မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် သထုံမြို့နေ ပြည်သူလူထုတွေ့ဆုံပွဲကို ကျင်းပခဲ့ခြင်းနှင့် ပတ်သက်၍ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် ဝေဖန်ပြောဆိုခဲ့သော သထုံမြို့၊ အောက်ကျင်းရပ်ကွက်မှ ဦးအောင်ကိုကိုလွင်မှာ ဇန်နဝါရီ ၆ ရက်နေ့က သထုံမြို့မရဲစခန်းတွင် အမှုဖွင့်ခံ ထားရကြောင်း သတင်းရရှိသည်။
Aung Ko Ko Lwin အမည်ဖြင့် ဖွင့်လှစ်ထားသည့် ဖေ့စ်ဘုတ် အကောင့်ပိုင်ရှင်သည် လူမှုကွန်ရက်စာမျက်နှာတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာထင်ပေါ်ကျော်ကြားမှုကို ထိခိုက်စေသော ပုတ်ခတ်ခြင်းများ ပြုလုပ်သည်ဟုဆိုကာ မြို့မိမြို့ဖတဦးက သထုံမြို့မရဲစခန်းတွင် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း အမှုဖွင့်ခံထားရသူ ဦးအောင်ကိုကိုလွင်က ပြောသည်။
“ဘယ်လိုဖြစ်လည်း ကျနော် မသိဘူး၊ တင်တာကတော့ ဗွီဒီယိုတွေရော၊ စာလည်းရေးတာတွေရော ဘယ်အချက် အလက်ကိုလည်း ဆိုတာ အတိအကျမသိဘူး”ဟု ၎င်းက ရှင်းပြသည်။
လက်ရှိတွင် တရားစွဲဆိုသူမှာ မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးများရေးရာ ကော်မတီတွင် အဖွဲ့ဝင်အဖြစ် လုပ်ဆောင်နေသူ ဦးစောကျော်မိုးဖြစ်ပြီး ၎င်းမှာ မြို့မိမြို့မ အနေဖြင့် သာ တိုင်တန်းခြင်းဖြစ်ကြောင်း သိရှိရပြီး ၎င်းက ဦးအောင်ကိုကိုလွင်ကို ဇန်နဝါရီ ၆ ရက်နေ့က သထုံမြို့မရဲစခန်းတွင် (ပ) ၆/၂၀၁၈ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရေးဥပဒေ ပုဒ်မ ၈ (စ) နှင့် ညှိစွန်းသည်ဟုဆိုကာ ပုဒ်မ ၁၀ ဖြင့် အမှုဖွင့် တရားစွဲခံထားခြင်း ဖြစ်သည်။
“လူပုဂ္ဂိုလ်နဲ့ပတ်သက်ပြီး အမြင်သဘောထားပေါ့လေ၊ ဒါ အပြုသဘောလား၊ အပျက်သဘော ဆောင်ရွက်ခြင်း ဖြစ်သလားဆိုတဲ့ဟာက နံပါတ်တစ်ဖြစ်တယ်၊ ဒါ အပျက်သဘော ဖြစ်တဲ့ဟာဆိုတော့ မြို့မျက်နှာပျက်တာပေါ့ဗျာ၊ အမှန်မှာတော့ ကိုယ့်မြို့မှာ တချို့ဖြစ်ပျက်ခဲ့တဲ့အတွက် မြို့မျက်နှာပျက်ရမယ်ကိစ္စဆိုရင် ဖုံးဖုံး ဖိဖိလုပ်ရမယ်ဗျာ၊ အကျိုးယုတ်စေမယ့် ကိစ္စရှိတယ်ဆိုရင်လည်း မျိုသိပ်သင့်ရင်လည်း မျိုသိပ်ရမှာပေါ့ဗျာ” ဟု တရားစွဲသူ ဦးစောကျော်မိုးက ပြောသည်။
ဆက်လက်၍ ၎င်းက “ဒီ Facebook ပေါ်မှာ လွတ်လပ်စွာ ပြောဆိုခွင့်ရှိပါတယ်၊ ရှိလာတဲ့အပေါ်မှာ ကျနော်တို့ ကိုယ်တိုင်ကလည်း ဒီမိုကရေစီအရေး တောက်လျှောက် အလုပ်ခဲ့တဲ့သူတွေပဲ။ ဒီဟာက အပျက်သဘောဆိုင်တဲ့ လွတ်လပ်မှု ဖြစ်နေတော့ ကျန်တဲ့ ကျနော်တို့မြို့က ကလေးတွေကလည်း ဒီလိုမျိုးရေးလာကြတယ်”ဟု ရှင်းပြသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ကုန်ဈေးနှုန်းကျချင်ပါက အိမ်တိုင်း ဟင်းတမယ်သာစားရန် ပြောဆိုခဲ့သည့် ဗီဒီယိုကို ဦးအောင်ကိုကိုလွန်က လူမှုကွန်ရက်တွင် ဝေမျှခဲ့ပြီးနောက် “သထုံမြို့အတွက် ထရန်စဖော်မာတောင်းပါတယ်။ သူရူးချင်ယောင် ဆောင်သွားတာတော့ မတတ်နိုင်ဘူး၊ သထုံငါးဦးစီးအရှေ့ ရထားသံလမ်းကူးမှာ LED မီး အချက်ပြမီး တောင်းပါတယ်၊ ရောင်ပြန် ဆိုင်းဘုတ်တွေ တောင်းပါတယ်။ စကားမေးတောင်မရဘူး။ သုဓမ္မဝတီမြို့သစ် ဘောလုံးကွင်းအတွက် တင်ပြခဲ့ပါတယ်၊ သူတာဝန်မကျေခဲ့တာပါ”စသည့် အချက်များကိုလည်း ဦးအောင်ကိုကိုလွင်က ၎င်း၏ ဖေ့စ်ဘုတ်တွင် ရေးသားဖော်ပြခဲ့သည်။
ထိုအပြင် ဇန်နဝါရီ ၄ ရက်နေ့ကလည်း ဦးအောင်ကိုကိုလွင်က “ပြည်သူတွေကို မေတ္တာရှိလျှင် ပြည်သူတွေက မေတ္တာပြန်ထားမှာပါ၊ ပြည်သူတွေဆန္ဒကို ကန့်လန့်တိုက်ရင် ယခုသက်တမ်းမှာတော့ ရင်ကော့ပြီး သထုံမြို့မှာ လိုက်သွားနိုင်ပေမယ့် ယခုသက်တမ်း လွန်သွားလျှင် ပြည်သူတွေကို ဘယ်လိုမျက်နှာနဲ့ နှုတ်ဆက်ကြမှာလဲ၊ သင်တို့ရဲ့ သမိုင်းကောင်းအောင် သထုံမြို့ဈေး အများတန်းတူ လျှပ်စစ်မီး သုံးစွဲခွင့်ရအောင် လုပ်သွားခဲ့ပေါ့”ဟု လူမူကွန်ရက်စာမျက်နှာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ အလှူတခုတွင် စားသောက်နေသည့် ဓာတ်ပုံနှင့်အတူ ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။
ဦးအောင်ကိုကိုလွင်သည် သထုံမြို့မရဲစခန်းတွင် အမှုဖွင့်ခံရပြီးနောက် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်များက တဖက်လှည့်ဖြင့် တရားစွဲခိုင်းသည်ဟု ခံစားမိကြောင်းလည်း ၎င်းလူမှုကွန်ရက်စာမျက်နှာတွင် ဒီဇင်ဘာ ၆ ရက်နေ့က ထပ်မံ ရေးသားခဲ့သည်။
၎င်းက ယာဉ်တိုက်မှု ဖြစ်လေ့ရှိသော ရထားသံလမ်းကွေ့ ဖြစ်သည့် ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းတွင် အချက်ပြမီးများ ပြုလုပ်ပေးရန် ပြည်နယ်အစိုးရထံ တင်ပြထားမှုပေါ် အစိုးရဘက်မှ မဆောင်ရွက်ပေး၍ ပြည်သူများက ပြုလုပ်လိုက်ရကြောင်း၊ သထုံဈေးတွင် လျှပ်စစ်မီးများများသုံးပါက မီးအန္တရာယ်ရှိသည်ဟု အကြောင်းပြချက်ဖြင့် လျှပ်စစ်မီး အလုံအလောက်သုံးစွဲခွင့် မပြုသည့်အချက်ကို ဖြေရှင်းပေးရန် စသည့် အချက်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် လူထုတွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြပြောဆိုခဲ့သည်ဟုလည်း သိရသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် သထုံမြို့ဒေသခံများနှင့် တွေ့ဆုံရာတွင် ကုန်ဈေးနှုန်းကျဆင်းချင်ပါက ဟင်းတခွက် လျှော့စားသင့်ကြောင်း ပြောဆိုခဲ့သည့်အပေါ် လူထု၏ ဝေဖန်မှုနှင့် ရင်ဆိုင်နေရသည်။