နိုင်ငံတော် အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေဖြင့် အရေးယူ ခံရခြင်းသည် မမှန်ကန်သည့် နည်းလမ်း ဖြစ်ကြောင်း ဖမ်းဆီး ခံထားရသော Reuters သတင်းထောက် ၂ ဦးက ပြောဆိုလိုက်သည်။
ယနေ့ နံနက်ပိုင်းက ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးထုတ် အပြီးတွင် မြန်မာပြည် အခြေစိုက် Reuters သတင်း ထောက် များ ဖြစ်သော ကိုသက်ဦးမောင်(ခ) ဝလုံးနှင့် ကိုကျော်စိုးဦး(ခ) မိုးအောင်တို့က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ် သည်။
ကိုသက်ဦးမောင်(ခ) ဝလုံးက “သတင်းတွေကို မှန်မှန်ကန်ကန်ရေးသားထုတ်ဖော်ခွင့်မရနိုင်အောင်လို့ အခုလိုမျိုး ကျနော် တို့ကို မမှန်ကန်တဲ့ နည်းလမ်းသုံးပြီးတော့ ဖမ်းဆီး အရေးယူတာ ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ပြော သည်။
ကိုသက်ဦးမောင်(ခ) ဝလုံးနှင့် ကိုကျော်စိုးဦး(ခ) မိုးအောင် တို့သည် ဒီဇင်ဘာ ၁၂ ရက်နေ့ ညပိုင်းက မင်္ဂလာဒုံ မြို့နယ် ရှိ စားသောက်ဆိုင် တခုတွင် အမှတ် ၈ ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင် ၂ ဦးနှင့် အင်းတာဗျူးသွားရောက် တွေ့ဆုံပြီး ပြန် အထွက် တွင်ပင် နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေပုဒ်မ ၃ ဖြင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးအမှုဖွင့် ခံထားရခြင်း ဖြစ်သည်။
ယနေ့ ရုံးချိန်းတွင် ဖမ်းဆီးခံ သတင်းထောက် ၂ ဦးအတွက် အာမခံလျှောက်ထားခဲ့ပြီး ကြားနာ စစ်ဆေးမှုကို ဇန်နဝါရီ ၂၃ ရက်နေ့ ရုံးချိန်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း ဖမ်းဆီးခံ သတင်းထောက်များ၏ ရှေ့နေ ဦးသန်းဇော်အောင်က ပြော သည်။
ရှေ့နေ ဦးသန်းဇော်အောင်က “စွပ်စွဲခံရသူတွေရဲ့ ပြောကြားချက်နဲ့ တရားခွင်တင်လာတဲ့ အမှုတွဲတွေမှာ ကွဲလွဲ ချက် လေးတွေ ရှိနေတာ တွေ့ရတယ်။ ကျနော်တို့ကတော့ တရားခွင်မှာ ဥပဒေနဲ့အညီ အမှန်တရား ပေါ်ပေါက်အောင် ဖော်ထုတ် သွားမှာပါ”ဟုလည်း ပြောပြသည်။
ရုံးချိန်းတွင် တရားလို ဒုရဲမှူးကြီး ယုနိုင် အနေဖြင့် တရားခွင်သို့ လာရောက်ခြင်း မရှိခဲ့သော်လည်း သတင်းထောက် ၂ဦး အား အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ၃ ဖြင့် တရားစွဲတင်ခဲ့ပြီး တရားလိုပြ သက်သေအဖြစ် ၂၅ ဦး တင်ပြခဲ့ရာတွင် သတင်းထောက် ၂ ဦးကို အင်တာဗျူး ခေါ်တွေ့ကာ အစီရင်ခံစာ ပေးခဲ့သည့် ရဲ ၂ဦးလည်း ပါဝင်ကြောင်း သိရသည်။
တရားလိုပြ သက်သေစာရင်းတွင် ပါဝင်လာသည့် အစီရင်ခံစာ ပေးခဲ့သော ဒုရဲမှူး မိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်း တို့ကို သတင်းထောက် ၂ ဦးနှင့် ပါဝင် ပတ်သက်သည်ဟု ဆိုကာ အရေးယူမည်ဟု ထုတ်ပြန်ထားသော် လည်း လက်ရှိအချိန်အထိ မည်ကဲ့သို့ အရေးယူဆောင်ရွက်လျက်ရှိသည်ကို ရဲတပ်ဖွဲ့က ထုတ်ပြန်ပေးခြင်း မရှိသေးပေ။
သတင်းထောက် ၂ဦးအား ဖမ်းဆီးမှုကို ပြန်ကြားရေး ဝန်ကြီးဌာနက ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သည့် အရေးကြီး လုံခြုံရေး စာရွက်စာတမ်းများအား နိုင်ငံခြား သတင်း မီဒီယာများသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် သတင်း အချက် အလက် များအား တရားမဝင် ရယူခဲ့ကြောင်း ဖော်ပြခဲ့သည်။
ဖမ်းဆီးခံ သတင်းထောက်များ၏ မိသားစုဝင်များကမူ ရဲ ၂ဦးပေးသည့် အစီရင်ခံစာ စာရွက်များအား မဖတ်ရှုရသေးခင် မှာပင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
ယခုကဲ့သို့ သတင်းထောက် ၂ ဦးအား ဖမ်းဆီးမှုသည် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ဖိနှိပ် ခြိမ်းခြောက်ခြင်းသာ ဖြစ် ကြောင်း ပြည်တွင်းပြည်ပ သတင်းမီဒီယာ အဖွဲ့အစည်းများက ပြောကြားခဲ့ပြီး ဖမ်းဆီးခံ သတင်းထောက် ၂ဦးအား ပြန် လွှတ်ပေးရေးအတွက် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါစသည့် နိုင်ငံများက မြန်မာအစိုးရထံ တိုက်တွန်း တောင်ဆို ခဲ့ကြ သည်။
ဖမ်းဆီးခံ သတင်းထောက် ကိုကျော်စိုးဦးက “ဒီပုဒ်မက ကျနော်တို့နဲ့ ဘာမှမဆိုင်ပါဘူး၊ အမှန်တရားတွေ ရေးသား ဖော်ထုတ်ရင်းနဲ့ ကိုယ့်ရဲ့ လုံခြုံရေးကိုလည်း ဂရုစိုက်ကြပါ၊ ပြည်သူတွေကိုလည်း ပြောပေးပါ၊ ကျနော်တို့ သတင်း သမားတွေကို ကာကွယ်ပေးကြပါလို့။ ကျနော်တို့ အမှန်တရားတွေကို ဆက်လက်ပြီးတော့ ဖော်ထုတ်ကြမှာပါ”ဟု ပြောသည်။
သတင်းထောက် ၂ဦး ရုံးထုတ်တွင် မြန်မာ သတင်းသမားများ ကာကွယ်ရေး ကော်မတီ (PCMJ) က ဦးဆောင်ပြီး ဖမ်းဆီးခံ ထားရသည့် သတင်းသမား ၂ဦးအား ပြန်လွှတ်ပေးရေး အတွက် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။
သတင်းထောက် ၂ဦး အနေဖြင့် ဖမ်းဆီးခံရပြီးနောက် အောင်သပြေ စစ်ကြောရေးစခန်းတွင် ၁၄ ရက်ခန့်ကြာ စစ်ဆေး ခြင်း ခံခဲ့ရပြီးနောက် အင်းစိန် အကျဉ်းထောင်သို့ ပို့ဆောင်ခြင်း ခံထားရကာ တရားရင်ဆိုင်နေ ရခြင်းဖြစ်သည်။