နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ (DPN) ၏ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ အဆိုပြု ချက် ၉ ချက် အပေါ် နှစ်ဖက် ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံအဖြေရှာရန် သဘောထား ချမှတ်ထားကြောင်း သိရသည်။
DPN သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က ဖွဲ့စည်းထားသော ကိုယ်စားလှယ် အဖွဲ့ ဖြစ်သည်။
UNFC ၏ ဗဟို အလုပ်အမှုဆောင် (တိုးချဲ့) အစည်းအဝေးက ထိုသို့ သဘောထား ချမှတ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။
UNFC သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၆ ရက်မှ ၈ ရက်ထိ ဗဟို အလုပ်အမှုဆောင် ကော်မတီ (တိုးချဲ့) အစည်း အဝေး ကို ကျင်းပခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် UNFC ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေး၍ အဖြေရှာ သွား ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း UNFC ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော်က ပြောသည်။
“အခု ဒီအစည်းအဝေးမှာ DPN အနေနဲ့ အဆိုပြုချက် ၉ ချက် ဆွေးနွေး ညှိနှိုင်းလက်စ ရှိတာကို နှစ်ဖက် ထိပ် သီး ခေါင်းဆောင်တွေ တွေ့ဆုံ ခြင်းဖြင့် အဖြေရှာဖို့ ကိစ္စကို ဆက်လက် ဆောင်ရွက်ဖို့ သဘောထား ချမှတ် ပါတယ်”ဟု ၎င်းက ပြောသည်။
UNFC အနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရန် အတွက် အဆိုပြုချက် ၉ ချက်ကို အစိုးရ နှင့် တပ်မတော်ထံ တင်ပြထားရာ သဘောတူညီမှု ရယူနိုင်ရေး အစိုးရ ၏ ငြိမ်းချမ်း ရေးကော်မရှင် (PC)နှင့် UNFC ၏ DPN တို့ ၁၇ လကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ သော်လည်း သဘော တူညီမှု ရယူနိုင်ခြင်း မရှိသေးပေ။
DPN ၏ အဆိုပြုချက် ၉ ချက်အပေါ် တရားဝင် ၈ ကြိမ်တိုင် ဆွေးနွေးခဲ့ရာ ယနေ့အထိ သဘောတူညီမှု မရယူနိုင်သေးပဲ နံပါတ် ၂ ပါ အချက်အပေါ် သဘောထား ကွဲလွဲနေကြခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် UNFC သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဖြင့် တွေ့ဆုံ ဆွေးနွေး၍ အဖြေရှာသွားလိုကြောင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၁ ရက် ကလည်း ထုတ်ပြန် ပြောကြားခဲ့သည်။
နှစ်ဖက် ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံနိုင်ရေးနှင့်ပတ်သက်ပြီး DPN နှင့် PC ကိုယ်စားလှယ်တို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က အလွတ်သဘော ဆွေးနွေးခဲ့ရာတွင် တွေ့ဆုံမည့် ရက်ကို မသတ်မှတ်နိုင်ခဲ့ကြောင်း၊ မည် သည့် ပုံစံမျိုးမှသာလျှင် အစိုးရ ခေါင်းဆောင် ၂ ဦးကို တွေ့နိုင်မည်ဖြစ်ကြောင်း PC ဘက်က ချပြခဲ့ကြောင်း သိရ သည်။
ငြိမ်းချမ်းရေးကော်မရှင်(PC)မှ တာဝန်ရှိသူ တဦးက “ကျနော်တို့နဲ့ သူတို့နဲ့ ပြောပြီးသားပါ။ လူကြီးတွေနဲ့ တွေ့ မယ် ဆိုရင် ဘယ်လို အစီအစဉ်မျိုးနဲ့ ဘယ်လို အနေအထားမျိုးမှာ တွေ့လို့ရမယ်။
ဘယ်လို အနေအထားမျိုးမှာ ဆိုရင် တွေ့ဖို့ အဆင်မပြေဘူးဆိုတာ ပြောပြီးသား ဖြစ်ပါ တယ်။ အဲဒါ(ဘယ်လို အစီအစဉ်မျိုးနဲ့မှ တွေ့နိုင်တယ် ဆိုတာ) ပြောလို့ မရပါဘူး ခင်ဗျ။ ကျနော်တို့ နှစ်ဖက် စလုံး က ဆွေးနွေးနေဆဲပါပဲ။ အဖြေမထွက်ခင်တော့ ကျနော်တို့ ၂ ဖက်စလုံး မပြောကြဖို့လို့ ညှိနှိုင်းထားကြပါတယ်” ဟု ပြောသည်။
နှစ်ဖက် ခေါင်းဆောင်များ တွေ့ဆုံနိုင်ရေးနှင့် ပတ်သက်ပြီး UNFC မှ ဦးထွန်းဇော်က ပိတ်ဆို့မှုများကို စိုးရိမ်နေ၍ မရကြောင်း၊ တွေ့ဆုံနိုင်ရေး လမ်းကြောင်းကို အဟန့်အတားဖြစ်နေသော မူဝါဒများကို ဖြေလျှော့ပေး သင့်ကြောင်း ပြောဆိုသည်။
UNFC ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီ (တိုးချဲ့) အစည်းအဝေးကိုကလည်း နောက်ဆုံး တစ်ဆို့နေသည့် အချက်များအပေါ် အဖြေ ရရှိရေးအတွက် နှစ်ဖက် ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံ ညှိနှိုင်းနိုင်ရန်နှင့် အခြား နည်းလမ်းများကိုလည်း ဆက်လက်ရှာဖွေ ကြိုးပမ်း သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
UNFC တွင် မွန်ပြည်သစ် ပါတီ (NMSP)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ရခိုင် အမျိုးသား ကောင်စီ(ANC)တို့ ပါဝင်ကြသည်။