သတင်း

MPT Facebook Page အတုများကို အရေးယူရန် ဆောင်ရွက်လျက်ရှိ

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT အမည်ဖြင့် Facebook Page အတုများကို MPT Official Page အစစ်ကဲ့သို့ Post များတင်ကာ ကံစမ်းမဲများ ဖောက်ပေးခြင်း၊ သတင်းအမှားများ တင်ခြင်းတို့ ပြုလုပ်နေပြီး Facebook အသုံးပြုသူများကို ထင်ယောင်ထင်မှား ဖြစ်စေရန် သတင်းအချက်အလက် အတုများ ရေးသားတင်နေခြင်းအပေါ် သက်ဆိုင်ရာ ဥပဒေကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ MPT မှ တာဝန်ရှိသူက ပြောပါတယ်။

“MPT နာမည်နဲ့ အကောင့်တု ၁၄၀ ကျော်ရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး Facebook Team ကို အကြောင်းကြား ဆက်သွယ်ထားပြီးပါပြီ။ ဒီ Page တွေကို အရေးယူ ဆောင်ရွက်ဖို့ အတွက်တော့ သက်ဆိုင်ရာ ဥပဒေကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ MPT-KSGM Joint Operations မှ Corporate Communication Department၊ ဒုတိယ အထွေထွေ မန်နေဂျာ ဦးမိုးသူရက ပြောပါတယ်။

ဆက်လက်ပြီး သူက “ဒီ Page အတုတွေက Facebook စာမျက်နှာပေါ်မှာ ဖြစ်နေတဲ့အတွက် Facebook Team ရဲ့ အကူအညီမပါဘဲ ဘာမှလုပ်လို့ မရနိုင်ပါဘူး။ ဒါကြောင့် Facebook Team ကို ဆက်သွယ်ထားပါတယ်” လို့ ဆိုပါတယ်။

MPT Official Facebook Page /သီဟတိုး/ ဧရာဝတီ
သီဟတိုး/ ဧရာဝတီ

MPT Official Facebook Page မှာတော့ Blue Mark (အပြာရောင်အမှန်ခြစ် အမှတ်အသား) ပါဝင်ပြီး အဆိုပါ အပြာရောင်အမှန်ခြစ်ဟာ ကုန်ပစ္စည်း အမှတ်တံဆိပ်၊ တရားဝင်မီဒီယာ၊ သို့မဟုတ် လူတဦး တယောက်တို့ရဲ့ Facebook စာမျက်နှာများ၊ အကောင့်များကို စစ်မှန်ကြောင်း အထောက်အထား တခုအနေဖြင့် Facebook မှ စီစဉ်ပေးထားတဲ့ အပြာရောင် အမှန်ခြစ် အမှတ်အသား ဖြစ်တယ်လို့ သိရပါတယ်။

“သတင်းအမှားတခုဆိုရင် Facebook မှာ တော်တော်လေး ပျံ့နှံ့သွားပါတယ်။ အဲဒါက ဂြိုလ်တု လွှတ်တင်နိုင်ခြင်း အထိမ်းအမှတ်နဲ့ အင်တာနက်ကို ဒီဇင်ဘာ ၁၉ ရက်ကနေ New Year အထိ အလကား ပေးသုံးသွားမယ်။ အကယ်၍ လွှတ်တင်တာအောင်မြင်ခဲ့ရင် ဖေဖော်ဝါရီ ကစပြီး အင်တာနက်တွေ အလကား သုံးလို့ရတော့မယ်ဆိုတဲ့သတင်းပါ။ ဒီသတင်းကို Facebook အသုံးပြုသူ တော်တော်များများ Like, Share အများကြီးလုပ်တာ တွေ့ရတယ်။ ဒီအရာနဲ့ပတ်သက်ပြီး ကျနော်တို့ ပြောချင်တာက ဒါဟာ သတင်းအမှားကြီး ဆိုတာကို MPT အသုံးပြုတဲ့သူတွေကို အသိပေးချင်တာပါ” လို့ ဦးမိုးသူရက ပြောပါတယ်။

ဆက်လက်ပြီး “အခုဆိုရင်MPT ကနေ ဆောင်ရွက်ပေးနေတဲ့ ဒေတာအစီအစဉ်တွေ၊ ဝန်ဆောင်မှုတွေ၊ သတင်းစာ ရှင်းလင်းပွဲတွေ၊ ကံစမ်းမဲ အစီအစဉ်တွေကို MPT Official Page ကနေ အမြဲတမ်း အသိပေး ကြေညာနေပါတယ်။ အကယ်၍ မရှင်းလင်းတာ၊ သိချင်တာတွေရှိတယ်ဆိုရင် ကျနော်တို့ရဲ့ Call Center နံပါတ် 106 ကို ဖုန်းခေါ်ပြီး မေးမြန်းနိုင်ပါတယ်။ MPT က ထုတ်ပြန်တဲ့သတင်း အမှန်တွေကို စောင့်ကြည့်ဖတ်ရှုနိုင်ပါတယ်” လို့ ဦးမိုးသူရက ဆိုပါတယ်။

MPT Official Facebook Page ကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ တည်ထောင်ခဲ့တာဖြစ်ပြီး Facebook ရဲ့ အသိအမှတ်ပြု Verified Blue Tick ရရှိထားတယ်လို့ သိရပါတယ်။ MPT Official Facebook Page မှာ Like လုပ်ထားသူ ပရိသတ်ပေါင်း ၈.၃ သန်းကျော်ရှိပြီး MPT နှင့် ဆင်တူယိုးမှား Page အတုများကို သတိပြုမိစေရန် Verified Blue Tick အကြောင်း Post များ ရေးသားတင်ပေးနေတယ်လို့ သိရပါတယ်။

MPT ရဲ့ တရားဝင်ဖေ့စ်ဘွတ် ပေ့ချက်ကတော့ https://www.facebook.com/mptofficialpage ဖြစ်ပါတယ်။

MPT မှ “ပျော်ရွှင်ကံထူး နှစ်သစ်ကူး” ကံစမ်းမဲ အစီအစဉ်ပွဲ/သီဟတိုး/ ဧရာဝတီ
သီဟတိုး/ ဧရာဝတီ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ “ပျော်ရွှင်ကံထူး နှစ်သစ်ကူး” အမည်ဖြင့် MPT ဆင်းမ်ကတ် အသုံးပြုသူများကို ကံစမ်းမဲအစီအစဉ်များ ပြုလုပ်ပေးနေပြီး အဆိုပါ ကံစမ်းမဲအစီအစဉ်မှ i Phone X အလုံး (၃၀)၊ Toyota Brand New ကား( ၃) စီး၊ အဆင့်မြင့် ကွန်ဒိုမီနီယမ် (၁) လုံး တို့ကို ၂၀၁၈ ခုနှစ်မှာ ကံစမ်းမဲ ဖောက်ပေးနေတယ်လို့ သိရပါတယ်။

MPT မှ “ပျော်ရွှင်ကံထူး နှစ်သစ်ကူး” ကံစမ်းမဲ အစီအစဉ်ပွဲ/သီဟတိုး/ ဧရာဝတီ
သီဟတိုး/ ဧရာဝတီ
Did you find apk for android? You can find new Free Android Games and apps.
Loading