ကျနော်တို့ရဲ့ နေ့စဉ် အစားအစာတခုထဲမှာ ပါပေမယ့် သတိမထားမိတဲ့အချက်က နွားနို့ဟာ ဘယ်လောက်ကြာအောင် အထားခံသလဲ၊ ဘယ်အချိန်မှာ သောက်သုံးဖို့ မသင့်တော့ဘူးလဲ ဆိုတာပဲ ဖြစ်ပါတယ်။
အသင့်သောက်သုံး နွားနို့တွေမှာတော့ အထားခံအောင် ဖန်တီးထားသလို ဘယ်တော့ ရက်လွန်မယ်ဆိုတာ ဖော်ပြထားတာ ပါရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီ နို့တွေကလည်း အဖုံးဖွင့်လိုက်ပြီး (ပြင်ပလေနဲ့ထိတွေ့မှုဖြစ်ပြီး) မကြာခင်မှာ သောက်သုံးဖို့ အကောင်းဆုံး အနေအထား မဟုတ်တော့ပါဘူး။ ပြီးတော့ အဖုံးဖွင့်လိုက်ပြီးအချိန် ဘယ်လောက်ထိအောင် နွားနို့က အကောင်းဆုံး အနေအထား ရှိနေပါသေးသလဲ။
Eat By Date ရဲ့ ဖော်ပြချက်ကို ကိုးကားပြီးတော့ နွားနို့တွေရဲ့ အထားခံမှုကို နည်းနည်းလောက် ပြောပါရစေ။ တကယ်လို့ အအေးခံ ထားမယ်ဆိုရင်တော့ နွားနို့ဟာဖွင့်ပြီး(ပြင်ပလေနဲ့ ထိတွေ့ပြီး)သည့်တိုင်အောင် ၄ ရက်ကနေ ၇ ရက်ထိအောင် အထားခံနိုင်မယ်လို့ ဆိုပါတယ်။ တကယ်လို့ အဖုံးမဖွင့်သေးဘူး၊ မသောက်ဖြစ်လို့ ဒီအတိုင်းပဲ ထားတယ်ဆိုရင်တောင် နွားနို့ဟာ ၅ ရက်ကနေ ၇ ရက် အတွင်းပဲ အကောင်းဆုံးဖြစ်တယ်လို့ ဆိုသလို အဆီလျော့ထားတဲ့ နွားနို့တွေ၊ မလိုင်တွေတောင်မှ ၇ ရက်ထိပဲ အကောင်းဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ အဆီလုံး၀ မပါတဲ့ နွားနို့နဲ့ သကြားမပါတဲ့ နို့ တွေဆိုရင်တောင် ထုတ်လုပ်ရက်ကနေ ၇ ရက်နဲ့ ၁၀ ရက် အတွင်းမှာပဲ အကောင်းဆုံး သောက်သုံးဖိ့ု သင့်တယ်လို့ ဆိုထားပါတယ်။
ဒီနေရာမှာ အခုခေတ်က အသင့်သုံး၊ ပါကင်ပိတ် ပုံစံထုတ်လုပ်မှု များနေပြီဆိုတော့ ထုတ်လုပ်ရောင်းချသူက ထုတ်လုပ်ရက်ကို ရိုက်နှိပ်ထားမှု ပါရှိပြီး အဆိုပါ စာသားကို အဓိကအနေနဲ့ Sell by, use by, best if used by နဲ့ expires on တွေအဖြစ် အများဆုံး အသုံးပြုရိုက်နှိပ်ထားပါတယ်။ တကယ်လို့ နို့ဗူးပေါ်မှာ Best if used by ဆိုရင် အရည်အသွေးမြင့်ကြောင်း သိသာစေပြီး အထားခံနိုင်အောင် ဖန်တီးထုတ်လုပ်ထားတဲ့ နို့မျိုး ဖြစ်ပါတယ်။ ဖော်ပြပါ ရက်စွဲအတွင်း အကောင်းဆုံး သုံးနိုင်ပြီး အဆိုပါ ရက်စွဲ ကျော်လွန်သွားရင်တောင် အထက်မှာ ပြောသလို ၇ ရက်လောက်ထိအောင် ထပ်ပြီး အထားခံနိုင်မှာ ဖြစ်ပါတယ်။ Expires on လို့ ရိုက်ထားရင်တော့ အဆိုပါ ရက်စွဲကျော်ရင် နွားနို့က သောက်သုံးဖို့ လုံးဝ မသင့်တော့ကြောင်း ဖော်ပြထားတာပါလို့ လေ့လာသူ တဦး ဖြစ်တဲ့ Lindsey Pasiekaက ConsumerSafety.org က ပြောဆိုထားပါတယ်။
Sell by ဆိုတာကတော့ ကျနော်တို့ ဝယ်ယူသူတွေအတွက် ဆိုတာထက် တဆင့်ရောင်းချသူတွေကို ဖော်ပြပါ ရက်စွဲအတွင်း နောက်ဆုံးထားပြီး ဝယ်ယူသူလက်ထဲ နွားနို့တွေ ရောင်းချဖို့အတွက် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ Use by နဲ့ Sell by တွေက ဈေးကွက်မှာ ရောင်းချမှု အရည်အသွေးအတွက် မဖြစ်မနေ အသုံးပြုလာတဲ့ စာသားဖော်ပြချက်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် စားသုံးသူတွေကိုတော့ ဘယ်နေ့ထိအောင်ပဲ အကောင်းဆုံး သောက်သုံးနိုင်မယ်၊ ဘယ်ရက်ကျော်သွားရင် မကောင်းတော့ဘူး ဆိုတာ အသိပေး ဖော်ပြခြင်း မဟုတ်ဘဲ မိမိပစ္စည်း ဘယ်နေ့နောက်ဆုံး ရောင်းထွက်ဖို့ ပြင်ဆင်ထားခြင်း သဘော ဖြစ်နေစေပါတယ်။
နိုင်ငံတကာမှာတော့ စာသား ဖော်ပြချက်ကွဲပြားမှုရှိပြီး အများစုကတော့ Expires on လို ရက်လွန်မယ့် နေ့စွဲ ဖော်ပြချက် ရိုက်နှိပ်ထုတ်လုပ်မှု ရှိတယ်လို့ ဆိုပါတယ်။ တကယ်လို့ စာသား ဖော်ပြချက် မပါရှိခြင်းမျိုး၊ ဖော်ပြထားသည့်တိုင်အောင် မိမိ ကောင်းကောင်း နားမလည်ခြင်းမျိုး ဖြစ်နေရင်တော့ သင့်အနေနဲ့ တွေးစရာ ရှိတာက ဘယ်လို နွားနို့ကို သင် ဝယ်လိုက်တာလဲ ဆိုတာ ပြန်ကြည့်ရမှာပါ။ ပြီးတော့ ဘယ်နေ့ ရက်လွန်မယ် မသိရင်တောင် ထုတ်လုပ်မှု ရက်စွဲကို ကြည့်ပြီး ထုတ်လုပ်ထားတာ ဘယ်လောက်ကြာနေပြီ၊ ဘယ်လို ထုတ်ပိုးထားသလဲ ဆိုတာတွေ ကြည့်ပါ။
ပြင်ဆင်ချက်လုပ်ထားခြင်း မရှိသေးတဲ့ နွားနို့စိမ်း(ညှစ်ထားတဲ့အဆင့်)တွေဟာ အထားမခံပါဘူး။ ဘက်တီးရီးယားတွေ ပေါက်ဖွားများပြားမှု မြန်စေပြီး နွားနို့ကိုလည်း မြန်မြန်ချဉ်စေနိုင်ပါတယ်လို့ Pasieka က ရှင်းပြပါတယ်။ ဒီတော့ ဘယ်နေ့ ရက်လွန်မယ်ဆိုတာ ဖော်ပြမထားတဲ့ နွားနို့ကို ဝယ်တော့မယ်ဆိုရင် နွားနို့စိမ်း မဝယ်ဖို့ လိုမယ်၊ အလွယ်တကူ ထုတ်ပိုးထားတဲ့ နွားနို့ကို မဝယ်ဖို့လိုမယ်၊ ထုတ်လုပ်ရက် ဖော်ပြထားရင်တောင် ရက်နည်းနည်းကြာနေတဲ့ နွားနို့ကို မဝယ်မိဖို့ လိုအပ်ပါတယ်။
ဒါနဲ့ နွားနို့ဆိုတာ အအေးခံပြီး သောက်သုံးရမယ့် အစားအစာ တခုလား။ ဟုတ်ပါတယ်။ FDA ရဲ့ အဆိုအရ နွားနို့ကို အအေးမခံတော့ဘူး(ရေခဲသေတ္တာထဲမထားတော့ဘူး)ဆိုရင် အချိန် ၂ နာရီ ကျော်သွားတာနဲ့ သောက်သုံးဖို့ အကောင်းဆုံးမဟုတ်၊ မသင့်တော့ဘူးလို့တောင် တွေ့ရပါတယ်။ ဒီတော့ ဖြစ်နိုင်ရင်တော့ နွားနို့ကို အအေးခန်း(ရေခဲသေတ္တာ)ထဲမှာ ထားဖို့လိုတာပေါ့ဗျာ။
Real California Milk ရဲ့ လူမှုဆက်ဆံရေး ဒါရိုက်တာ Jen Giambroni ကတော့ သူတို့အနေနဲ့ နွားနို့ထုတ်လုပ်ရာင်းချမှုမှာ တခြားနယ်ဝေးကို တင်ပို့ဖို့အတွက်ကိုတောင်မှ နွားနို့ဗူးတွေကို အပူချိန် ၃၈ ကနေ ၄၀ ဒီဂရီ ဖာရင်ဟိုက် အတွင်းမှာပဲ ရှိတဲ့ ကွန်တိန်နာတွေနဲ့ ထည့်သွင်း သယ်ဆောင် ရောင်းချတယ်လို့ ဆိုပါတယ်။ ဒါဆိုရင်တော့ မိမိ အိမ်မှာလည်း နွားနို့ကို ရေခဲသေတ္တာထဲထည့်ပြီး ထားသင့်တယ်၊ အပူချိန်လည်း ၃၀-၄၀ ဒီဂရီ ဖာရင်ဟိုက် အတွင်းလောက်ဆိုရင် အကောင်းဆုံး ဖြစ်မှာပါ။
Pasieka က ဆက်ပြီးတော့ တချို့က နွားနို့ဗူးကို ရေခဲသေတ္တာရဲ့ တံခါးရွက်ဘောင်ထဲမှာပဲ အလွယ်ထားကြပါတယ်။ ဒါပေမယ့် ရေခဲသေတ္တာဖွင့်လိုက်တိုင်း အဆိုပါ နို့ဗူးက ပြင်ပလေနဲ့ ထိတေ့ွမှု ဖြစ်စေသလို ဘက်တီးရီးယားတွေ ပေါက်ဖွားမှု မြန်ဆန်စေပါတယ်။ နို့ဗူးကို ရေခဲသေတ္တာအတွင်းခန်းမှာပဲ ထည့်ပါ၊ နို့ဗူး ထားနေကျ နေရာ သီးသန့် သတ်မှတ်ထားရှိတာ အကောင်းဆုံးလို့ အကြံပေးထားပါတယ်။
တကယ်လို့ သင့်လက်ထဲက နွားနို့ဟာ သောက်သုံးဖို့ မသင့်တော့တဲ့ အနံ့၊ အရသာ၊ အရောင်အဆင်းမျိုး ဖြစ်နေရင် ဆက်လက် သောက်သုံးမှုလည်း မလုပ်ပါနဲ့။ ဗူးမှာ ဖော်ပြချက်ပါရှိရင်လည်း သေချာ ဖတ်ရှု မှတ်သား စားသောက်ပါ၊ စိတ်မချရတဲ့ အမှတ်တံဆိပ်မျိုးကိုလည်း ဝယ်ယူ စားသုံးဖိ့ု မသင့်သလို အစားအစာတွေမှာ သဘာဝအတိုင်း ပါရှိတဲ့ ဘက်တီးရီးယားတွေကြောင့် အချိန် တစ်ခု ရောက်ရင် စားသုံးဖု့ိ မသင့်လောက်အောင် ရက်လွန်မှု ဖြစ်သွားပါတယ်၊ သတိထားစားသုံးပါလို့ အမေရိကန် စိုက်ပျိုးရေးဌာနက ဆိုထားတာလည်း တွေ့ရပါတယ်။
www.rd.com တွင်ဖော်ပြထားတဲ့ Here’s how long your milk really lasts ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။