ရခိုင်အမျိုးသားပါတီ ANP မှ နုတ်ထွက်စာတင်ထားသော ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ဥက္ကဋ္ဌ ရာထူးအား ဆိုင်းငံ့စေကာ ပါတီမှ နုတ်ထွက်ခွင့်မပြုရန် ဆုံးဖြတ်ခဲ့ကြောင်း ဇန်နဝါရီလ ၇ ရက်နေ့က စစ်တွေမြို့ပါတီဗဟိုဌာနချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပါတီခေါင်းဆောင်များက ပြောကြားခဲ့သည်။
“ နုတ်ထွက်စာ တင်ထားတဲ့ အချိန်မှာတော့ ပြန်လည် သုံးသပ်ဖို့အတွက် အချိန်အတိုင်းအတာ တခုထိ ပေးထားမယ် ။ ဒါပေမဲ့ နုတ်ထွက်စာကို ပြန်လည် သုံးသပ်နေတဲ့ အချိန်မှာတော့ ဥက္ကဋ္ဌ နေရာကို ရပ်ဆိုင်းထားမယ်လို့ အလုပ်အမှုဆောင် ကော်မတီက ဆုံးဖြတ်ပါတယ်” ဟု ပါတီအထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဧရာဝတီ၏ မေးမြန်းမှုကို ဖြေကြားသည်။
ဒေါက်တာအေးမောင်သည် ရခိုင်အမျိုးသား ပါတီ (ANP)၏ ဥက္ကဋ္ဌနှင့် ပါတီဝင် အဖြစ်မှ နုတ်ထွက်ကြောင်း ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ ရက်စွဲဖြင့် နုတ်ထွက်စာ တင်ခဲ့ခြင်း ဖြစ်သည်။
၎င်းကို ရာထူးဆိုင်းငံ့ရန် လက်ရှိ ဆုံးဖြတ်ချက်ကို လုံလောက်သည့် အချိန်အတိုင်းအတာ တခု ယူထားကြောင်း၊ ပါတီ၏ လစ်လပ်နေသည့် ဥက္ကဋ္ဌနေရာတွင် အစားထိုးခန့်ထားခြင်း မပြုဘဲ ဖွဲ့စည်းပုံအတိုင်း ပါတီ အတွင်းရေးမှူးအဖွဲ့နှင့် ဥက္ကဋ္ဌအဖွဲ့တို့၏ စုပေါင်း ခေါင်းဆောင်မှု စနစ်ဖြင့် ရှေ့ဆက်လုပ်ငန်းစဉ်များကို ဆောင်ရွက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
ANP ပါတီသည် ဒေါက်တာအေးမောင်အား ပါတီမှ ထုတ်ပယ်မှုမပြုသေးဘဲ ဥက္ကဋ္ဌရာထူးမှ ဆိုင်းငံ့ထားစဉ် ကာလအတွင်း ဒေါက်တာ အေးမောင်က ပါတီသစ် တခု ထောင်သွားခဲ့သည် ရှိသော် မည်ကဲ့သို့ လုပ်ဆောင်သွားမည်လဲဆိုသည်ကို သိလိုကြောင်း ဧရာဝတီမှ မေးမြန်းရာ ပါတီ ဒုက္ကဋ္ဌ ဒေါ်အေးနုစိန်က နိုင်ငံရေးပါတီမှတ်ပုံခြင်း ဥပဒေအရ လူတဦးသည် နှစ်ပါတီဝင်ခွင့်မရှိသည့်အတွက် ဥပဒေ အခင်းအကျင်းနှင့်သာ သက်ဆိုင်ကြောင်း ဖြေကြားခဲ့သည်။
“ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၁ မှာ လူတယောက်ဟာ နှစ်ပါတီဝင်ခွင့် မရှိဘူး ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း စာနဲ့ကို အတိအကျ ထုတ်ပြန်ထားတာ ရှိပါတယ်။ ပါတီထောင်သွားခဲ့ရင် ကျမတို့ပါတီက ဘာဆက်လုပ်မယ် ဆိုတာထက် နိုင်ငံရေးပါတီတခုရဲ့ သာမန်ပါတီဝင်ကနေ အကြီးအကဲထိ၊ အလယ်အလတ်ပါမကျန် ပြဌာန်းထားတဲ့ ဥပဒေ ဘောင်အတွင်းကပဲ ဆောင်ရွက်ခွင့်ရှိတဲ့ အခင်းအကျင်း ဖြစ်ပါတယ်လို့ ဖြေကြားလိုပါတယ် ” ဟု ပါတီဒု ဥက္ကဋ္ဌဒေါ်အေးနုစိန်က ရှင်းပြသည်။
ရခိုင်အမျိုးသားပါတီသည် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၊ ဗဟိုကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်ကိုယ်စားလှယ်များ ပါဝင်သော အစည်းအဝေးကို ဇန်နဝါရီလ ၄ ရက်မှ ၇ ရက်နေ့ထိ ၄ ရက်ကြာ ကျင်းပခဲ့ပြီး အစည်းအဝေးနောက်ဆုံးနေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ ပွဲတွင် ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် နုတ်ထွက်စာနှင့်ပတ်သက်၍ ပြန်လည် သုံးသပ်မှု ပြုလုပ်ရန်၊ ရခိုင်အမျိုးသား နိုင်ငံရေး ဆက်လက် ရှင်သန်ရေးအတွက် ရက္ခိတလမ်းစဉ်ကို ရှေးရှုကာ ပါတီအနေဖြင့် အမျိုးသား သွေးစည်းညီညွတ်ရေးကို တစိုက်မတ်မတ် လုပ်ဆောင်ရန်၊ ဘင်္ဂါလီများကို ပြန်လည်လက်ခံရာတွင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေဖြင့် စစ်ဆေးရန် စသည့် အချက် ၄ ချက်ပါ ကြေငြာချက် တစ်စောင်ကိုလည်း ထုတ်ပြန်ပေးခဲ့သည်။
ထို့ပြင် ရခိုင်အမျိုးသားပါတီ၏ ပါတီညီလာခံ ကို လာမည့် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကျင်းပရန် ရည်ရွယ်ထားကြောင်း ပါတီခေါင်းဆောင်များထံက သိရသည်။
ဆက်စပ်ဖတ်ရှုရန်– ဒေါက်တာအေးမောင် ANP ပါတီမှ နုတ်ထွက် စာတင်