တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို မကျင်းပသေးဘဲ ဆိုင်းငံ့ထားရန်နှင့် မဆိုင်းငံ့ဘဲ ကျင်းပလျှင် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အနေဖြင့် တက်ရောက်မည် မဟုတ်ဟု KNLA ၏ တပ်မှူးများ အစည်းအဝေးက ဆုံးဖြတ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်က KNLA ဗဟို ဌာနချုပ်တွင် ကျင်းပခဲ့ပြီး ၂၁ ရာစု ပင်လုံ ညီလာခံ (ဒုတိယအကြိမ်)က အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု KNLA က ပြောပြသည်။
ထို့အပြင် လက်နက် ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည် ပေါင်းစည်းရေး (DDR) နှင့် လုံခြုံရေး ကဏ္ဍ ပြုပြင် ပြောင်းလဲရေး (SSR) ဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြပြီး ထိုကဲ့သို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု KNLA စစ်ရေးချုပ်ရုံး တွဲဖက် ဒု စစ်ရေးချုပ် ဗိုလ်မှူးချုပ် ရှားထုဝေါ်က ဧရာဝတီသို့ ပြောသည်။
“ပင်လုံမှာကတော့ ပြီးခဲ့တဲ့ ပင်လုံ ကျနော်တို့ ခေါင်းဆောင်တွေ သွားတက်တယ်။ နောက် Review တွေ ပြန် လုပ်တဲ့ အပေါ်မှာ ဒီပင်လုံ ညီလာခံက နောက်ဆုံးကျတော့ ၂၀၀၈ ဖွဲ့စည်းပုံ အောက်မှာပဲ တဝဲလည်လည် ဖြစ်နေတာကိုပဲ သုံးသပ်မိတယ်။ အဲဒီလိုဆိုတော့ကာ လာမယ့် ပင်လုံ ဆက်တက်ရင်လည်း ဒီလိုပဲ တဝဲလည်လည် ဖြစ်မယ်လို့ အဲ့ဒီလို သံသယဖြစ်တဲ့ အခါကျတော့ ဒီပင်လုံ ဆက်တက်တဲ့အခါ ကျနော်တို့ တပ်မတော်ရဲ့ သဘောထားကတော့ ဆိုင်းငံ့ သင့် တယ်လို့ ကျနော်တို့က အဲဒီလို ယူဆလို့ ဒီတပ်အတွင်းမှာ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ချက် ချထားတာဖြစ်တယ်”ဟု ၎င်းက ပြောဆိုသည်။
ထို့နောက် KNLA အနေဖြင့် DDR နှင့် SSR တို့ကို ဆောင်ရွက်ရန်လည်း မဖြစ်နိုင်သေးကြောင်း ဆုံးဖြတ်ထားသည်ဟု ဗိုလ်မှူးချုပ် ရှားထုဝေါ်က ပြောသည်။
“တိုင်းပြည် ငြိမ်းချမ်းရေး ဘာမှ မရဘဲနဲ့ DDR လုပ်ရမယ် ဆိုရင်တော့ ကျနော်တို့က ဘယ်တော့မှ မလုပ်ဘူးလို့ ကျနော် တို့ တပ်မတော်ရဲ့ မူအတိုင်း ဆက်လက် ရပ်တည်သွားမယ်လို့ ခံယူထား တယ်”ဟုလည်း ၎င်းက ဆိုသည်။
KNLA ၏ အစည်းအဝေး ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး ကော်မရှင်(PC)မှ တစုံတရာ သဘောထား မှတ်ချက် မပေးလိုကြောင်း၊ DDR ၊ SSR ကိစ္စများကို လာမည့် တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံတွင် ဆွေးနွေး ရန် အစီအစဉ် ရှိကြောင်း PC မှ ဦးအောင်စိုးက ပြောသည်။
“ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာတော့ ဒီလို ရှိမှာပေါ့ဗျ။ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေကလည်း ရှိမှာပဲ။ ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာကလည်း အားလုံး သိတဲ့အတိုင်းပဲလေ။ ဘယ်သူ ရေး ဆွဲခဲ့ကြတယ် ဆိုတာ သိတယ်။ ကျနော်တို့ NLD ပါတီအနေနဲ့လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အစိုးရ ဖြစ်လာတာ ဒီဘောင် ထဲကပဲ လုပ်ရတာလေ။ ကျနော်တို့ ဒီဖွဲ့စည်းပုံကိုလည်း ပြင်ဖို့အတွက် ကြိုးစားနေပါပြီ။ လွှတ်တော် လုပ်ငန်း စဉ် အရရော၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အရရော တပြိုင်တည်းသွားပြီးတော့ အစောဆုံး ပြင်နိုင်အောင် ကြိုးစားနေပါ တယ်။ အဲဒါကြောင့် ဒီလိုပဲ ငြိမ်းချမ်းရေးကို နည်းလမ်း ပေါင်းစုံနဲ့ သွားရမှာပါ”ဟုလည်း ၎င်းက ပြောဆိုသည်။
တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို မည်သည့် အချိန်တွင် ကျင်းပသွားမည်ကို တရားဝင် ရက်သတ် မှတ်နိုင်ခြင်း မရှိသေးသော်လည်း အကြမ်းအားဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် ကျင်းပသွားရန် ဆုံးဖြတ် ထားကြောင်း ငြိမ်းချမ်းရေး ကော်မရှင် (PC)ထံမှ သိရသည်။
ဗိုလ်မှူးချုပ် ရှားထုဝေါ် က “ကျနော်တို့ တပ်ဘက်ပိုင်းရဲ့ သဘောထား ကတော့ မတက်ဘူးလို့ဘဲ ကျနော်တို့ အဲ့ဒီလို သဘောထားရှိတယ်။ ကျနော်တို့ တပ်မှာတော့ ဆိုင်းငံ့ထားတာပေါ့။ ငြိမ်းချမ်းရေး လမ်းစဉ်နဲ့ ကျနော်တို့ လိုချင်တဲ့ပုံစံ က ဆန့်ကျင်ဘက် ဖြစ်နေတဲ့ အတွက်ကြောင့်မလို့ အဲဒီအပေါ်မှာ ကျနော်တို့က ယုံကြည်မှု မရှိဘူး။ အဲဒီလို သဘော ထား တခုရှိတယ်”ဟု ပြောသည်။
လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တပ်မတော်သည် ၎င်းတို့ ဖြစ်စေချင်သော ဆန္ဒ၊ သဘောထားများကိုသာ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များအပေါ် ဖိအားပေးနေကြောင်း၊ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) အခြေခံပြီး ငြိမ်းချမ်းရေး လမ်းစဉ်ကို ဖော်ဆောင်သည့် နေရာတွင်လည်း လက်နက်ကိုင် လမ်းစဉ် စွန့်ရန်၊ နိုင်ငံရေးပါတီ ထောင်ရန်၊ ရွေးကောက်ပွဲ ဝင်ရန်၊ လက်နက် ဖြုတ်သိမ်းရန်၊ အရပ်သားအဖြစ် နေသွား ရန် စသဖြင့် ဖိအားပေးနေသည်ကို မြင်တွေ့လာရကြောင်းလည်း KNLA က ပြောသည်။
KNLA သည် NCA လက်မှတ် ထိုးထားသော ကရင် အမျိုးသား အစည်းအရုံး (KNU)၏ လက်အောက်ခံ စစ်ရေး ဆိုင်ရာ အဖွဲ့အစည်း ဖြစ်သည်။