တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဆန်ချီရပ်ကွက် ကျွန်းမွှေးလမ်းတွင် နေထိုင်သည့် မဟေမာနှင်း (၂၃ နှစ်) သည် နောက်ရည်းစားထားသည်ဟု စွပ်စွဲချက်ဖြင့် ၎င်းသမီးရည်းစားဖြစ်သူက ဇန်နဝါရီ ၆ ရက်နေ့ည ၇ နာရီ ဝန်းကျင်က နေအိမ်အပေါ်တက်၍ ဝင်ရောက်သတ်ခဲ့ကြောင်း သတင်းရရှိသည်။
မဟေမာနှင်း၏ ချစ်သူ ကိုရဲပိုင်ဦး (၁၉ နှစ်) က ကြက်သွန်လှီးဓားဖြင့် နေအိမ်အပေါ်ထပ်တွင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ထားဝယ်မြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
ဓားဒဏ်ရာ အရေအတွက်နှင့် အခြား အဓမ္မမှုကိစ္စ ရှိမရှိကို မေးမြန်းခဲ့ရာတွင် “အခုလောလောဆယ် ဆေးရုံမှာ ရင်ခွဲစစ်ဆေးနေတုန်းပဲရှိတယ်၊ ရင်ခွဲဆရာဝန် ဆေးစစ်ဆေးပြီးမှ သိရမယ်”ဟု ၎င်းက ဆိုသည်။
မဟေမာနှင်းမှာ ၎င်းနေအိမ်အပေါ်ထပ် ကြွေပြားပေါ်တွင် ခန္တာကိုယ်အပေါ်ပိုင်း သွေးများစိုကာ လဲကျနေပြီး ညာဘက်လက် သွေးပြန်ကြောကို ဓားဖြင့်လှီးဖြတ်ထားသည့် ဓာတ်ပုံများလည်း Facebook လူမှုကွန်ရက် စာမျက်နှာများတွင် ပျံနှံလျှက်ရှိပြီး အခင်းဖြစ်ပွားစဉ်အချိန်က မဟေမာနှင်း၏ အိမ်ရှေ့၌ မင်္ဂလာဆောင် ရှိနေသဖြင့့် အသံချဲ့စက်များ ဖွင့်ထားကြောင်း ဖော်ပြထားသည်။
မဟေမာနှင်းနှင့်အတူ ရှိနေသည့် အဒေါ်ဖြစ်သူမှာ နေအိမ်အောက်ထပ်တွင် ရေချိုးရန် ပြင်ဆင်နေချိန်တွင် မဟေမာနှင်းသည် နေအိမ်အပေါ်ထပ်၌ အသတ်ခဲ့ခြင်းဖြစ်သည်။
“သမီးရည်းစားဆိုတော့ သူ့တူမနဲ့ နည်းနည်းဝင်ထွက်နေတဲ့ ပုံစံဆိုတော့ လူစိမ်းမဟုတ်တဲ့ ပုံစံပါပဲ၊ ဒီလို ဖြစ်မှန်းလည်း မသိလိုက်ဘူးလေ”ဟု အမှုဖွင့်ခဲ့ကြောင်း ထားဝယ်မြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
အခင်းမဖြစ်ပွားခင် မဟေမာနှင်းနေအိမ်သို့ အမြဲတမ်းရောက်ရှိလေ့ရှိသည့် Clici-i ဖြူ/ပြာရောင် ဆိုင်ကယ်တစီး ရပ်ထားသည်ကို သေဆုံးသူ၏ အဒေါ်ဖြစ်သူ ဒေါ်သန်းဌေးက သတိထားမိကာ လူသတ်မှုဖြစ်ပွားခဲ့ပြီးနောက် ယင်းဆိုင်ကယ်ကို မတွေ့ရတော့သဖြင့် စုံစမ်းဖော်ထုတ်ပေးရန် ဒေါ်သန်းဌေးက ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။
ထိုလူသတ်မှု အခင်းဖြစ်ပွားပြီး ၂ နာရီအကြာတွင် ထားဝယ်မြို့၊ ရှမ္မလည်ဆွဲရပ်ကွက်တွင် နေထိုင်သည့် (ကို)ရဲပိုင်ဦးကို ထားဝယ်မြို့မရဲစခန်းမှ ဖမ်းဆီးခဲ့ပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ရဲက တရားစွဲသည်။
မဟေမာနှင်းသည် ရေဖြူမြို့နယ်၊ ညှင်းထွေးရွာမှ လွန်ခဲ့သော ၆ နှစ်ကတည်းက ထားဝယ်မြို့ရှိ အဒေါ်ဖြစ်သူ ဒေါ်သန်းဌေး နေအိမ်တွင်နေ၍ ထားဝယ်နည်းပညာတက္ကသိုလ် တက်ရောက်ခဲ့ပြီနောက် မီးလင်းရေးစီမံကိန်း၌ အလုပ်လုပ်ကိုင်နေသူဖြစ်ကာ ရဲပိုင်ဦးသည် ထားဝယ်တက္ကသိုလ် အဝေးသင် သင်္ချာမေဂျာမှ တတိယနှစ် ကျောင်းသားဖြစ်ကြောင်း ရဲတပ်ဖွဲ့သတင်းအရ သိရသည်။