နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ စတုတ္ထနှစ်ကျောင်းသား တဦး၏ အလောင်းကို ရေဆင်းဆည်အတွင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ရေဆင်းနယ်မြေ ရဲစခန်းမှ သတင်းရရှိသည်။
ရေဆင်းနယ်မြေ ရဲစခန်းမှ ရဲအုပ်ကျော်နိုင်ဦးက “ အခုမှ စစ်ဆေးနေဆဲပါ။ မနေ့က ၃ နာရီခွဲ လောက် က သတင်းရလို့ သွားဆယ်ကြတာ ၆ နာရီခွဲမှာ အလောင်းတွေ့တယ်။ အခု အလောင်းကို စစ်ဆေးမှု ပြုလုပ်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရေနစ်သေဆုံးသူ ကျောင်းသားမှာ အသက် ၂၀ အရွယ် ဖြစ်ပြီး စတုတ္ထနှစ်တက်နေသည့် ကျောင်း သားဖြစ်ပြီး မိမိကိုယ်ကို သတ်သေခဲ့ကြောင်း ယူဆချက်များ ရှိနေသည်။
ယင်းကျောင်းသား မသေဆုံးမီ၁ ရက်အလိုက ကျောင်းဝန်း အတွင်းရှိ အမျိုးသား အဆောင်တွင်ထားရှိသော ဆိုင်ကယ်တစီး ပျောက်ဆုံးခဲ့သဖြင့် သေဆုံးသူ ကျောင်းသားကို အဆောင် မှူးမှခေါ်ယူ မေးမြန်းမှုများရှိခဲ့ကြောင်း အဆောင်နေကျောင်းသား ကိုသန့်စင်ထွန်းက ပြောသည်။
မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံလည်း ဖြစ်သူ ကိုသန့်စင်ထွန်းက “ ကျနော်တို့သိတာတော့ အတန်းထဲက ကျောင်းသား ၁ ယောက်က ဆိုင်ကယ် ပျောက်လို့ အဆောင်မှူးက သူ့ကိုခေါ်ပြီး မေးတယ်။ ကျနော်တို့က အဆောင်မှာနေတယ်။ အဆောင် ကိုလာတဲ့ လူစိမ်း၊ အဆောင်နေမဟုတ်တဲ့ သူတွေ အကုန်လုံးကိုခေါ်ပြီးမေးတာပါ။ အဲဒီလောက်ပဲ ကျနော်လည်း သိတယ်” ဟု ပြောသည်။
သတ်သေသွားသော ကျောင်းသားနှင့် ပျောက်ဆုံးဆိုင်ကယ်ပိုင်ရှင်မှာ အတန်းတူ သူငယ်ချင်း တွေဖြစ်ကြပြီး ယင်းကျောင်းသားအဆောင်သို့ လာသွားပြီးနောက် ပျောက်ဆုံသွားခြင်းကြောင့် အဆောင်မှူးအနေဖြင့် တာဝန်ဝတ္တရားအရ ခေါ်ယူမေးမြန်းခြင်းသာဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောသည်။
သေဆုံးသူ ကျောင်းသားမှာ ကျောင်းဝန်းထဲရှိ အဆောင်တွင် နေထိုင်ခြင်း မဟုတ်ပဲ အပြင်အဆောင် တွင် ငှားရမ်းနေထိုင်ခြင်း ဖြစ်ကြောင်း၊ ကျောင်းနှင့် ရေဆင်းဆည်မှာ ၁၅ မိနစ်ခန့် လမ်းလျှောက်သွား လျှင် ရောက်နိုင်ကြောင်း ကိုသန့်စင်ထွန်းက ရှင်းပြသည်။
အဆိုပါ ပျောက်ဆုံးသည့် ဆိုင်ကယ်မှာ လေးရက်ခန့်ရှိပြီး သေဆုံးသူ ကျောင်းသားအား ယခု ၅ ရက်နေ့က ခေါ်ယူမေးမြန်းမှုများ ပြုလုပ်ခဲ့ကာ ဇန်နဝါရီ ၆ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် ရေနစ် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ဇန်နဝါရီ၈ရက်အထိ ဆိုင်ကယ်မှာ ပြန်မတွေ့သေးကြောင်း သိရသည်။
ပျဉ်းမနားမြို့၌ သစ်တောတက္ကသိုလ်၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ဟူ၍ တက္ကသိုလ်သုံးခု ရှိသည်။
အဆိုပါ သေဆုံးမှုကြောင့် ရေဆင်းနယ်မြေ ရဲစခန်း၌ သေမှု သေခင်း ၁/ ၂၀၁၈ ဖြင့် အမှုဖွင့်ထား ပြီး ဖြစ်စဉ်အမှန် ပေါ်ပေါက်ရန် အတွက် စစ်ဆေးမှုများ ပြုလုပ်လျှက် ရှိကြောင်း ရဲအုပ် ကျော်နိုင်ဦးက ဆိုသည်။