မြန်မာအိမ်ဖော် အမျိုးသမီးတဦးကို ကြမ်းတိုက်ဆေးနှင့် ရောထားသည့် ရေကို သောက်ခိုင်းခြင်း၊ ရေနွေးပူဖြင့် လောင်းခြင်း စသည့် မတရားပြုမူခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် ဇနီးမောင်နှံနှစ်ဦးအား စင်ကာပူ တရားရုံးက ဇန်နဝါရီလ ၈ ရက်၊ တနင်္လာနေ့တွင် ကြားနာ စစ်ဆေးခဲ့သည်။
အသက် ၃၈ နှစ်အရွယ်ရှိ လင်ဒါရှားလဲစီ (Linda Seah Lei Sie) သည် ၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့သည့် မတော်မတရား ပြုမှုများနှင့် ပတ်သက်ပြီး စွဲချက် ၆ ခုကို ရင်ဆိုင်နေရသည်။
သူမသည် အသက် ၂၀ ရှိ မြန်မာအမျိုးသမီး မဖြူဖြူမာ၏ ဦးခေါင်းမှ ဆံပင်အများအပြား ကျွတ်ထွက်သည် အထိ ဆောင့်ဆွဲကာ နိုင့်ထက်စီးနင်းပြုမှုခဲ့ကြောင်း ရုံးတော်က စစ်ဆေးကြားနာခဲ့သည်။
လင်ဒါရှားလဲစီသည် အိမ်ဖော် မဖြူဖြူမာကို ရေနွေးပူဖြင့် ကိုယ့်ကိုယ်ကိုယ် လောင်းစေခြင်း၊ ကြမ်းတိုက်ဆေးနှင့် ရောထားသည့် ရေကို အသောက်ခိုင်းခြင်း စသည်တို့ကိုလည်း အဓမ္မ စေခိုင်းခဲ့မှုများနှင့် တရားရင်ဆိုင်နေရကြောင်း စင်ကာပူမှ လာသော သတင်းများက ဆိုသည်။
လင်ဒါရှားလဲစီ၏ ခင်ပွန်းဖြစ်သူ အသက် ၄၃ နှစ် အရွယ်ရှိ လင်တုန်းလန် (Lim Toon Leng) ကလည်း ရဲများ အရေးမယူမီ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်က မဖြူဖြူမာ၏ နဖူးကို နှစ်ကြိမ် လက်သီးဖြင့်ထိုးခဲ့ကြောင်းလည်း သတင်းများက ဆိုသည်။
လင်ဒါရှားလဲစီ၏ Anew Me အလှပြင်ဆိုင်ဝန်ထမ်း တဦးက ယင်းသို့ မတော်မတရား ပြုမူသည့် ဖြစ်စဉ်ကို သိရှိသွားပြီး နောက် အရေးယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း အောက်တိုဘာလ ၁၄ ရက် ရဲမှတ်တမ်းတွင် အစီရင်ခံချက်တွင် ဖော်ပြထားသည်။
မဖြူဖြူသည် သူ့ဆီတွင် စားစရာ လုံးဝမရှိ ဟု အခင်းမဖြစ်ပွားမီက ၎င်းအား ပြောကြားခဲ့ဖူးကြောင်း ယခုအခါ သက်သေအဖြစ် လိုက်ပါ ဆောင်ရွက်သူ မစ္စလီလီယန်း (Ms Lee Lee Yen) က ပြောသည်။
“သူမ ဆာနေတဲ့ အတွက် ကျမကပဲ ဘီစကစ်တွေ၊ ရေတွေ တိတ်တဆိတ် ပို့ပေးခဲ့ရပါတယ်” ဟု မစ္စလီလီယန်းက ထွက်ဆိုသည်။ ယခင်က ဝဖြိုးစိုပြေနေခဲ့သည့် မဖြူဖြူမာသည် လင်မိသားစုထံတွင် အလုပ်လုပ်ပြီးနောက် ကိုယ်အလေးအချိန် သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
အောက်တိုဘာလ ၁၄ ရက်က မဖြူဖြူမာ၏ ဝဲဘက် မျက်လုံးမှာ ဖူးယောင်နေပြီး ထိခိုက်ဒဏ်ရာ ရထားသည်ကို မိမိ သတိပြုခဲ့ကြောင်းလည်း မစ္စလီလီယန်းက ပြောပြသည်။
ခင်ပွန်းဖြစ်သူ၏ အလှပြင်ဆိုင်ကို စီမံနေသူ လင်ဒါရှားလဲစီသည် မဖြူဖြူကို ယင်းနေ့တွင် ဆိုင်သို့ ခေါ်ဆောင်လာခဲ့သည်။
လင်ဒါရှားလဲစီက အလှပြင်ဆိုင် ဝန်ထမ်းများအား မဖြူဖြူကို သူမ ဒေါသထွက်နေသဖြင့် မည်သူမှ စကားပြောဆို ဆက်ဆံခြင်း မပြုရန် မှာကြားထားကြောင်း၊ မဖြူဖြူတွင် ဒဏ်ရာများတွေ့ရသဖြင့် မစ္စလီလီယန်းက မသိမသာ မေးမြန်းခဲ့ကြောင်း ၎င်းက တရားရုံးတွင် ထွက်ဆိုသည်။
မစ္စလီလီယန်းက မဖြူဖြူကို ကူညီမည် ဟု ဆိုသည့်အခါ မဖြူဖြူက လင်ဒါရှားလဲစီအား ယခုကဲ့သို့ အကြင်တရား ကင်းမဲ့စွာ ထပ်မံ မပြုရန်သာ ဖျောင်းဖျပေးဖို့သာ လိုကြောင်း၊ အကြောင်းမှာ လင်မိသားစုနှင့် သူမ ဆက်အလုပ် လုပ်လို၍ ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သည် ဟု ဆိုသည်။
သို့သော် မစ္စလီလီယန်းက မဖြူဖြူ အလုပ်ပြုတ်မည်ကို စိုးရိမ်သဖြင့် လင်ဒါရှားလဲစီကို တစုံတရာ မပြောတော့ဘဲ ရဲထံ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
မစ္စလီလီယန်းသည် လင်ဒါရှားလဲစီနှင့် သိကျွမ်းရင်းနှီးသည်မှာ ဆယ်နှစ်ဝန်းကျင် ကြာပြီ ဖြစ်ပြီး လင်ဒါရှားလဲစီ ၂၀၁၀ ပြည့်နှစ်က လက်ထပ်စဉ်က အပျိုရံအဖြစ် ဆောင်ရွက်ပေးခဲ့ဖူးသည်။ လင်ဒါရှားလဲစီသည် မိတ်ဆွေကောင်းတဦး၊ အလုပ်ရှင်ကောင်းတဦး ဖြစ်ကြောင်း မစ္စလီလီယန်းက ပြောသည်။
လင်ဒါရှားလဲစီ၏ ရှေ့နေ မစ္စကက်သူရီဘိုင်းမနစ်ခန်း (Kasturibai Manickam) က မဖြူဖြူ ကိုယ်အလေးချိန် ကျဆင်းခဲ့ခြင်းမှာ ၎င်းကိုယ်တိုင်က အဆီချလို၍ ဖြစ်ကြောင်း လျှောက်လဲခဲ့သည်။
မဖြူဖြူကိုယ်ပေါ်မှ ဒဏ်ရာများသည် ၎င်းဘာသာ အကြောင်းတခုကြောင့် ရခြင်း ဟုတ်၊ မဟုတ် မစ္စလီလီယန်း အနေဖြင့် မသေချာကြောင်း၊ သို့တည်းမဟုတ် လင်ဒါရှားလဲစီက မဖြူဖြူကို အစာရေစာ ဖြတ်တောက်ထားသည် ဆိုခြင်းနှင့် ပတ်သက်၍ မစ္စလီလီယန်းက လင်ဒါရှားလဲစီကို တခါမှ မေးမြန်းခဲ့ဖူးခြင်း မရှိကြောင်း မစ္စမနစ်ခန်းက ဆက်လက် လျှောက်လဲချက်ပေးသည်။
အလုပ်ရှင်က သူမ အနီးတွင် ရှိနေသဖြင့် မဖြူဖြူသည် နာကျင်ခြင်းနှင့် မတော်မတရား ပြုမူခံရခြင်းတို့ကို ဖွင့်ဟ မပြောနိုင်ခဲ့ကြောင်း နှစ်ဦးစလုံးက ထွက်ဆိုသည်။
ယင်းအမှုကို အင်္ဂါနေ့တွင် ဆက်လက်စစ်ဆေး ကြားနာခဲ့သည်။
မဖြူဖြူ အနေဖြင့် ဧပြီလ ဒုတိယရုံးချိန်းတွင် သူမ၏ အလုပ်ရှင်ဟောင်းနှင့် ပတ်သက်ပြီး ကျမ်းကျိန်ထွက်ဆိုမည် ဟု မျှော်လင့်ရသည်။
အိမ်ဖော်ကို အနိုင်ကျင့်သည့် ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် လင်ဒါရှားလဲစီနှင့် ခင်ပွန်းတို့သည် ထောင်ဒဏ် ၃ နှစ်နှင့် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၇၅၀၀ ပေးဆောင်ရဖွယ်ရှိသည်။
ကိုးကား။ ။channelnewsasia.com