လက်ရှိ အာဏာရ ပါတီ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် ပြိုင်ဆိုင်မှု ပိုများလာနိုင်ခြေ ရှိသည့် ၂၀၂၀ ရွေးကောက်ပွဲ အတွက် ပါတီတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ နှင့် ၃၁ ရက်တို့က ရန်ကုန်မြို့ NLD ပါတီရုံးချုပ်တွင် ပြုလုပ်သည့် ဗဟိုကော်မတီ အစည်းအဝေး တွင် ပါတီအနေဖြင့် အာဏာရပြီး ၂ နှစ်တာအတွင်း စွမ်းဆောင်ချက်များကို ပြန်လည် သုံးသပ်ခဲ့ပြီး အားနည်းချက်များကို လည်း စိစစ်ခဲ့ကြောင်း NLD ထိပ်ပိုင်း ပါတီဝင်များက ပြောသည်။
ပါတီအနေဖြင့် ၎င်း၏အဓိက ဗဟိုအဖွဲ့များဖြစ်သည့် အလုပ်အမှုဆောင် အဖွဲ့များ၊ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့များနှင့် လုပ်ငန်း အဖွဲ့များကို အဆင့်ဆင့် ပြန်လည်ဖွဲ့စည်း အားဖြည့်သွားမည် ဖြစ်ကြောင်း NLD ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကလည်း ပြောပြသည်။
အဆိုပါ ပြုပြင် ပြောင်းလဲရေးများကို ယခုနှစ် ပထမ ၆ လအတွင်း ပြီးစီးရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ယမန်နှစ်ကုန်ပိုင်း ကတည်းက ပါတီ၏ ဗဟိုပြန်ကြားရေး၊ အမျိုးသမီးရေးရာ၊ အလုပ်သမားရေးရာ၊ တောင်သူလယ်သမား ရေးရာနှင့် စီးပွားရေး လုပ်ငန်း ကော်မတီများကို အဖွဲ့ဝင်များ အစားထိုးခြင်း၊ ပြန်လည် ဖွဲ့စည်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
ပါတီ၏ လုပ်ဆောင်ချက်များ ပိုမို တိုးတက်လာစေရန် အတွက် ပညာရေးနှင့် ကျန်းမာရေး အပါအဝင် အခြား ဗဟို အလုပ် အမှု ဆောင် လုပ်ငန်း ကော်မတီများကိုလည်း ထပ်မံတိုးချဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း မုံရွာအောင်ရှင်က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံတဝန်း မဲဆန္ဒရှင်များက NLD ပါတီကို တခဲနက် ဆန္ဒမဲပေး၍ ဝန်းရံခဲ့ကြသည်။
သို့သော် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်က ကျင်းပခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ၅၀ ရာခိုင်နှုန်း နီးပါးသာ အနိုင်ရရှိမှု ကမူ အာဏာရ NLD ပါတီ အတွက် အကြို သံချောင်း ခေါက်သံဟု ဆိုနိုင်ပေသည်။
ထို ရာခိုင်နှုန်း ၅၀ နီးပါးသာ အောင်မြင်မှုက ပြီးခဲ့သည့် ၂ နှစ် ၂၀၁၅ ခုနှစ် က ၈၀ ရာခိုင်နှုန်းနီးပါး ရွေးကောက်ပွဲ အောင်နိုင် မှုနှင့် ယှဉ်လျှင် အပြတ်အသတ် ကွာဟနေခဲ့သည်။
၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ယှဉ်ပြိုင်သည့် ၁၈ နေရာအနက် ၉ နေရာသာ အနိုင်ရပြီး တိုင်းရင်းသား ဒေသ အများစု တွင် ရှုံးနိမ့်ခဲ့သည်။
အဆိုပါ ဗဟိုကော်မတီ အစည်းအဝေးအပြီး ဒီဇင်ဘာလ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက် တစောင်တွင် ကြားဖြတ် ရွေးကောက်ပွဲ အောင်နိုင်ရေးကို ဦးတည်မည်ဟု ပါတီက ဆိုသည်။
နောက်ထပ် ကြားဖြတ် ရွေးကောက်ပွဲ တခုကို တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ရှိ လစ်လပ် ၇ နေရာကို ဖြည့်တင်းရန် အတွက် ယခုနှစ်အတွင်း ကျင်းပရန် လျာထားကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ဆိုထားသည်။
ယခုအခါ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အတွင်း ပါဝင်ခဲ့သည့် ကျောင်းသား ခေါင်းဆောင်များ ထူထောင်ထား သည့် အခြားနိုင်ငံရေး ပါတီတခုလည်း ထပ်မံ ပေါ်ထွက်လာပြီ ဖြစ်သည်။
အာဏာရ NLD ပါတီသည် ပါတီ အဆင့်ဆင့်တွင် သေချာစွာ မစီမံနိုင်ခြင်းနှင့် ပါတီတွင်း အချင်းချင်း စည်းလုံးမှု မရှိခြင်း တို့ကြောင့် ဝေဖန်ခံနေရချိန်လည်း ဖြစ်သည်။
အဓိက အတိုက်အခံ အုပ်စုဖြစ်သည့် ယခင်အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည်လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အတွက် ပြင်ဆင်လျက်ရှိရာ ပါတီ ခေါင်းဆောင်များက ဝေးလံခေါင်ဖျားသော ဒေသများပါမချန် စည်းရုံးရေး ခရီးစဉ်များ ဆင်းလျက်ရှိပြီး ပါတီဝင်သစ်များ အားဖြည့်လျက်ရှိသည်။
၂ ရက်ကြာ ကျင်းပခဲ့သည့် NLD ဗဟိုကော်မတီ အစည်းအဝေးအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပါတီဝင်များက ပါတီ အတွင်း ကိုယ့်လူကိုယ် နေရာပေးနေခြင်းများ၊ ဗဟိုက ချမှတ်သည့် ညွှန်ကြားချက်များကို အကောင်အထည် ဖော်ရန် ပျက်ကွက်ခြင်းများနှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပါတီ ခေါင်းဆောင်များကြား အချင်းအချင်း အငြင်းပွားမှုများကို တင်ပြခဲ့ကြကြောင်း မုံရွာအောင်ရှင်၏ ပြောကြားချက်အရ သိရသည်။
“ဒီလိုကိစ္စမျိုးတွေကို ကိုင်တွယ်နိုင်ဖို့ ကျနော်တို့ ကျိန်းသေပေါက် ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်” ဟုလည်း မုံရွာ အောင်ရှင်က ပြောသည်။
အစည်းအဝေးအပြီး ကြေညာချက်တွင် ပါတီစည်းရံုံးရေး လုပ်ငန်းများနှင့် ပါတီ၊ အစိုးရနှင့် လွှတ်တော် တို့ကြား ဟန်ချက် ညီညီ ဆောင်ရွက်ရေးများကို တိုးမြှင့် ဆောင်ရွက်သွားမည်ဟုလည်း NLD ပါတီက ဆိုသည်။
ပြည်တွင်း၌ လက်နက်ကိုင် ပဋိပက္ခများကြား တိမ်းရှောင် နေရသည့် စစ်ဘေးရှောင် ဒုက္ခသည်များကို ထောက်ပံ့နိုင်ရေး လည်း ပါတီက အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
စစ်ရှောင်ဒုက္ခသည်များ ဖြစ်သော အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း အပြင် ကချင်၊ ရှမ်းနှင့် ကယားပြည်နယ် (ကရင်နီ) တို့တွင် ပြန်လည် နေရာချထားရေးနှင့် အခြား လူသားချင်းစာနာမှု အထောက်အပံ့များ ပေးသွားမည်ဟု မုံရွာအောင်ရှင်က ပြောသည်။
“အစိုးရတခုတည်းကပဲ အကုန်လုံး မဆောင်ရွက်နိုင်ပါဘူး။ အင်န်ဂျီအို တွေနဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ကျနော်တို့ ပူးပေါင်း ဆောင်ရွက်သွားမှာပါ”ဟု ၎င်းက ဆက်ပြောသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကမူ တိုးတက်မှုနှင့် ပြောင်းလဲမှုတချို့ ရှိခဲ့သော်လည်း NLD ပါတီ၏ စွမ်းဆောင်ချက်မှာ အားရကျေနပ်ဖွယ်ရာ အနေအထား မရှိကြောင်း ပြောဆိုသည်။
“NLD ပါတီအနေနဲ့ ကျန်တဲ့ ၃ နှစ်တာ ကာလအတွင်းမှာ ဒီထက်ပိုပြီး ပြည်သူကို မျက်နှာမှုတဲ့ အပြောင်းအလဲတွေ ဖော်ဆောင်နိုင်ဖို့ လိုအပ်နေသေးတယ်လို့ မြင်တယ်”ဟုလည်း ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။
၂၀၂၀ ပြည့်နှစ်အတွက် စိစစ်တွေ့ရှိထားသည့် အားနည်းချက်များကို ပြင်ဆင်ပြီး ပါတီအနေဖြင့် အကောင်းဆုံး လုပ်ဆောင် သွားမည်ဖြစ်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောဆိုသည်။
ပါတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်၊ ဝန်ကြီးများနှင့် အစိုးရအဖွဲ့ဝင် အသီးသီး ဖြစ်သွားကြသူများ၏ လစ်လပ် နေရာ များကို ဖြည့်ဆည်းနိုင်ရန် အတွက်လည်း ရုန်းကန်နေရဆဲ ဖြစ်ကြောင်း ၎င်းက ပြောသည်။
“အဲဒီ အတိတ်ကဟာတွေက သင်ခန်းစာတွေပါ။ အနာဂတ်မှာ ကျနော်တို့ ပိုပြီး ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်အောင် လုပ်သွားမှာပါ။ ၂၀၁၅ ခုနှစ် (ရွေးကောက်ပွဲ) တုန်းကလိုပဲ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ကျနော်တို့ အကောင်းဆုံး ကြိုးစားသွားမှာပါ”ဟု ဦးဉာဏ်ဝင်းက ပြောဆိုသည်။