သတင်း

ဆက်ကြေးကောက် SSA (ဝမ်ဟိုင်း)အဖွဲ့ဝင် ၅ ဦးကို ဖမ်းမိထားဟု တပ်မတော် ထုတ်ပြန်

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် သပြေဒိုး ကျေးရွာအတွင်း ဆက်ကြေး လာကောက်သော SSA (ဝမ်ဟိုင်း) အဖွဲ့ဝင် ၅ ဦးကို ဖမ်းဆီး ရမိထားကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

နောင်ချိုမြို့နယ်၏ အနောက်ဘက် ၂၄ မိုင်ခန့် အကွာရှိ သပြေဒိုး ကျေးရွာအတွင်း SSA (ဝမ်ဟိုင်း) အဖွဲ့ဝင်များ နယ်မြေ ကျော်လွန် ရောက်ရှိနေကြောင်း သတင်းအရ နယ်မြေခံ တပ်မတော်စစ်ကြောင်းက ယနေ့ နံနက် ၃နာရီခွဲ ခန့်တွင် ယင်းအဖွဲ့ဝင်များ ခိုအောင်းနေသည့် အိမ်အား ဝင်ရောက် ပိတ်ဆို့ရှာဖွေရာ နေအိမ် အတွင်းမှ လက်နက်ငယ် များဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး အတင်းဝင်ရောက် ဖမ်းဆီးခဲ့သည်ဟု တပ်မတော် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖြစ်စဉ်တွင် တပ်မတော်ဘက်မှ စစ်သည် ၁ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး SSA (ဝမ်ဟိုင်း) အဖွဲ့မှ မြို့နယ်မှူး အဆင့်ရှိ စိုင်းမိုးအောင် အပါအဝင် အဖွဲ့ဝင် ၅ ဦးကို လက်နက်ငယ် ၅ လက်၊ ကျည်အိမ် ၄ ခု၊ ကျည်မျိုးစုံ ၇၈ တောင့်၊ လက် ကိုင်ဖုန်း ၂ လုံး၊ Tablet ၁ လုံး၊ ဆက်ကြေး ကောက်ခံရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

ထို့အပြင် ဖမ်းဆီးရမိသူများ၊ လက်နက် ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့် စာရွက်စာတမ်းများအား နောင်ချိုမြို့မ ရဲစခန်း သို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်းလည်း တပ်မတော်က ပြောသည်။

သို့သော် နောင်ချိုမြို့မ ရဲစခန်းမှ တာဝန်ကျ အရာရှိက မိမိတို့ထံ လာရောက် အပ်နှံခြင်းမရှိသေးကြောင်း ဧရာဝတီသို့ ပြောသည်။

နောင်ချိုမြို့မရဲစခန်းမှ တာဝန်ကျ အရာရှိတဦးက “ဟုတ်ကဲ့။ ကျနော်တို့ဆီမှာ လာအပ်တာတော့ မရှိဘူးဗျ”ဟု ပြောပြ သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သော SSA (ဝမ်ဟိုင်း)အဖွဲ့ ဆိုသည်မှာ ရှမ်းပြည် တိုးတက်ရေး ပါတီ/ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် SSPP/SSA မှ တာဝန်ရှိသူများကို ဆက်သွယ်သော်လည်း ဖုန်းများ ပိတ်ထားသည့် အတွက် တစုံတရာ မေးမြန်းနိုင်ခြင်း မရှိခဲ့ပေ။

SSPP/SSA သည် မြောက်ပိုင်း လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC)အဖွဲ့ဝင် ဖြစ်ပြီး အစိုးရ အပါအဝင် တပ်မတော် နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

သို့သော် FPNCC သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ် မထိုးရန်၊ စာချုပ်အသစ် ဖော်ဆောင်ပေးရန်၊ တဖွဲ့ချင်း မဆွေးနွေးဘဲ FPNCC ၇ ဖွဲ့စလုံးဖြင့်သာ ဆွေးနွေးရန် မူဝါဒများ ချမှတ် ထားခြင်းကြောင့် တွေ့ဆုံဆွေးနွေးမှု မလုပ်နိုင်ဘဲ ဖြစ်နေသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရူးမြို့နယ်ရှိ SSPP/SSA အသွင်ပြောင်း စိန်ကျော့ ပြည်သူ့စစ် နယ်မြေအတွင်း တပ်မတော် နှင့် SSPP/SSA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading