ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့တွင် ဒေသခံ အမျိုးသား ၅ဦး ထင်းခွေသွားရာ လမ်းတွင် မြေမြှုပ်မိုင်း နင်းမိပြီး ဒဏ်ရာများ ပြင်းထန်စွာ ရရှိမှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။
ထို ဒဏ်ရာရရှိသူများကို တရုတ်နိုင်ငံ နယ်စပ် မန်စီမြို့ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ပြုလုပ်နေသည်ဟုလည်း သိရသည်။
မိုင်းနင်းမိသည့် မုံးကိုး ဒေသခံ ၅ဦးမှာ ကချင်အမျိုးသားများ ဖြစ်သည့် ဦးဝယောဒိုင်ဇော၊ ဦးခေါင်ဒေါင်၊ ဦးလုပ်ဆိန်း ယိန်းယော်၊ ဦးဝယောဇောင်းခေါင် နှင့် တရုတ်အမျိုးသား ဦးချာလောင်ဖ တို့ ဖြစ်ကြောင်း မုံးကိုးမြို့ ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) မှ သင်းအုပ်ဆရာ ဦးဇောင်ရာက ပြောသည်။
၎င်းတို့သည် ဇန်နဝါရီလ ၈ ရက် နံနက် ၁၁ နာရီ ဝန်းကျင်က မြို့နှင့် ၂မိုင်ခန့် ကွာဝေးသည့် မန်ဂျပ် ကျေးရွာအနီးသို့ သွားကာ ထင်းများရှာဖွေရာ လမ်းတွင် မိုင်း၂ လုံး နင်းမိခြင်း ဖြစ်သည်ဟု ၎င်းက ပြောပြသည်။
ဦးဇောင်ရာက “မနေ့က သူတို့က မုံးကိုးအထက် မန်ဂျပ် ကျေးရွာဟောင်း၊ စစ်ဖြစ်ထားတော့ ရွာသားတွေ မရှိဘူး။ တပ်က ရှိတယ်။ အဲဒီနေရာမှာ ထင်းသွား ခွေကြတာ။ သွားတော့ တပ်ကလည်း အဲဒီအထက်ဘက်ကို မသွားဖို့တော့ ပြောပေမယ့် သူတို့ကလည်း ရွာနားမှာဆိုတော့ မဖြစ်လောက်ဘူး။ မရှိလောက်ဘူးထင်ပြီး သွားတာ အဲ့ဒီမှာ ပေါက်တာ ပဲ”ဟုလည်း ပြောသည်။
မိုင်းနင်းမိသည့် ၅ဦးအနက် ၃ဦးမှာ ဦးစွာ မိုင်းနင်းမိပြီး ဦးဝယောဇောင်းခေါင် နှင့် အမျိုးသား ၁ ဦးက ကယ်ဆယ်ရန် သွားရာ မိုင်း၁လုံးကို ထပ်မံနင်းမိရာ ၅ဦးလုံး ဒဏ်ရာများ ရရှိသွားခြင်း ဖြစ်သည်ဟု ဦးဇောင်ရာက ပြောဆိုသည်။
ဦးဝယောဇောင်းခေါင်းက မိုင်းထိဒဏ်ရာများကြောင့် ခြေထောက် ၂ဖက်လုံး ဒူးအောက်မှ ဖြတ်တောက် လိုက်ရကာ ကျန် ၄ဦးသည်လည်း ခြေထောက်နှင့် ဝမ်းဗိုက်များတွင် မိုင်းစများ ထိမှန်သည့် ဒဏ်ရာများ ရရှိထားသည်ဟုလည်း ဆို သည်။
မိုင်းနင်းမိသည့် ၅ဦးလုံးသည် အသက်အရွယ်အားဖြင့် အသက် ၅၀ ကျော်များ ဖြစ်ကြပြီး ဦးဝယောဇောင်း ခေါင်မှာ မုံးကိုး KBC မှ သင်းထောက်ဆရာ တဦးဖြစ်ကြောင်း၊ ကျန် ၄ဦးသည် ဒေသခံများ ဖြစ်ကြောင်း၊ ၎င်းတို့ ၅ဦးလုံးသည် မုံးကိုးမြို့အတွင်း ၂၀၁၆ ခုနှစ်က တိုက်ပွဲများဖြစ်ပြီးနောက် နေအိမ်များ မီးလောင်ပျက်စီး၍ လက်ရှိတွင် ဆွေမျိုးများ အိမ်၌ နေထိုင်နေကြသူများ ဖြစ်ကြရာ ဆေးကုသ စရိတ်များအတွက် အခက်အခဲ ကြုံနေသဖြင့် KBC မှ ကူညီ နေကြောင်းလည်း သိရသည်။
“ကျေးရွာ တော်တော်များများက ပြန်လို့မရတဲ့ နေရာမှာ ရှိတယ်။ မြေမြှုပ်မိုင်းက တော်တော် များသေးတယ်။ မန်ဂျပ် လည်း ရွာကြီးပဲ မနှစ်က တိုက်ပွဲစတော့ ဘယ်သူမှ မနေရဲတော့ဘူးလေ။ သူတို့လည်း စားဝတ်နေရေး ခက်ခဲတော့ ထင်းတွေခုတ်ပြီး မြို့ပေါ်တက်ရောင်းဖို့ လုပ်ကြရင်း အဲဒီဘက်ကို သွားကြတာ”ဟု ဦးဇောင်ရာက ပြောသည်။
မုံးကိုးမြို့သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့ကြီးတချို့တွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLIA) ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ ပူးပေါင်း ထားသည့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့နှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားရာတွင် စစ်ဘေးဒဏ် သင့်ခဲ့သည့်မြို့ဖြစ်သည်။
မုံးကိုးမြို့အတွင်းဒေသခံတို့၏ နေအိမ်များ လက်နက်ကြီး ထိမှန်ခြင်း ဗုံးပေါက်ကွဲခြင်းတို့ကြောင့် ပျက်စီး ထားပြီး အရပ်သား ၄၀ကျော် ထိခိုက်သေဆုံးထားကာ ဒေသခံ ၈၀၀၀ကျော်လည်း တရုတ်နိုင်ငံဘက်သို့ စစ်ဘေးရှောင်ခဲ့ရသည်။
ဒေသခံ တဦး ဖြစ်သူ ဒေါ်နန်းခမ်းလောင် ကလည်း “ကျမတို့ အိမ်ကို ပြန်ချင်ပေမယ့် မိုင်းတွေ အပျက်အစီးတွေ ကြားထဲမှာမို့ ခုထိ ကို မပြန်တာ။ ကျမမှာ ကလေးတွေရှိတော့ မိုင်းကိုလည်း အရမ်းကြောက်တယ်။ နင်းမိရင် ထိမိရင် ဘဝတခုလုံး သွားပြီလေ။ မုံးကိုးကို ပြန်ကြတဲ့ သူတွေထဲမှာ မိုင်းထိတဲ့ သတင်းတွေကလည်း ခဏခဏကြား နေရ တယ်” ဟု ပြောသည်။
ဒေါ်နန်းခမ်းလောင် သည် ၂၀၁၆ ခုနှစ် တိုက်ပွဲများကြောင့် မိုးကိုးမြို့မှ မူဆယ်မြို့သို့ ပြောင်းရွှေ့နေထိုင်နေသူ တဦးလည်း ဖြစ်သည်။
တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ၂ဖက် တိုက်ပွဲ အတွင်း ဒေသခံများက အိုးအိမ်များ၊ အလုပ်အကိုင်များ ထားခဲ့ရသဖြင့် တိုက်ပွဲပြီးသည့် ကာလ နောက်ပိုင်းတွင် ဒေသခံ များ ၏ နေအိမ်များ၊ ဒေသခံများ သွားလာသည့် နေရာများတွင် မြေမြှုပ်မိုင်းများ မထောင်သင့်ကြောင်း၊ ဒေသခံ အများ စု သည် လည်း အိုးအိမ်များ ဆုံးရှုံးရသည့် အပြင် ဆွေမျိုး မိတ်ဆွေများ အိမ်တွင် ခိုကပ်နေရသည့် ဘဝကို ရောက်နေရ သည် ဟုလည်း ဒေါ်နန်းခမ်းလောင်က ပြောသည်။
မုံးကိုးတိုက်ပွဲများ အရှိန်လျော့ကျသွားသည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ အတွင်း အစိုးရနှင့် တပ်မတော်က ဒေသခံများ ကို ပြန်လည် နေရာချထားရေး လုပ်ပေးသည်ဟု ဆိုသော်လည်း ဒေသခံများ၏ ပြောဆိုချက်အရ မုံးကိုးမြို့အတွင်း တွင်သာ နေထိုင်ရန် အဆင်ပြေပြီး မြို့အနီးရှိ ကျေးရွာများတွင် အိမ်များ မီးလောင် ပျက်စီးနေသည့်အပြင် မြေမြှုပ်မိုင်း အန္တရာယ်ကို စိုးရိမ်သဖြင့် ဒေသခံတချို့သည်လည်း ပြန်လည်နေထိုင်ခြင်း မရှိ ဟု သိရသည်။
၂၀၁၆ ခုနှစ် တိုက်ပွဲများ မဖြစ်ပွားခင်က မုံးကိုးမြို့ အာဏာပိုင်များ၏ စာရင်းအရ မုံးကိုးမြို့အတွင်း ရပ်ကွက် ၇ ခုရှိပြီး လူဦးရေ ၈၀၀၀ ကျော် နေထိုင်ပြီး ယခုအခါ နေထိုင်သည့် လူဦးရေ စာရင်းကိုတော့ မသိရှိရသေးပါ။