မနေ့ ဇန်နဝါရီ ၇ ရက် ညက နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူး ဦးဝင်းထိန်ရဲ့ သားဖြစ်သူ ကိုဆန်းဝင်းထိန်နဲ့ အမျိုးသမီး သတင်းထောက် မနှင်းရတနာဇော်တို့ရဲ့ မင်္ဂလာပွဲ ကို အကြောင်းပြုပြီး လူမှုကွန်ရက်မှာ ဝေဖန်ပြောဆိုမှုတွေ ပွက်ပွက်ညံသွားတယ်။
ဒီမင်္ဂလာပွဲဟာ ပုံမှန်ထက် ပိုကြီးကျယ်လွန်းတဲ့ အခမ်းအနားကြီးတခု မဟုတ်ပေမယ့် ဆင်းရဲနိမ့်ကျနေတဲ့ တိုင်းပြည်တခုမှာ အာဏာ ရသူတွေရဲ့ ပါဝင်ဆင်နွဲခဲ့တဲ့ ပွဲလမ်းသဘင်မျိုးကို အများပြည်သူက စိတ်ဝင်စားလေ့ရှိပြီး ပွဲမှာ သမ္မတ ဦးထင်ကျော်နဲ့ ဇနီး၊ အတိုင်ပင်ခံ ပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့တာကြောင့် လူထုက ပိုအာရုံစိုက်ခဲ့ကြပါတယ်။
ဒီမင်္ဂလာဆောင်ကို ကြည့်ပြီး လူတွေဟာ တပ်မတော် အစိုးရလက်ထက်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမီးတော် မသန္တာရွှေရဲ့ မင်္ဂဆောင်မှာ စိန်ပေါင်းများစွာနဲ့ တန်ဆာဆင်ထားတာတွေကို ပြန်အမှတ်ရပြီး ဒီတခေါက်က ဦးဝင်းထိန် ရယ်မော သဘော ကျနေပုံကို ကြည့်ပြီး နေပြည်တော်က “ထိန်ရီသောည”လို့ လူမှုကွန်ရက်မှာ မှတ်ချက်ပြုနေကြပါပြီ။
ကာယံကံရှင်ဖြစ်သူ ဦးဝင်းထိန်ကတော့ ဒီလို ပျက်ရယ်ပြုနေတာတာတွေကို သူ့အနေနဲ့ ဂရုစိုက်မှာ မဟုတ်ဘဲ တရားစွဲဆို အရေးယူ တာတွေလည်း လုပ်မှာ မဟုတ်ကြောင်း၊ လူတွေရဲ့ ပြောတတ်တဲ့ သဘာဝဖြစ်ပြီး ကြာလာရင် မေ့သွားမယ့် ကိစ္စတခုသာ ဖြစ်တယ်လို့ ဒီနေ့ ဇန်နဝါရီ ၈ ရက် နေပြည်တော်မှာ သတင်းထောက်တချို့ကို မှတ်ချက်ပြုခဲ့ပါတယ်။
မင်္ဂလာပွဲ ပြုလုပ်ခဲ့တဲ့ M-Gallary ဟိုတယ်ဟာ စီးပွားရေး လုပ်ငန်းရှင် ဦးဇော်ဇော်ပိုင်တဲ့ ဟိုတယ် ဖြစ်ပြီး မင်္ဂလာဆောင် အခမ်းအနားအတွက် မေတ္တာနဲ့ လက်ဖွဲ့ခဲ့တာပါ။ ပွဲမှာ သတို့သမီး ဝတ်ဆင်ခဲ့တဲ့ စိန်တွေ တွေကတော့ Win & San စိန်တိုက်က ငှားရမ်း ဝတ်ဆင်ခဲ့တာဖြစ်တယ်လို့ နီးစပ်သူတွေဆီက သိရပြီး လူမှုကွန်ရက်မှာ ပျံ့နှံနေသလို လက်ဖွဲ့အဖြစ် အပိုင်ရတာမျိုး မဟုတ်ပါဘူး။ မိတ်ကပ်လိမ်းချယ်တာနဲ့အတူ စိန်တွေကိုပါ တွဲငှားခဲ့တာလို့ ဆိုပါတယ်။
လူတွေက “စိန်စီသောည” လို့ ပြောနေကြပေမယ့် စိန်တွေ တဖြတ်ဖြတ်နဲ့ လုပ်နေတာ မဟုတ်သလို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို မြို့ကြီးတွေက သာမန် လူလတ်တန်းစားတွေလည်း ဒီလို မင်္ဂလာဆောင်မျိုးတော့ ဆောင်နိုင်ကြပေမယ့် အခမ်းအနားကို တက်ရောက် လာသူ နိုင်ငံအကြီးအကဲတွေကြောင့် အခုလို အဆိုးမြင်နဲ့ ဝေဖန်နေကြတာ ဖြစ်တယ်လို့ NLD ပါတီက ဦးမင်းသူက ပြောပါတယ်။
“လက်ဖွဲ့တဲ့နေရာမှာလည်း ပုံပြီးတော့မှ စိန်တွေ ကားတွေ၊ သော့တွေ၊ တိုက်တွေ ပေးတာ မဟုတ်ပါဘူး။ ထုံးစံ အတိုင်းပဲ ဆောင်တာပါ။ လုပ်ရိုး လုပ်စဉ် နောက်ပိုင်း ထုံးစံအရ အသုံးအဆောင်တွေ ပေးတာပဲ ရှိတာပါ။ ဒီလိုပွဲမျိုးတွေက ရန်ကုန်၊ နေပြည်တော် လုပ်နေကြပါပဲ။ နိုင်ငံတော် အကြီးအကဲတွေ တက်လို့၊ မီးရောင်တွေ ဆိုတာလည်း ဒီလောက်မကောင်းပါဘူး။ ထင်ရောင် ထင်မှားနဲ့ ပြောနေတာ”လို့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်းလည်း ဖြစ်တဲ့ ဦးမင်းသူက ပြောပါတယ်။
တဖက် ရှုထောင့် ကနေ နိုင်ငံတော် အစိုးရနဲ့ လက်ရှိ ပြည်သူရွေးချယ်ထားတဲ့ ပါတီကို ဒေါက်ထောက်ကြည့် ဝေဖန်နေတာသာ ဖြစ်ပြီး ကုန်ကျစရိတ်ကလည်း သာမန် လူလတ်တန်းစား မင်္ဂလာပွဲတွေထက် မပိုကြောင်း၊ သာမန်ဆောင်တဲ့ မင်္ဂလာပွဲတခုဖြစ်တယ်လို့ ၎င်းက ကာကွယ်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အသံုံးစရိတ် ဘယ်လောက်ဆိုတာကိုတော့ မပြောပါဘူး။
အဲဒီပွဲကို တက်ရောက်ခဲ့သူ ဒက္ခိဏသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းကလည်း “ အရမ်းကြီး ခမ်းနားနေတာတော့ မဟုတ်ပါဘူး။ လက်ဖွဲ့လည်း လက်ခံပါတယ်။ ရွာက မင်္ဂလာဆောင်ထက်တော့ စည်တာပေါ့”လို့ ဆိုပါတယ်။
ပွဲမှာ မင်္ဂလာစကား ပြောကြားပေးဖို့ ဖိတ်ခေါ်ခံခဲ့ရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ကတော့ အခုခေတ် လုပ်ရိုးလုပ်စဉ်အရ မင်္ဂလာလက်ဖွဲ့တွေ ဖွဲ့ကြပေမယ့် သူနားလည်သလောက် မင်္ဂလာလက်ဖွဲ့ ဆိုတာဟာ ရိုးရာ လုပ်ရိုးလုပ်စဉ် မဟုတ်ပါဘဲ ရိုးရာအရ မင်္ဂလာစုံတွဲက ဆွမ်းကပ်တာ အလှူဒါန လုပ်ဆောင်တဲ့ သဘောသာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
“ကျမတို့ ပြန်ပြီးတော့ စဉ်းစားရမှာက ကျမတို့တွေရဲ့ ထုံးတမ်းစဉ်လာထဲမှာ ဘယ်ဟာတွေကို ဆက်ပြီးတော့ ထိန်းသိမ်းထားသင့်တယ်။ ဘယ်ဟာတွေကို အသစ် ရယူသင့်တယ်ဆိုတာကိုတော့ ကျမတို့ ဒီလိုပွဲမျိုးမှာ ဆိုလို့ရှိရင် အားလုံးကနေ စဉ်းစားစေချင်ပါတယ်။ ဒီလို အားလုံး အများ ဆုံတဲ့ အချိန်အခါမှာ ကျမတို့ နိုင်ငံ၊ ကျမတိုရဲ့ ယဉ်ကျေးမှုဟာ ဘယ်လမ်းကို သွားနေတယ်ဆိုတာ အားလုံး ဝိုင်းပြီးတော့ စဉ်းစားမယ်ဆိုရင် ဒါလည်း တကယ့်ကို မင်္ဂလာရှိတဲ့ အလုပ်တခုပါပဲ”လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
သူ့သဘောထားမှတ်ချက်ကို လေ့လာကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ဖွဲ့တွေ ယူတာကို သိပ်သဘောမကျသလို ဖြစ်နေပြီး သူ့ရဲ့ လက်ရုံးတဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ရဲ့ သမီး မင်္ဂဆောင်တုန်းကတော့ နေပြည်တော်နဲ့ ပုသိမ်မှာ လုပ်ခဲ့တဲ့ ပွဲ ၂ ခု စလုံးမှာ လက်ဖွဲ့ လက်ခံတာမျိုး မရှိခဲ့တာနဲ့ ယှဉ်ကြည့်ရင် အခုပွဲက ပြောစရာ မလွတ်ဖြစ်ရပြန်တယ်။
လူထုက ရွေးကောက်တင်မြောက်ထားတဲ့ အာဏာရပါတီ အသိုင်းအဝိုင်းမှာ ပါတီခေါင်းဆောင်တယောက်က တနှစ်တကြိမ် သမီးနဲ့သားကို မင်္ဂလာဆောင်ပေးပြီး သမီးတုန်းကတော့ ယူတဲ့သူက ချမ်းသာတဲ့အတွက် သိပ်ပြောစရာ မရှိပေမယ့် သား အလှည့်မှာတော့ နိုင်ငံတော်အဆင့် ပြုလုပ်ပြီး ပန်းဖိုးတင် သိန်းထောင်ချီ အကုန်ခံတာမျိုးတွေ တွေ့ရတယ်လို့ ရန်ကုန်မြို့က သတင်းထောက် ဦးဖြိုးဝေဝင်းက ပြောပါတယ်။
“ဝတ်ထားတဲ့ စိန်တွေက မြန်မာနိုင်ငံ စိန်လောကရဲ့ ထိပ်တန်း Win&Sam က စပွန်ဆာ ပေးတယ်။ တိုင်ကွန်းတွေ၊ တနိုင်ငံလုံးက နိုင်ငံရေးသမားတွေ၊ ဝန်ကြီးချုပ်တွေ အားလုံးလာတက်တယ်။ ဒီမြင်ကွင်းတွေဟာ မြန်မာပြည်မှာ စိန်စီသောညအပြီး ဒုတိယအကြိမ် အာဏာရှိတဲ့သူတွေဘက်က ခမ်းခမ်းနားနား လုပ်တာလို့ မြင်တယ်။ တိုင်းပြည် ဆင်းရဲ မွဲတေလို့ ဗိုလ်ချုပ်ရုပ်ရှင်တောင် သိန်း ၈၃၀၀ နဲ့လောက်အောင် ရိုက်ပါ။ ပြည်သူတွေ ဟင်းတမျိုးတည်းနဲ့ စားပါဆိုတဲ့ နိုင်ငံမှာ ကိုယ့်မှာ မရှိဘဲ စပွန်ဆာယူပြီး ကြီးကြီးကျယ်ကျယ် ဆောင်ပေးတာက ထူးခြားမှုပဲ”လို့ သူက ပြောပါတယ်။
ဒီမင်္ဂလာပွဲကြောင့် တပ်မတော် အစိုးရလက်ထက်က “စိန်စီသောည” ဆိုပြီး နာမည်ကြီး မင်္ဂလာဆောင်တခုကို ပြန်အမှတ်ရစေပြီး ဆင်းရဲ တဲ့ တိုင်းပြည်တခုက ပြည်သူတွေဟာ အထွေထွေ ကျပ်တည်းနေချိန်မှာ ဒီလို ပွဲလမ်းသဘင်မျိုးကို ခေါင်းဆောင်တွေ အနေနဲ့ သတိထားသင့်တယ်လို့ ရန်ကုန်မြို့က တိုင်းဒေသကြီးအမတ်ဟောင်း ဒေါ်ညိုညိုသင်းက သုံးသပ်ပါတယ်။
မကြားသေးခင်က ကယားပြည်နယ်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတခုမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ခမ်းနားတာတွေ ပကာသ နတွေ မလုပ်ဖို့၊ ဝန်ကြီးအဖွဲ့တွေ လာရင်တောင် ငပိရည်၊ တို့စရာ ဟင်းတမျိုးဆိုရင် တော်ပြီ၊ ဟင်းတွေ အများကြီး မကျွေးနဲ့ တိုင်းပြည် ဘဏ္ဍာကို ချွေတာရမယ်လို့ ပြောခဲ့ပြီး မကြာခင် ဒီလိုပွဲမျိုးကို မြင်ရတော့ အံသြမိတယ်လို့လည်း ဆိုပါတယ်။
နိုင်ငံရေးရာထူး လက်ရှိ ရှိနေသူ တယောက်အနေနဲ့ အခုလိုမျိုး ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စ တခုမှာ စီးပွားရေး ကုမ္ပဏီကြီးတွေက ပါဝင်ပတ် သက်ပြီးတော့ မင်္ဂလာပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပကြခြင်းဟာ ဥပဒေအရ ပြောရရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ပါ ငြိစွန်းကြောင်း၊ အဂတိလိုက်စားမှုဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ပြန်ကြည့်ရင် နိုင်ငံရေးရာထူး လက်ရှိ ယူထားသူတွေက ကိုယ့်ရဲ့ အာဏာ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့် အလွဲသုံးစားပြုပြီးတော့ ဒီလိုကိစ္စတွေ ဆောင်ရွက်ခြင်း ပါဝင်တဲ့အတွက် နိုင်ငံရေးသမားတယောက် အနေနဲ့ အရမ်းကို သတိထားသင့်ကြောင်း ဆိုပါတယ်။
ဒါပေမယ့် တပ်မတော် အစိုးရလက်ထက် မင်္ဂလာဆောင်ပွဲတွေနဲ့ နီးစပ်ခဲ့သူတဦးလည်း ဖြစ်ပြီး ယခု ဦးဝင်းထိန် မီသားစုနဲ့လည်း နီးစပ်သူ အမျိုးသား တဦးကတော့ အခုပွဲဟာ စိန်စီသောညနဲ့ နှိုင်းယှဉ်ပြောဆိုလို့ မရဘဲ ဒီပွဲမှာ ဆောင်ရွက်ခဲ့တာတွေဟာ တန်ရာတန်ကြေးနဲ့ ငှားရမ်းခဲ့တာတွေသာ ဖြစ်ပြီး ဟိုဘက်ခေတ်က မင်္ဂလာဆောင်တွေကတော့ အကုန် စပွန်ဆာ ရခဲ့တာလို့ ဆိုပါတယ်။
“ဗိုလ်ချုပ်မှူးကြီး သန်းရွှေသမီး မင်္ဂလာဆောင်တုန်းက ဦးတေဇက အာဖရိက ကနေ အကောင်းဆုံး စိန်တဆင်စာကို လက်ဖွဲ့တာ။ အခု ဒီမှာက အကုန်ငှားဝတ်ရတာ။ မယူဘူး။ ခင်မင်ရင်နှီးလို့ ဆင်ပေးမယ်။ ပိုက်ဆံမယူဘူးဆိုတာမျိုးတော့ ရှိနိုင်တယ်။ ဒါပေမယ့် လုံးဝ မယူဘူး။ မင်္ဂလာဆောင်ကို လာတဲ့ ချမ်းသာတဲ့ သူဌေးဆိုလို့လည်း ဦးအိုက်ထွန်းနဲ့ ဦးနေအောင်ပဲ တွေ့တယ်။ ကျန်တဲ့ ခရိုနီတွေ တယောက်မှ မရှိဘူး”လို့ အဲဒီပွဲကို တက်ရောက်ခဲ့သူ အမျိုးသားက ပြောပါတယ်။
ဒီမင်္ဂလာပွဲကို ကာယကံရှင်တွေကိုယ်တိုင်က ကြီးကျယ်ခမ်းနားစွာ မလုပ်ချင်လို့ နိုင်ငံရေး အသိုင်းအဝိုင်းက လူစုံအောင်တောင် မဖိတ်ဘဲ တချို့ဆိုရင် ဖိတ်စာမရပေမယ့် ဦးဝင်းထိန်ကို လေးစားတဲ့စိတ်နဲ့ လာကြတဲ့ နိုင်ငံရေးသမားတချို့လည်း ရှိသလို အစိုးရ အဖွဲ့ဝင်တွေ အားလုံးကိုတော့ ဖိတ်စာနဲ့ သေသေချာချာ ဖိတ်တယ်လို့ သိရပါတယ်။
ဒေါ်ညိုညိုသင်းကတော့ “ဖေ့ဘုတ်စ်မှာ ပြောနေကြသလို “ထိန်ရီသောည” ဆိုပြီး သမိုင်းမှတ်တမ်း တွင်သွားတာပေါ့။ နိုင်ငံရေးသမား ဆိုတာ ပြည်သူလူထုရဲ့ စောင့်ကြည့်မှုကို ခံနေရသူတွေ ဖြစ်တဲ့အတွက် ပြည်သူလူထုဘဝနဲ့ တသားတည်း ရှိနေဖို့ လိုတယ်။ ပြည်သူက အထွေထွ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ အခုလို ပကာသနတွေ လွှမ်းခြုံနေတဲ့ မင်္ဂလာပွဲကြီးတရပ်ဟာ တခြားသော ကိစ္စတွေလည်း မပါဘူးလို့ ပြောလို့မရဘူး”လို့ ဆိုပါတယ်။
(မိုးမိုး ပူးပေါင်းရေးသားသည်။)