လာမည့် ဇန်နဝါရီလ ၁၂ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့၌ ပြုလုပ်ရန် စီစဉ်ထားသည့် ရှမ်းလူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို မပြုလုပ်တော့ဘဲ ယာယီရွေ့ဆိုင်းလိုက်သည်ဟု ဆွေးနွေးပွဲကို ဦးဆောင်ပြုလုပ်ရမည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)က ယမန်နေ့က သတင်း ထုတ်ပြန်လိုက်သည်။
RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဦးက “အဓိက ကတော့ ကျနော်တို့ အကြိုဆွေးနွေးပွဲတွေ လူထုတွေ့ဆုံဆွေးနွေးပွဲတွေ လုပ်တာ ပိတ်ပင် ဟန့်တားခံရတယ်။ ပိတ်ပင်ခံရလို့ လူထုရဲ့သဘောထားတွေ ဆန္ဒတွေ အမြင်တွေကို ကျနော်တို့ မရရှိ သေးဘူး။ လူထုသဘောထားတွေ ယူလို့ မရတော့ ကျနော်တို့မှာ ဘာမှ တင်ပြဖို့ မရှိဘူး။ ဆွေးနွေးပွဲမှာ ဘာမှ တင်ပြနိုင်မှာလည်း မဟုတ်ဘူး။ အဲဒါကြောင့်ပါ”ဟု ပြောသည်။
RCSS၏ ထုတ်ပြန်ချက်၌ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ရက်တွင် ပင်လုံမြို့လူထုတွေ့ဆုံပွဲ ကျင်းပရန် စီစဉ်နေရာ တပ်မတော်က ရန်သူ့တပ်စခန်းအား ဝင်ရောက်တိုက်ခိုက် ချေမှုန်းသိမ်းယူသည့် တိုက်ပွဲဝင် လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်တားဆီးသဖြင့် ပြည်ထောင်စုသမိုင်းတွင် အမည်းစက်ကြီး ထာဝရ စွန်းထင်းစေခဲ့ပြီဟု ရေးသားထားသည်။
ရှမ်းလူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လင်းခေးမြို့တွင် ပြုလုပ်ရန် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)မှ သဘောတူကာ ရှမ်းပြည်နယ်အစိုးရမှလည်း လင်းခေးဆွေးနွေးပွဲမတိုင်မီ လူထုနှင့် တွေ့ဆုံမှုများ ပြုလုပ်မည့် အကြောင်းကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့အဆင့်ဆင့်သို့ စာပို့အကြောင်းကြားထားသည်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုစာချုပ် (NCA)ပါ အချက်များနှင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ပါအချက်များအရ NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များသည် JICM အစည်းအဝေးဆုံးဖြတ်ချက်များအရ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ များ ကို ဦးဆောင်ကျင်းပနိုင်သည် ဟု သိရသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံတွင် ဆွေးနွေးသည့် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ဖြစ်သည့် ကဏ္ဍ ၅ ရပ်အနက် လုံခြုံရေးကဏ္ဍမှ လွဲ၍ ကျန် ကဏ္ဍ ၄ ရပ်ကို အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးနိုင်ပြီး အဆိုပြုချက်၊ အကြံပြုချက် များကို ၂၁ ရာစုပင်လုံ တွင် ထည့်သွင်းဆွေးနွေးနိုင်ရန် စာတမ်းများပြုစုရမည် ဖြစ်သည်။
အဆိုပါ စာတမ်းများကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အောက်တွင် ရှိသည့် လုပ်ငန်းကော်မတီများကို ပေးပို့ရမည် ဖြစ်ပြီး လုပ်ငန်းကော်မတီများက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ အစည်းအဝေးများတွင် ဆွေးနွေးနိုင်ရန် တင်ပြလာသည့် စာတမ်းများကို စိစစ်ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဆွေးနွေးပွဲမတိုင်မီ သက်ဆိုင်ရာ ဒေသမှ ပြည်သူလူထုတို့၏ သဘောထားများ၊ ကြုံတွေ့နေရသည်များနှင့် လိုအပ်ချက်များကို မေးမြန်းကောက်ယူရန် လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းနိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ RCSS မှ ကိုယ်စားလှယ်များက မြို့နယ် ၁၄ မြို့နယ်တွင် လူထုတွေ့ဆုံပွဲများ လိုက်လံပြုလုပ်ရာ အများစုတွင် တားဆီးခံခဲ့ရပြီး ပင်လုံ၊ တာချီလိတ်၊ ကာလိ နှင့် ကျောက်မဲမြို့တို့တွင် တပ်မတော်က အင်အားဖြင့် ဝိုင်းပြီး တားမြစ်ခြင်းများ ပြုလုပ်ခဲ့သည်။
ဒုဗိုလ်မှူးကြီးစိုင်းဦးက “တပ်မတော်ရဲ့ သဘောထားဘယ်လိုရှိနေတယ်ဆိုတာ ကျနော်မခန့်မှန်းနိုင်ပါဘူး။ ဒါပေမယ့် ဒီလပိုင်း အတွင်းမှာ တပ်မတော်ရဲ့ ထိုးစစ်ဆင်မှု၊ နယ်မြေလှုပ်ရှားမှုတွေက ကျနော်တို့ RCSS လှုပ်ရှားတဲ့ နယ်မြေမှာ ပိုပြီးတော့ စိပ်လာတယ်။ ပိုပြီးတော့ များလာတယ်”ဟု ပြောသည်။
၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထားမှုများလည်း ရှိပြီး မြေပြင်တွင် တင်းမာမှု အချို့လည်း ရှိကြောင်း၊ ၎င်းတို့ အနေဖြင့် NCA လက်မှတ်ထိုးထားပြီး နိုင်ငံရေးဆွေးနွေးပွဲများ သွားနိုင်ရန် ကြိုးစား နေသဖြင့် တပ်မတော်က ပူးပေါင်းကူညီသင့်သည်ကို မကူညီပဲ အင်မတန်သဘောထား တင်းမာနေသဖြင့် တပ်မတော်၏ လုပ်ဆောင်ချက်များကို နားမလည်နိုင်အောင် ဖြစ်နေသည်ဟု ဒုဗိုလ်မှူးကြီး စိုင်းဦးက ဆိုသည်။
ဆက်လက်ပြီး သူက “အခုအခြေအနေက လက်မှတ်ထိုးထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ထိခိုက်တာထိတော့ မဖြစ်စေချင်ဘူး။ မဖြစ်နိုင်ဘူးလို့တော့ ကျနော်တို့က ယုံကြည်ပါတယ်။ ဒါပေမယ့် လည်း ကျနော်တို့က အလျော့အတင်း လေးတွေ ရှိကြရမှာပါ။ တအားကြီး တင်းလွန်းရင်တော့ ပျက်နိုင်တာပေါ့”ဟု ပြောသည်။
၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် တပ်မတော်က လူထုတွေ့ဆုံပွဲများ လုံးဝမပြုလုပ်တော့ရန် RCSSကို အကြောင်းကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ကလည်း ကနဦး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် ခွင့်ပြုကြောင်း ခရိုင်အဆင့်ဆင့်ကို ပေးပို့ထားသည့် စာများကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်တွင် ပြန်လည်ရုတ်သိမ်းလိုက်သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ခွင့်ပြုချက်စာများ ရုတ်သိမ်းလိုက်သဖြင့် တောင်ကြီး၊ ကာလိ၊ ကျောက်မဲနှင့် မန္တလေးမြို့များတွင် ပြုလုပ်မည့် လူထုတွေ့ဆုံပွဲများကို ဖျက်သိမ်းလိုက်ရပြီး လူထုသဘောထားများ မရသေးသဖြင့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုအဖြစ် ဇန်နဝါရီလ ၇ ရက်မှ ၉ ရက် ထိ တောင်ကြီးမြို့တွင် ကျင်းပခွင့်ပြုရန် RCSS ဥက္ကဋ္ဌမှ နိုင်ငံတော်အတိုင်ပင်ခံနှင့် ကာကွယ်ရေး ဦးစီးချုပ် တို့ကို စာပို့ခဲ့သော်လည်း အကြောင်းပြန်ရခြင်း မရှိခဲ့ပါဟု သိရသည်။
RCSS အတွင်းရေးမှူး ၃ ၊ ဗိုလ်မှူးကြီး စိုင်းငင်းကလည်း ရန်ကုန်မြို့နှင့် နေပြည်တော်သို့ လာရောက်ပြီး တပ်မတော်ကိုယ်စားလှယ်များ၊ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်တို့နှင့် တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း ပြေလည်ခြင်းမရှိခဲ့ပါ။
ငြိမ်းချမ်းရေးကော်မရှင် (PC) မှ ဦးအောင်စိုးက “ကျနော်တို့ ဒီနေ့ပဲ ကြားတယ်။ ရုံးပိတ်ထားတော့ နက်ဖြန်မှ ရန်ကုန် PC မှာ ဆွေးနွေးပွဲတခု လုပ်မှာ။ အဲဒါလည်း တခြားကိစ္စပါ။ အခုဟာကိုတော့ ကျနော် မသုံးသပ်ချင်ပါဘူး။ ဂဃနဏလည်း မသိလို့ပါ” ဟု ပြောသည်။
ဒီဇင်ဘာလ၊ ၂၇ ရက်မှ ၃၀ ရက်တို့တွင် RCSS ဘက်မှ အတွင်းရေးမှူး ၃ ၊ ဗိုလ်မှူးကြီး စိုင်းငင်း လာရောက်ပြီး PC ၊ တပ်မတော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အပေါ် မေးမြန်းရာတွင် လည်း ဦးအောင်စိုးက ပင်လုံတွင် တားဆီးခံရသည့် ကိစ္စများကို အဆင်ချောစေရန် ဆွေးနွေးခြင်း ဖြစ်သည်ဟု ဖြေဆိုပြီး အသေးစိတ် ပြောပြခြင်းမရှိပါ။
RCSS သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ဆိုင်ရာ သဘောတူညီမှု စာချုပ် (NCA) ကို သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌတို့နှင့် ချုပ်ဆိုထားပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် နေရာအတည်ပြုချက်မရသဖြင့် ဆွေးနွေးပွဲလုပ်ရန် တနှစ်ခန့် ကြန့်ကြာနေခဲ့သည်။
ယခုလ ဇန်နဝါရီလ ပထမပတ်တွင်လည်း မိုင်းပျဉ်းမြို့နယ်အတွင်း တပ်မတော် နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွား ထားသည်။