ရိုဟင်ဂျာ ခေါ် ဘင်္ဂလီ မွတ်ဆလင် ၆၅၀၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ရသည့် ပဋိပက္ခများ ပေါ်ပေါက်ခဲ့သော ရခိုင် ပြည် နယ်သို့ လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီပေးရေး လုပ်သားများနှင့် ဂျာနယ်လစ်များကို လွတ်လပ်စွာ သွား ရောက်ခွင့် ပြုသင့်ကြောင်း ရခိုင်ပဋိပက္ခဆိုင်ရာ နိုင်ငံတကာ အကြံပေးအဖွဲ့သစ်၏ ခေါင်းဆောင်က ရိုက်တာ သတင်းဌာန သို့ ပြောကြားလိုက်သည်။
အကြံပေးအဖွဲ့ ခေါင်းဆောင် ဖြစ်သည့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆူရာကီယတ် ဆတ်ထိရာထိုင်း Surakiart Sathirathai က ရိုက်တာ သတင်းဌာနမှ သတင်းထောက် ၂ ဦး ဖမ်းဆီးခံရခြင်း အတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့ သည်။ အဆိုပါအမှုက နိုင်ငံတကာ မီဒီယာအပေါ်တွင် ကျယ်ပြန့်သည့် ထိန်းချုပ်ကန့်သတ်မှုများဆီသို့ ရောက်စေမည် မဟုတ်ဟု မျှော်လင့်ကြောင်းလည်း သူက ပြောသည်။
ဘန်ကောက်မြို့တွင် ရိုက်တာက တွေ့ဆုံ မေးမြန်းခဲ့ရာ၌ ဆူရာကီယတ် ဆတ်ထိရာထိုင်းက “ရခိုင်ပြည်နယ်ကို စာနယ်ဇင်းနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ရောက်ရှိရေးက အရေးကြီးတဲ့ ကိစ္စတွေ ဖြစ်သလို တခြားသော သက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း လွတ်လပ်စွာ သွားရောက်ခွင့် ပြုသင့်တယ်လို့ ကျနော် ထင်ပါတယ်။ တရားဝင် စာနယ်ဇင်းတွေ သတင်းရယူရေးက ပေးသင့်တဲ့ ကိစ္စတခု ဖြစ်ပါတယ်” ဟု ပြောသည်။
ရိုဟင်ဂျာ ခေါ် ဘင်္ဂလီ စစ်သွေးကြွများ၏ တိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်သည့် စစ်ဆင်ရေးတခု ပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်သို့ သွားရောက်ခွင့်ကို မြန်မာနိုင်ငံက တင်းကျပ်စွာ ဖြတ်တောက်ထားခဲ့သည်။ ထိုစစ်ဆင်ရေးကို လူမျိုးဖြုတ် ရှင်းလင်းရေး အဖြစ် ကုလသမဂ္ဂ ဝေဖန် ပြစ်တင်ခဲ့သည်။
အဖွဲ့ဝင် ၁၀ ဦးပါဝင်သည့် နိုင်ငံတကာ အကြံပေးအဖွဲ့ကို ဦးဆောင်ရန် အသက် ၅၉ နှစ် အရွယ် ဆူရာကီယတ် ဆတ်ထိရာထိုင်းကို မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်ခဲ့သည်။ ထိုအကြံပေးအဖွဲ့သည် ကုလသမဂ္ဂ အ တွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် အကြံပြုချက်များကို မည်ကဲ့သို့ အကောင်အထည် ဖော်ရမည် ဆိုသည်ကို အကြံပေးရမည် ဖြစ်သည်။
မီဒီယာများ အပြည့်အဝ သတင်းရယူခွင့်ပေးရေးသည် ကိုဖီအာနန် ကော်မရှင်၏ ၆၃ မျက်နှာပါ အစီရင်ခံစာမှ အဓိက အကြံပြုချက်များထဲမှ တခု ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ကာလရှည်ကြာစွာ ရှိနေခဲ့သော လူမျိုးရေး နှင့် ဘာသာရေး တင်းမာမှုများကို ဖြေရှင်းရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ကိုဖီအာနန်ကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။
ရခိုင် ပဋိပက္ခနှင့် ပတ်သက်၍ သတင်းရယူခဲ့ကြသော ရိုက်တာ သတင်းထောက် ၂ ဦးဖြစ်သည့် ဝလုံး နှင့် ကျော်စိုးဦး တို့ကို မြန်မာနိုင်ငံက နိုင်ငံတော် လိျှု့ ဝှက်ချက် ဥပဒေကို ချိုးဖောက်မှုဖြင့် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
ဆူရာကီယတ် ဆတ်ထိရာထိုင်းက သူတို့ အဖမ်းခံရခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုကို ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းကို ပြောပြခဲ့သည်။ အမှုကို ပွင့်လင်းမြင်သာမှု ရှိစွာ ဆောင်ရွက်ရန်နှင့် ဆီလျော်သော ဥပဒေ နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်မှု သေချာစေရေးကိုလည်း တောင်းဆိုခဲ့သည်ဟု သူက ပြောသည်။
“ဒါက နိုင်ငံတကာ စာနယ်ဇင်းကိုရော မြန်မာအစိုးရကိုပါ ဆိုးကျိုးသက်ရောက်စေမှာ မဟုတ်ဘူးလို့ ကျနော် မျှော်လင့်ပါတယ်။ ဒီအမှုကြောင့် မြန်မာ အစိုးရက နိုင်ငံတကာ စာနယ်ဇင်းတွေကို မကြိုဆိုတော့တဲ့ အခြေအနေကို ရောက်သွားမှာ မဟုတ်ဘူးလို့ ကျနော်မျှော်လင့်ပါတယ်။ ကျနော်က ဒါကို သီးခြား ကိစ္စတခု ဖြစ်စေချင်ပါတယ်။ မြန်မြန် ဆန်ဆန် ဖြေရှင်းမှု တခုကိုလည်း မျှော်လင့်ပါတယ်” ဟု ဆူရာကီယတ် ဆတ်ထိရာထိုင်းက ပြောသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားသူများကို ပြန်လည်လက်ခံရေး နှင့် ပတ်သက်၍လည်း စိုးရိမ်မှုများ ရှိနေကြောင်း ဆူရာကီယတ် ဆတ်ထိရာထိုင်းက ပြောသည်။ အကြံပေးအဖွဲ့ အနေဖြင့် အကယ်၍ သူတို့သည် တည်ဆဲဥပဒေများအရ မြန်မာနိုင်ငံသားများ အဖြစ် အသိအမှတ်ပြုခြင်း မခံရခဲ့လျှင်ပင် ကြောက်ရွံ့မှုကင်းစွာဖြင့် ပြန်လာနိုင်ရေး နည်းလမ်းတခုကို ရှာဖွေရန် လိုအပ်လိမ့်မည်ဟု သူက ဆိုသည်။
ရခိုင်ပြည်နယ် ပဋိပက္ခတွင် အရေးယူဆောင်ရွက်မှု မရှိဟု ယူဆသည့်အတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် နိုင်ငံတကာ၏ ဝေဖန်မှုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ဆူရာကီယတ် ဆတ်ထိရာထိုင်းက ဒေါ်အောင်ဆန်းစုကြည်တွင် ပြည်တွင်းနိုင်ငံရေး၏ အကန့်အသတ်များ ရှိနေသည် ဟုပြောသည်။
မြန်မာနိုင်ငံတွင် လတ်တလောနှစ်များ အတွင်း၌ ဗုဒ္ဓဘာသာ အမျိုးသားရေး ဝါဒ ပေါ်ထွန်းလာခဲ့ပြီး တပ်မတော်၏ စစ်ဆင် ရေးသည် ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုများ ရရှိခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်က လက်ညိုးထိုး အပြစ်တင်ခြင်းအစား တစိတ်တဝမ်းတည်း ညီညွတ်မှုတခုကို တည် ဆောက်ဖို့ ကြိုးစားခြင်းအားဖြင့် ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်” ဟု ဆူရာကီယတ်က ပြောသည်။
“ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်လို့ နားလည်သဘောပေါက်ရာမှာ ပြည်တွင်းနဲ့ နိုင်ငံတကာကြားမှာ ကွာဟမှုက အလွန်ကို ကြီးမားနေပါတယ်။ တကယ်လို့ ကျနော်တို့က ဒီကွာဟမှုကို တံတားထိုးမပေးနိုင်ရင် အခြေအနေ တိုးတက်လာဖို့ ဆန္ဒရှိနေတဲ့ ကျနော်တို့ အားလုံးအတွက် ကြီးမားတဲ့ အတားအဆီးတခု ရှိလာပါလိမ့်မယ်။”
သူ၏ အကြံပေး အဖွဲ့ အနေဖြင့် တပ်မတော် အပါအဝင် ရခိုင်ပြည်နယ်မှ အဖွဲ့အစည်းများ အားလုံးနှင့် ထိတွေ ဆက်ဆံနိုင်အောင် ကြိုးစားသွားမည်ဟုလည်း ပြောသည်။
“အကြံပေးအဖွဲ့က ဘယ်သူ့ရဲ့ အာဘော်ကိုမှ ကိုယ်စားမပြုပါဘူး။ ကျနော်တို့က မြန်မာနိုင်ငံ သို့မဟုတ် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပြောရေးဆိုခွင် ရှိသူ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။
အကြံပေးအဖွဲ့တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင် ၅ ဦး နှင့် ဝါရင့် အမေရိကန် နိုင်ငံရေးသမားနှင့် သံတမန်ဟောင်း ဘီလ်ရစ်ချတ်ဆန် အပါအဝင် နိုင်ငံတကာမှ အဖွဲ့ဝင် ၅ ဦးပါဝင်ပြီး ၎င်းတို့၏ ပထမဆုံး ခရီးစဉ် အဖြစ် ဇန်နဝါရီလ ၂၄ ရက်နေ့ တွင် ရခိုင်ပြည်နယ်သို့ မသွားရောက်မီ ဇန်နဝါရီလ ၂၂ ရက်နေ့၌ နေပြည်တော်တွင် မြန်မာ အစိုးရ နှင့် တွေ့ဆုံမည် ဖြစ်သည်။
“ကျနော်က အကြံပေးအဖွဲ့ကို အပြောသက်သက် အဖွဲ့အစည်းတခု မဖြစ်စေချင်ပါတယ်။ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ယူဆောင်လာနိုင်အောင် ကျနော်တို့ ကူညီချင်ပါတယ်” ဟု ဆူရာကီယတ်က ပြောသည်။