ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အမျိုးမျိုးသော ကောလာဟလရေးသားနေမှုများနှင့် ရိုင်းစိုင်းသောစကားလုံးအသုံးအနှုန်းများ ရေးသားနေမှုများကို မပြုလုပ် စေလိုကြောင်း သေဆုံးသူ အောင်ရဲထွေး၏ အစ်ကိုဖြစ်သူ ကိုသန့်စင်ဦး က တောင်းဆိုလိုက်သည်။
“အဓိကပြောချင်တာက ဘယ်ကောလာဟလမဆို ဘယ်သတင်းမဆို ကျနော်တို့ကို ကိုယ်ချင်းစာပေးပါ။ အငယ်ကောင် (အောင်ရဲထွေး)ကိုလည်း အပြစ်မပြောကြပါနဲ့ သူ့မှာဘာအပြစ်မှ မရှိပါဘူး။ သူဘယ်သူ့ကိုမှ ဒုက္ခပေးထားတာလည်း မရှိဘူး။ အဲဒီအတွက်ကြောင့်မို့လို့ ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ ဖေ့စ်ဘွတ်မှာ တင်နေတာတွေကိုလည်း ရပ်ပေးပါလို့ နောက်ပြီးတော့ တခြားမဟုတ်တဲ့ ကောလဟလ တွေလည်း မပြောကြပါနဲ့လို့ ပြောချင်ပါတယ်” ဟု ၎င်းကဆိုသည်။
အောင်ရဲထွေး သေဆုံးမှုသည် အမျိုးသမီးကိစ္စများရှုပ်ပွေခြင်းနှင့် ၎င်း၏အချစ်ရေးပြဿနာများကြောင့် သတ်ခံရမှုဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အမျိုးမျိုးသော အကြောင်းအရာများ ပျံ့နှံလျက်ရှိသော်လည်း အောင်ရဲထွေးမိသားစုဝင်များနှင့် မိတ်ဆွေများက ထိုကဲ့သို့သော အကျင့်စရိုက်မျိုးရှိသူ မဟုတ်ကြောင်းနဲ့ အဆိုပါသတင်းများသည် ကောလာဟလ သက်သက်သာဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အောင်ရဲထွေး၏ ထုတ်လုပ်သူဖြစ်သူ ရိုရှမ် (R Square ရုပ်ရှင်ထုတ်လုပ်ရေး) ကလည်း “အောင်ရဲထွေးဘက်ကနေ ပျံ့နှံ့နေတဲ့ Negative ကောလာဟလတွေကတော့ လုံးဝမဟုတ်ပါဘူး။ ကျနော်တို့ ပုဂ္ဂိုလ်ရေးပေါင်းတဲ့အပေါ်မှာ အောင်ရဲထွေးက အဲဒီလိုလူမျိုးလည်း မဟုတ်ဘူး။ ပြီးတော့ သူ့ရည်းစားနဲ့ ပတ်သက်ပြီးတော့ အမျိုးမျိုးပေါ့၊ နေဇင်လတ် နဲ့သော်လည်းကောင်း အဲဒီလိုမျိုးထွက်နေတာတွေ အကုန်လုံးက ကောလာဟလတွေပါလို့ ပြောချင်ပါတယ်” ဟုပြောသည်။
သေဆုံးသွားခဲ့သော အောင်ရဲထွေးကိုရည်စူးပြီး ၎င်း၏ ထုတ်လုပ်သူ ရိုရှမ် မှ ဇန်နဝါရီလ ၉ ရက်နေ့တွင် ဗဟန်းမြို့နယ်ရှိ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာ ကျောင်းတိုက်တွင် ဆွမ်းကပ်လှူဒါန်းခဲ့သည်။
အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်ပြီး အစ်ကိုဖြစ်သူ ကိုသန့်စင်ဦးက တရားလိုပြုလုပ် တိုင်ကြားထားခြင်းဖြစ်ပြီး သုဝဏ္ဏနယ်မြေရဲစခန်း (ပ) ၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ထားကာ အခင်းဖြစ်ပွားမှုတွင် ပါဝင်သည်ဆိုသည့် သန်းထွဋ်အောင်(ခ) သားကြီး ၂၆ နှစ် ၊ ပြည့်ဖြိုးအောင်(ခ) အောင်လေး ၂၆ နှစ် နှင့် ကျော်ဇောဟန်(ခ) ကျော်ဇော ၂၈ နှစ်တို့အား မိဘများကိုယ်တိုင် သုဝဏ္ဏနယ်မြေရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အခင်းဖြစ်ပွားမှုတွင် ပါဝင်သည့် သုံးဦးအား သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် ဇန်နဝါရီ ၅ ရက် က စတင်ရုံးထုတ်ရမန်ယူခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နောက်ထပ်ရုံးချိန်းကို ချိန်းဆိုလိုက်ကြောင်း သိရသည်။
ဆက်လက်ပြီး ညီငယ်သေဆုံးခဲ့ရသည့် အမှုနှင့်ပတ်သက်ပြီး အမှန်တရားအတိုင်းသာဖြစ်စေချင်ကြောင်း အစ်ကိုဖြစ်သူ ကိုသန့်စင်ဦးက ပြောသည်။
“ဒီအမှုနဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်နေတဲ့ ရဲတပ်ဖွဲ့တွေ ဌာနဆိုင်ရာတွေအားလုံးကို ယုံကြည်မှုရှိတယ်။ သူတို့လုပ်ဆောင်နေတယ်ဆိုတာကို ယုံကြည်ထားတယ်။ အဲဒီအတွက်ကြောင့်မို့ ဘာပဲဖြစ်ဖြစ် အမှန်တရားအတိုင်း ဖြစ်စေချင်တယ်။ နောက်တခုက ဒါတွေကိုလည်း ဒီအတိုင်းကြီး ပေါ့ပေါ့လျော့လျော့နဲ့ အဆုံးမသတ်စေချင်ဘူးဆိုတဲ့ ဆန္ဒတော့ ကျနော်ရင်ထဲမှာ ရှိပါတယ်” ဟု ၎င်းကဆိုသည်။
လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဟာသဇာတ်လမ်းတိုများ တင်ဆက်ခြင်းဖြင့် လူသိများလာခဲ့သည့် သရုပ်ဆောင် အောင်ရဲထွေးသည် ဒီဇင်ဘာ ၃၁ ရက်နေ့ ညပိုင်း The One Entertainment Park မှာပြုလုပ်ခဲ့တဲ့ နှစ်သစ်ကူးပွဲတွင် လူတစု၏ ဝိုင်းဝန်းရိုက်နှက်ခဲ့မှုကြောင့် ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ထိုဒဏ်ရာများကြောင့်ပင် ရန်ကုန်ပြည်သူ့ဆေးရုံ ဦးနှောက်နှင့် အာရုံကြောတွင် ဆေးကုသမှု ခံယူနေစဉ် ဇန်နဝါရီလ ၂ ရက်နေ့ က ကွယ်လွန်သွားခဲ့သည်။
သူ၏ရုပ်အလောင်းကို ဇန်နဝါရီလ ၃ ရက်နေ့တွင် စွန်နီမွတ်စလင်(မ်)ကဗရ်စတာန် ဥယျာဉ်တော်၌ မြေမြုပ် သဂြိၤုလ်ခြင်းပြုလုပ်ခဲ့ပြီး ၎င်း၏မိသားစုဝင်များ၊ သူငယ်ချင်းများနှင့် ပရိသတ်များက လိုက်လံပို့ဆောင်ခဲ့ကြသည်။