သူရ မချစ်ပို၏ နှစ် ၁၁၀ ပြည့် အထိမ်းအမှတ် ပွဲကို ပြင်ဦးလွင်မြို့ရှိ ဗုဒ္ဓ ကလျာဏယုဝ အသင်း (YMBA) ၌ ဖေဖော်ဝါရီလ တွင် ကျင်းပမည်ဟု သိရသည်။
သူရ မချစ်ပိုသည် တပ်မတော်သားများကိုသာ ချီးမြှင့်သည့် သူရဘွဲ့ကို တဦးတည်းသော အမျိုးသမီး အနေဖြင့် ရရှိထားသူ ဖြစ်သည်။
မချစ်ပိုသည် မေမြို့ (ပြင်ဦးလွင် ) ဇာတိမဟုတ်ဘဲ ထားဝယ်သူဖြစ်ကာ မောင်ဖြစ်သူတဦး BE တပ် (အင်ဂျင်နီယာ တပ်) သို့ ဝင်ရောက်သွားသည် ကို လိုက်လံရှာဖွေရာက မေမြို့သို့ ရောက်ရှိလာသူ ဖြစ်သည်။
ထိုသို့ ရောက်ရှိလာပြီး BE တပ်မှ တပ်ကြပ် လှမောင်နှင့် အိမ်ထောင်ကျခဲ့ပြီး တပ်မိသားစုများနှင့် နေထိုင်ခဲ့စဉ် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ကရင်အမျိုးသား ကာကွယ်ရေး တပ် (KNDO) အဖွဲ့ဝင်များက မေမြို့ကို ဝင်ရောက် စီးနင်း တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
ထိုအချိန်က မေမြို့အား KNDO က သိမ်းပိုက်ခဲ့ရာ တပ်မတော်နှင့်အတူ အရပ်သားများလည်း ရရာ လက်နက်ဖြင့် တိုက်ပွဲ ဝင်ခဲ့ကြသည်။ တိုက်ပွဲကာလတွင် မချစ်ပိုသည် သတင်း ထောက်လှမ်းခြင်း တာဝန်ယူမှုများ ပြုလုပ်ခဲ့သည်ဟု သမိုင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။
မချစ်ပိုသည် ခင်ပွန်းဖြစ်သူ တိုက်ပွဲတွင် ကျဆုံးခဲ့ရပြီးနောက် ကျရာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရ သည်။
မေမြို့ကို ပြန်လည် သိမ်းပိုက်သည့် တိုက်ပွဲတွင် မချစ်ပိုသည် တပ်မတော်နှင့် အတူ စွန့်စွန့်စားစား ဆောင်ရွက်မှုများ ပြုလုပ် ခဲ့သည်ဟု ဆိုသည်။
ထိုသို့ တပ်မတော်နှင့်အတူ တိုက်ပွဲဝင်ခဲ့ရာက ၁၉၄၉ ခုနှစ် ဧပြီလ ၈ ရက် အသက် ၄၂ နှစ် အရွယ်တွင် ကျဆုံးခဲ့ရာ မချစ်ပို ကို ဂုဏ်ပြုသောအားဖြင့် ၁၉၅၀ ပြည့်နှစ် လွတ်လပ်ရေး နေ့တွင် အစိုးရက သူရ ဘွဲ့ ချီးမြှင့်ခဲ့ကြောင်း မှတ်တမ်းများတွင် ပါရှိ သည်။
ယခုအခါ မချစ်ပို ကျဆုံးခဲ့သည်မှာ နှစ် ၇၀ ပြည့်မြောက်ခဲ့ပြီး ဖြစ်သည်။
အဆိုပါ တဦးတည်းသော အမျိုးသမီး သူရဘွဲ့ရ မချစ်ပို၏ အုတ်ဂူသည် ပြင်ဦးလွင်မြို့ ထုံးဘို ရပ်ကွက်တွင် တည်ရှိနေပြီး မြို့သူမြို့သာများက ထိန်းသိမ်း စောင့်ရှောက်ထားသည်။
သူရ မချစ်ပိုသည် ၁၉၀၇ ခုနှစ် ဖွားမြင်သူဖြစ်ရာ မချစ်ပို၏ အာဇာနည်စိတ်ဓာတ်ကို အောက်မေ့သတိရသော အားဖြင့် သူ၏ အသက် နှစ် ၁၁၀ ပြည့်ပွဲကို ကျင်းပရန် စီစဉ်ရ ခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ နှစ် ၁၁၀ ပြည့်ပွဲတွင် သံဃာများအား ဆွမ်းကပ်ခြင်းနှင့် သူရမချစ်ပို နှင့်ပတ်သက်သော စာစောင် ထုတ်ဝေခြင်း စသည့် အစီအစဉ်များကို ပြင်ဦးလွင် မြို့နယ် စာရေးဆရာ အသင်းက ဦးဆောင် ပြုလုပ်သွားမည်ဟုလည်း ဆိုသည်။
ပြင်ဦးလွင်မြို့နယ် စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဦးသက်နိုင်က “ကဗျာလေးတွေ ဆောင်းပါးလေးတွေပါတဲ့ စာစောင်လေး ထုတ် မယ်။ အလျဉ်းသင့်ရင် ကဗျာရွတ်ပွဲလေးပါ ထည့်မယ်။ ဖေဖော်ဝါရီလထဲမှ ပြုလုပ်သွားမယ်။ ရက်အတိအကျတော့ မသိရသေးဘူး”ဟု ပြောပြသည်။