဖြစ်စဉ်ကိုတော့ မတိုင်ကြား ရသေးကြောင်း ၎င်းက ပြောသည်။
JMC-S တွင် RCSS တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံထားရမှု၊ တိုက်ပွဲများ ဖြစ်ပွားနေမှု တို့ အပါအဝင် ပြဿနာ ၄၊ ၅ ခုကို တိုင်ကြားထားသော်လည်း ထိထိရောက်ရောက် ဖြေရှင်း ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်း၊ ဆက်ဆံရေးရုံးများက တဆင့် ဆက်သွယ် ဆောင်ရွက်ရာမှာလည်း တပ်မတော်ဘက်က အကြောင်း ပြန်ကြားမှုများ မရှိသည့်အတွက် ပြဿနာဖြစ်ပါက မဖြေရှင်းနိုင်ပဲ ဖြစ်နေကြောင်း RCSS/SSA ၏ တောင်ကြီးမြို့ ဆက်ဆံရေးရုံး မှ သိရသည်။
RCSS/SSA မှ ဒုဗိုလ်မှူးကြီး စိုင်းဦးက “ ဒီလို ဖြစ်နေတာက ငြိမ်းချမ်းရေးအပေါ် တစုံတရာတော့ အနည်းနဲ့ အများ ထိခိုက်လာနိုင်တယ်။ ငြိမ်းချမ်းရေးအပေါ် ယုံကြည်မှု နည်းပါးလာနိုင်တယ်။ ကျနော်တို့ NCA ကို သွားတာက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းချင်လို့ပါ။ ငြိမ်းချမ်းရေးကို အင်အားသုံး မဖြေရှင်း ဖို့၊ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ပြောချင်ပါတယ်”ဟု ပြောသည်။
RCSS/SSA သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အပါအဝင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ်များကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အစိုးရ၊တပ်မတော်၊ တခြားသော လက်နက်ကိုင် အဖွဲ့အစည်း များနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်နေသည်။
လက်ရှိတွင် RCSS သည် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ (ရှမ်းလူမျိုး)ကို လင်းခေးမြို့တွင် ကျင်းပနိုင် ရေးအတွက် ပြင်ဆင်နေသည်။ သို့သော် ရှမ်းလူထု အကြို တွေ့ဆုံပွဲများကို ရှမ်းပြည်နယ်၊ ကယား ပြည်နယ်၊ ကချင်ပြည်နယ် တို့ရှိ မြို့နယ် ၁၄ မြို့နယ်မှာ လိုက်လံ ကျင်းပနေစဉ် တပ်မတော်၏ တားဆီးမှုများ ခံရသည်။
ထို့နောက် ဇန်နဝါရီ ၇ ရက်မှ ၉ ရက်အထိ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ရှမ်းလူထု အကြို တွေ့ဆုံပွဲ ကျင်းပရန် ပြင်ဆင်မှုကိုလည်း တပ်မတော်က လင်းခေးမှ လွဲ၍ အခြားနေရာများ မကျင်းပရန် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက် စာထုတ်ခဲ့သည်။