ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥပဒေမူကြမ်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်မြို့ ၏ ရေရှည် ရည်မှန်းချက်ကို ထည့်သွင်းစဉ်းစားခြင်း မရှိရုံသာမက စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်များ၏ ကိုယ် ကျိုး စီးပွား ပဋိပက္ခကိုလည်း တားဆီးနိုင်ခြင်းမရှိကြောင်း ဗိသုကာပညာ နှင့် မြို့ပြစီမံကိန်း ပညာရှင်များက ဝေဖန် ပြောဆို ကြသည်။
ရန်ကုန်တိုင်း အစိုးရက ခန့်အပ်သော ကျွမ်းကျင်များနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တို့သည် ၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အရ ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ ဥပဒေသစ်ကို မူကြမ်း ရေးဆွဲခဲ့သည်။
ထိုဥပဒေမူကြမ်း ရေးဆွဲရခြင်း၏ ရည်ရွယ်ချက်မှာ တည်ဆဲ ၁၉၂၂ ခုနှစ် ရန်ကုန်မြို့တော် မြူနီစီပယ် အက်ဥပဒေကို အစားထိုးပြီး ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥပဒေကို ဖြည့်စွက်ရန် ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံ အစီရင်ခံရသော မြို့တော်ဝန် က ဦးဆောင်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် မြို့တော်ဝန်နှင့်အတူ အစိုးရက ခန့်အပ်သော ကိုယ်စားလှယ် ၄ ဦး နှင့် ရွေးကောက်ခံကိုယ်စားလှယ် ၆ ဦး စုစုပေါင်း ၁၁ ဦး ပါဝင်သည်။
သို့သော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အာဏာရလာသည်မှ စတင်ပြီး ရွေးကောက်ခံ ကော်မတီဝင်များ အတွက် ရွေးကောက်ပွဲ ကျင်းပခြင်း မရှိခဲ့ပေ။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် မြို့တော်သူမြို့တော်သား ၅ ဒသမ ၂ သန်း အပေါ် ဆိုးကျိုးများ ဖြစ်စေသည့် စည်းကမ်းနှင့် မညီသော မြို့ပြစီမံကိန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများကို စနစ်တကျ ထိန်းချုပ်ရန် ပျက်ကွက်ခြင်းနှင့် လုပ်ငန်းခွင်ဆိုင်ရာ လာဘ်ပေးလာဘ်ယူ ကိစ္စများကြောင့် နာမည်ပျက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
လက်ရှိရေးဆွဲပြီးသား စည်ပင် ဥပဒေမူကြမ်းကို သုံးသပ်ရေးအဖွဲ့ဝင် ၃၁ ဦး၏ သုံးသပ်ချက်များနှင့်အတူ ရန်ကုန်တိုင်း အစိုးရသို့ ပြန်လည်ပေးပို့ခဲ့သည်ဟု ဥပဒေကြမ်း သုံးသပ်ရေးကော်မတီ အတွင်းရေးမှူး ဦးသိန်းမြင့်က ပြောသည်။
ထိုဥပဒေ မူကြမ်းကို အများပြည်သူသို့လည်း ယခုအချိန်အထိ ချပြခြင်း မရှိသေးပေ။
ဥပဒေကြမ်းကို ရန်ကုန်တိုင်း လွှတ်တော်တွင် ဆွေးနွေးရန် ယခုလကုန်တွင် တိုင်းလွှတ်တော် ကိုယ်စားလှယ်များထံ ဖြန့်ဝေမည်ဟု ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
သို့သော် ထိုဥပဒေမူကြမ်းပါ အချက်အလက်များကို မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များ အသင်း (AMA) က ရန်ကုန်မြို့ တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့က ကျင်းပသော ဆွေးနွေးပွဲတွင် ပညာရှင်များက ဝေဖန်မှု ပြုလုပ်ခဲ့သည်။
“ကျနော်တို့ ဗိသုကာအသင်း အနေနဲ့ကတော့ ဒီဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး အားမရပါဘူး။ ဒီထက်ကို ပိုကောင်းစေ ချင် ပါတယ်”ဟု ရန်ကုန်မြို့တော် အနာဂတ် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ဗိသုကာပညာရှင် အသင်း ဥက္ကဋ္ဌ ဦးဆန်းဦး က ပြောသည်။
ဆွေးနွေးပွဲတွင် ပါဝင်သူ တဦးဖြစ်သည့် ဒေါ်လှစုမြတ် ကလည်း “ပွင့်ပွင့်လင်းလင်း ပြောရရင် ကျမကတော့ ဒီဥပဒေ ကြမ်းကို အားမရဘူး”ဟု ပြောဆိုသည်။
ထိုဥပဒေမူကြမ်းသည် မြို့တော်ရှိ မြို့ပြစီမံကိန်းများကို စီမံရာတွင် အားနည်းပြီး ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီဝင်များ၏ ကိုယ်ကျိုးစီးပွားကို တားဆီးသော ပြဌာန်းချက်များ မပါဝင်ဟု ဗိသုကာ ပညာရှင်လည်း ဖြစ်သည့် ဒေါ်လှစုမြတ်က ပြောသည်။
ထိုမူကြမ်းသည် ကန့်သတ်ဖြစ်နေသောကြောင့် ဥပဒေ၏ အသေးစိတ်အချက်များကို ပြောရန်ကိုမူ ၎င်းက ငြင်းဆန် သည်။
“ရန်ကုန်ကို ဘယ်လိုဖြစ်စေချင်လဲ ဆိုတာကို ဒီမူကြမ်းသစ်မှာ ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တာ” ဟု မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များ အသင်း၏ အမှုဆောင်အဖွဲ့ဝင် နှင့် ဥပဒေကြမ်း သုံးသပ်ရေး ကော်မတီတွင် ဗိသုကာ ကောင်စီ ၏ ကိုယ်စားလှယ် အဖြစ် ပါဝင်ခဲ့သည့် ဒေါ်လှစုမြတ် က ပြောသည်။
ဥပဒေကြမ်းပါ ပြဌာန်းချက်များ
အခန်းပေါင်း ၃၀ ပါဝင်သော ထိုဥပဒကြမ်း၏ မိတ္တူတစောင်ကို ဧရာဝတီ သတင်းဌာနက ကြည့်ရှု့ခွင့် ရရှိခဲ့သည်။
၂၀၁၃ ခုနှစ် ဥပဒေနှင့်မတူဘဲ မူကြမ်းသစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ရွေးကောက်ပွဲနှင့် ပတ်သက်သော အခန်းတခန်း ပါဝင်သည်။
သို့သော် ထိုအခန်းရှိ ပုဒ်မ ၁၀ ခု အနက် မည်သည့် ပုဒ်မကမျှ ရွေးကောက်ခံ ကိုယ်စားလှယ်များ အနေဖြင့် ကိုယ်ကျိုး စီးပွား ပဋိပက္ခတွင် ပါဝင်ပတ်သက်ခြင်း မပြုရန် တားမြစ်ခြင်း မရှိသောကြောင့် ၎င်းတို့ ကိုယ်ကျိုးအတွက် အာဏာကို အလွဲသုံးစား ပြုလုပ်ရန် အခွင့်အလမ်း ရရှိနေသည်။
“အဲဒီ ကန့်သတ်ချက်ကို မူကြမ်းမှာ ပါစေချင်တာ။ ၁၉၂၂ ခုနှစ်က အက်ဥပဒေမှာတောင် ကိုယ်ကျိုးစီးပွား ပဋိပက္ခကို တားမြစ်တဲ့ ပြဌာန်းချက်ပါတယ်” ဟု ဒေါ်လှစုမြတ်က ပြောသည်။
မြို့ပြစီမံကိန်း ရေးဆွဲခြင်း၊ အဆောက်အအုံများ စနစ်တကျ ရှိရေး ၊ လမ်းနှင့် တံတား၊ ရေရရှိရေး နှင့် သုံးစွဲရေး စသည် တို့ အပါအဝင် အခြားလုပ်ငန်း ဆောင်တာများကို လုပ်ဆောင်မည့် အာဏာပိုင်အဖွဲ့ ၇ ဖွဲ့ ဖွဲ့စည်းခွင့်ကို ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီအား ပေးအပ်သည့် ပုဒ်မ ၂၇ နှင့် ပတ်သက်သော ပြဿနာများလည်း ရှိသည်။
ထိုအာဏာပိုင်အဖွဲ့ တခုစီတွင် ဌာနမှူး တဦးနှင့် ပြင်ပကျွမ်းကျင်သူများ ပါဝင်သည့် အဖွဲ့ဝင် ၅ ဦးစီ ပါရှိပြီး ကော်မတီ ဝင် တဦးက ကြီးကြပ်ရမည် ဟုလည်း ထိုပုဒ်မက ဆိုသည်။
အာဏာပိုင်အဖွဲ့ အတွင်းသို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် စီးပွားရေးသမားများ ပြင်ပကျွမ်းကျင်သူ အဖြစ် ပါဝင် လာကာ ထိုသူများ၏ ကိုယ်ကျိုးစီးပွား အတွက် ပိတ်ပင် ကန့်သတ်ချက်များကိုလည်း ထိုပုဒ်မတွင် ဖော်ပြထားခြင်း မရှိ ပေ။
အခြားသော အငြင်းပွားစရာတခုမှာ ဆောက်လုပ်ရေး လုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်း၊ အပန်းဖြေ လုပ်ငန်းနှင့် အခြား သော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စီမံခန့်ခွဲမည့် စီးပွားရေးအဖွဲ့များ ဖွဲ့စည်းခြင်း ဖြစ်သည်။
ထိုမူဝါဒကို အဆိုပါကဏ္ဍများတွင် လုပ်ကိုင်ရန်ကြိုးစားသည့် အခြားသော ပြင်ပ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်ကို ဖယ်ထုတ်သည့် မူဝါဒဖြစ်သည်ဟု မြင်ကြသည်။
အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးမှု မရှိခြင်း
ရန်ကုန်တွင် နေထိုင်သူ ၅ ဒသမ ၂ သန်း၏ နေ့စဉ်ဘဝအပေါ် ရိုက်ခတ်နိုင်သည့် ထိုစည်ပင်ဥပဒေကြမ်း ရေးဆွဲရာ တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် အများပြည်သူ ထင်မြင်ချက်များကို ထည့်သွင်း စဉ်းစားမှု မရှိဟု မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များ အသင်း ဒုဥက္ကဋ္ဌ ဦးမော်လင်းက ပြောသည်။
“အများပြည်သူ ပါဝင်ခွင့်ကို ဖွင့်ထားပေးရမှာ။ ဥပဒေမှာ ဘာတွေပါမယ်၊ မပါဘူးဆိုတာကို လူထုက သိနေရမယ်။ လိုအပ်ရင် အစိုးရက လူထုအမြင်ကိုပါ ထည့်စဉ်းစားပေးရမှာ။ သူတို့ မြို့တော် တိုးတက်ရေးအတွက် သူတို့မှာ ပြောရေး ဆိုခွင့်ရှိရမယ်။ အခုဖြစ်နေတာက အဲဒါတွေနဲ့ တခြားစီ” ဟုလည်း ၎င်းက ပြောဆိုသည်။
ဥပဒေမူကြမ်းကို မြို့တော်အတွက် ရေရှည် မျှော်မှန်းချက် အပေါ်တွင် အခြေခံပြီး သက်ဆိုင်သူ အားလုံးထံမှ ထင်မြင် ချက်များကို ထည့်သွင်း သင့်သည်ဟု မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များ အသင်း ဥက္ကဋ္ဌ ဦးဆန်းဦးကလည်း ပြော သည်။
“ပထမအချက် အနေနဲ့ ကိုယ်လိုချင်တာ ဘယ်လိုမြို့တော်လဲ ဆိုတာကို မေ့ထားလို့မရဘူး။ စီးပွားရေး မြို့တော်လား၊ အုပ်ချုပ်ရေး မြို့တော်လား။ ပြီးတော့မှ ဥပဒေက ဒီရည်မှန်းချက်ကို အကောင်ထည် ဖော်ရေးအတွက် အထောက်အကူ ပြုရမှာ” ဟုလည်း ၎င်းက ဆက်ပြောသည်။
ဒေါ်လှစုမြတ်ကလည်း ဥပဒေမူကြမ်း ရေးဆွဲရန်အတွက် စင်္ကာပူ ကျွမ်းကျင်သူများထံမှ အကြံဉာဏ်ရယူရန် ၂၀၁၇ ခု ဇွန်လက ကျင်းပခဲ့သော အစည်းအဝေးတခု အကြောင်းကို ပြောသည်။
“ရန်ကုန်ကို ကျမတို့က ဘယ်လိုဖြစ်ချင်သလဲ ဆိုတာကို သေသေချာချာသိမှ သူတို့အကြံပေးလို့ ရမယ်လို့ ပြောတယ်။ ဒါပေမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကိုယ်စားလှယ်က သူတို့အနေနဲ့ ဥပဒေကို ပြင်ချင်တယ်၊ အာဏာပိုင် အဖွဲ့တွေဖွဲ့မယ်၊ စီးပွားရေးလုပ်ငန်းတွေ လုပ်မယ်လို့ ပြန်ဖြေတယ်”ဟုလည်း ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံ ဗိသုကာကောင်စီ ကိုယ်စားလှယ် အနေဖြင့် အကြံပြုချက်များကို တင်ပြခဲ့သော်လည်း နောက်ဆုံးအဆင့် မူကြမ်းတွင် ထိုအချက်များ ပါမည်၊ မပါမည်ကို အတိအကျ မပြောနိုင်ကြောင်းလည်း ဒေါ်လှစုမြတ်က ဆိုသည်။
မည်သည့် အကြောင်းကြောင့် ထိုဥပဒေကြမ်းကို ကန့်သတ်ထားရသည်ကို မေးသောအခါ ၎င်းကိုယ်တိုင်လည်း အကြောင်းရင်းကို နားမလည်နိုင်အောင် ဖြစ်ရသည်ဟု ပြောဆိုသည်။
“ကိုယ်တွေလိုလားတဲ့ ပြည်သူ့အစိုးရက ဒီလိုဥပဒေမျိုးကို ရေးတဲ့အချိန် ပွင့်လင်းမြင်သာစွာနဲ့ အများရဲ့ အကြံဉာဏ် ယူလို့ အကောင်းဆုံး ဖြစ်အောင်လုပ်ရမှာ”ဟု ဒေါ်လှစုမြတ်က ဆက်ပြောသည်။
ဥပဒေကြမ်း သုံးသပ်ရေး ကော်မတီက ပြင်ဆင်ချက်များတွင် မှတ်ချက်များ ပေးခဲ့သည်ဟု ကော်မတီ ၏ အတွင်းရေးမှူး ဦးသိန်းမြင့်က ဧရာဝတီ သို့ ပြောသည်။
သို့သော် မည်သည့် အကြံပြုချက်များ ပေးခဲ့သည်ကိုမူ ပြောကြားခြင်း မရှိပေ။
“ပြင်မှာလား၊ မပြင်ဘူးလားကတော့ အစိုးရရဲ့အပိုင်းပဲ”ဟုလည်း ဦးသိန်းမြင့် က ပြောသည်။
ယခု သတင်း ရေးသားချိန်အထိ ဧရာဝတီ အနေဖြင့် မြို့တော်ဝန် ဦးမောင်မောင်စိုးကို ဆက်သွယ်နိုင်ခဲ့ခြင်း မရှိပါ။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သည့် Architects, Experts Slam Draft Law for Yangon City Development ကို ဘာသာပြန်သည်။