ARSA တိုက်ခိုက်မှု အမေရိကန်သံရုံး ရှုတ်ချ
လွန်ခဲ့သော အပတ်က မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင် ၆ ဦး ကို ဒဏ်ရာရသွားစေသည့် ခြုံခိုတိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက်ဟု အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်- ARSA က ကြေညာလိုက်သည့်အပေါ် ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာသည်။
“ယင်းတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသွားကြသူများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ထပ်တူ စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားလိုပါသည်။ အကြမ်းဖက်လုပ်ရပ်သည် ရခိုင်ပြည်နယ်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေး ပိုမိုအားနည်းမှုကိုသာ ဖြစ်ပေါ်စေပါသည်”ဟု ယနေ့ ဇန်နဝါရီလ ၈ ရက် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြသည်။
ARSA သည် ပြီးခဲ့သည်နှစ် သြဂုတ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အစိုးရလုံခြုံရေးတပ်စခန်းများကို တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် အဖွဲ့ဖြစ်သည်။
၎င်းတို့၏ အောက်တိုဘာလက တလတာ တဖက်သက် အပစ်အခတ်ရပ်စဲမှုအပြီး ယခုနောက်ဆုံးဖြစ် ပွားသော တိုက်ခိုက်မှုတွင် တပ်ဖွဲ့ဝင် ၆ ဦးနှင့် အရာရှိတဦး စီးနင်းလိုက်ပါလာသော အရပ်သားကား တစင်းကို သောကြာနေ့နံနက်ပိုင်းက မောင်တောမြို့နယ်မြောက်ပိုင်း တရိန်းကျေးရွာ အနီးတွင် အဝေးထိန်းကိရိယာဖြင့် ဖေါက်ခွဲခဲ့ခြင်းဖြစ်သည်။
ထိုပေါက်ကွဲမှုအပြီးတွင် အနီးရှိတောင်ကုန်းများတွင် အသင့်နေရာယူထားသော သေနတ်သမားများက ခြုံခိုတိုက်ခိုက်မှုတခုကိုလည်းပြုလုပ်ခဲ့ကြသည်။ ထိုတိုက်ခိုက်မှုကြောင့် ကားပေါ်မှ တပ်ဖွဲ့ဝင်ခြောက်ဦးနှင့် အရပ်သား ကားမောင်းသမားတဦး ထိခိုက် ဒဏ်ရာရခဲ့သည်။
ထိုတိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက်ဟု ARSA က တွစ်တာ လူမှုကွန်ယက်တွင် တနင်္ဂနွေနေ့က ကြေညာချက်ထုတ်သည်။
“၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက် ပိုင်း စကားပင်ရင်းကျေးရွာအုပ်စု တရိန်း ကျေးရွာတွင် မြန်မာအကြမ်းဖက် စစ်တပ်ကို မိမိတို့ ခြုံခို တိုက်ခိုက်ခဲ့ကြောင်း ဤနေရာမှ ထုတ်ပြန်ကြေညာသည်” ဟုထိုကြေညာချက်တွင် ဖေါ်ပြထားသည်။
သြဂုတ်လက တိုက်ခိုက်မှုနောက်ပိုင်းတွင် ထိုစစ်သွေးကြွအုပ်စုကို မြန်မာအစိုးရက ၎င်းတို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာပြီး တပ်မတော်က ထိုဒေသတွင် နယ်မြေရှင်းလင်း မှုစစ်ဆင်ရေးများဆောင်ရွက်သေကြောင့် ရိုဟင်ဂျာ မွတ်စလင် ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည်။
တပ်မတော်သည် ရိုဟင်ဂျာများကို အငြင်းပွားဖွယ်ရာ သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုနှင့် နေအိမ်မီး ရှို့မှုပြုလုပ်သည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာသောကြောင့် နိုင်ငံတကာ အသိုင်းအဝန်းက ထိုစစ်ဆင်ရေးများကို လူမျိုးစုု သုတ်သင်ရှင်းလင်းရေး ဟု စွပ်စွဲထားသည်။
တနင်္ဂနွေနေ့က တွစ်တာ သတင်းထုတ်ပြန်ကြေညာချက်တွင် ARSA က နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို မြန်မာ အစိုးရ ကမကထပြုသော အကြမ်းဖက်မှုများဟု ခေါ်ပြီး “၎င်းတို့အနေနှင့် နိုင်ငံတကာ ဥပဒေအရ မိမိကိုယ်မိမိ ခုခံကာကွယ်ရေး သဘောတရားများနှင့်အညီ ရိုဟင်ဂျာများကို ကာကွယ်ရန် ထိုးစစ်ဆင်ခြင်းမှလွဲ၍ အခြားရွေးစရာ နည်းလမ်းမရှိတော့” ဟု ဖေါ်ပြထားသည်။
ARSA အဖွဲ့သည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ယခုလနှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ် ထားသော ဒုက္ခသည် ပြန်လည် လက်ခံရေးကို လမ်းကြောင်းလွဲသွားအောင် လုပ်ခြင်းဖြစ်ပုံရသည် ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေး သုတေသီ ဦးမောင်မောင်စိုးက ပြောသည်။
ဒီနောက်ဆုံးတိုက်ခိုက်မှုဟာ ပြန်လာချင်တဲ့သူတွေကို ခြိမ်းခြောက်တာဖြစ်နိုင်သလို အစွန်းမရောက်တဲ့ ရိုဟင်ဂျာတွေကို ခြိမ်းခြောက်တာလည်းဖြစ်နိုင်တယ်” ဟုလည်း သူပြောသည်။
“သူတို့နဲ့ မဆွေးနွေးရင် ဆက်တိုက်မယ်လို့ ပြောတဲ့သဘောပေါ့” ဟုလည်း ဆိုသည်။
အောက်တိုဘာလက ၎င်းတို့၏တစ်ဖက်သက် အပစ်အခတ်ရပ်စဲမှု သက်တမ်းမကုန်ဆုံးမီ ရက်အနည်း ငယ်တွင် အာဆာက ဆက်လက် အပစ်အခတ်ရပ်စဲရန် လမ်းဖွင့်ထားသည်ဟု ကြေညာသည်။
သို့သော် အစိုးရနှင့် တပ်မတော်တို့ က ထိုကမ်းလှမ်းမှုကို ပယ်ချခဲ့သည်။
ယခု နောက်ဆုံးတိုက်ခိုက်မှုသည် ဒုက္ခသည်ပြန်လည်ပို့ဆောင်ရေးကို ထိခိုက်စေရန် ရည်ရွယ်သည်ဟု အစိုးရကမြင်ကြောင်း အကြမ်းဖက်သမားများကို အကြမ်းဖက်သမားများအဖြစ်သာတုံ့ပြန်သွား မည်ဖြစ်ကြောင်း ဦးဇော်ဌေးက တနင်္လာနေ့တွင် ဧရာဝတီသတင်း ဌာနသို့ ပြောသည်။
“သူတို့ကို ဥပဒေအတိုင်း တုံ့ပြန်ဖို့ ကျနော်တို့ အမိန့်ပေးထားတယ်။ ထပ်ပြီးတိုက်ရင် တူညီတဲ့ တုံပြန်မှုရမယ်” ဟု သူပြောသည်။