လက်ရှိ ဧရာဝတီတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီမှာ ရာထူးက နှုတ်ထွက်သွားသည့်အတွက် လစ်လပ်နေသည့် ဝန်ကြီးချုပ် နေရာတွင် အစားထိုး အသစ်ခန့်အပ်နိုင်ရန် လာမည့် ဇန်နဝါရီလ ၁၅ ရက်တွင် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်အရေးပေါ် အစည်းအဝေးခေါ်ယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
“တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ ဝန်ကြီးချုပ် အပြောင်းအလဲရှိသလို တိုင်းဒေသကြီးဝန်ကြီး တဦးလည်း နှုတ်ထွက်သွား တဲ့သတင်းတွေ နိုင်ငံတော်သမ္မတရုံးက ကြေညာပြီးသလို အားလုံးလည်း သိရှိပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ်အသစ် တယောက် ထပ်မံခန့်ထားနိုင်ရေးအတွက် လွှတ်တော် ဆိုင်ရာ နည်းဥပဒေပုဒ်မ ၃၂ အရ အရေးပေါ် လွှတ်တော်အစည်းအဝေးကို ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကျင်းပဖို့ လွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူခြင်းဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု ဥက္ကဋ္ဌ ဦးစံမင်းအောင်က ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သစ်ခန့်အပ်ရန်အတွက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်အနေဖြင့် လွှတ်တော်ဆိုင်ရာ ဥပဒေအရ လက်ရှိ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထဲမှ တဦးဦးကို ပြန်လည်ရွေးချယ် ခန့်အပ်ရမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ အဆိုပါ အရေးပေါ်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ ပေးပို့လာသည့် ဝန်ကြီးချုပ်သစ်၏ အမည်စာရင်းအား ဧရာဝတီတိုင်းလွှတ်တော်တွင် တင်သွင်းကာ လွှတ်တော် သဘောထားရယူမည်ဖြစ်ပြီး ဝန်ကြီးချုပ်သစ်နှင့်ပတ်သက်၍ တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားမှတ်ချက်ကို နိုင်ငံတော်သမ္မတထံ ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီနှင့် စိုက်ပျိုးရေး/မွေးမြူရေးဝန်ကြီး ဦးဘဟိန်းတို့အား ၎င်းတို့သဘောထားအလျှောက် ရာထူးမှနှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ဇန်နဝါရီလ ၉ ရက်နေ့ ရက်စွဲဖြင့် အမိန့်ပြန်တမ်းထုတ်ပြန်ခဲ့သည်။
ဝန်ကြီးချုပ် မန်းဂျော်နီမှာ ရာထူးမှ နှုတ်ထွက်ခဲ့သော်လည်း ၎င်း၏မူလတာဝန်ဖြစ်သည့် ကျုံပျော်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ဆောင်ရွက်နေမည်ဖြစ်ပြီး ဧရာဝတီတိုင်းလွှတ်တော်ကိုလည်း ကျုံပျော်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
“ဝန်ကြီးချုပ်အသက်ကလည်း ၇၇ နှစ်ရှိနေပါပြီ။ အသက်ကြီးတဲ့အတွက် ကျန်းမာရေးအရ အနေ အစားမကောင်းတာတွေ အားလုံးသိပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျန်းမာရေးအရ ဆက်လက် လုပ်ကိုင်လိုမှု မရှိတော့တဲ့အတွက် ဝန်ကြီးချုပ်ကိုယ်တိုင် နှုတ်ထွက်စာတင်ပြချက်မှုအရ သမ္မတရုံးက ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်”ဟု လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောသည်။
NLD အစိုးရ လက်ထက် ဧရာဝတီတိုင်းအစိုးရအဖွဲ့၏ ဝန်ကြီးချုပ် မန်းဂျော်နီမှာ နိုင်ငံရေး အကျဉ်းသားဟောင်းတဦးဖြစ်ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့သည့် ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၈ ခုနစ် ဇန်နဝါရီလ ၈ ရက်နေ့အထိ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဧရာဝတီတိုင်းအား အချိန် ၂၁ လ အကြာ အုပ်ချုပ်ပြီးနောက် ရာထူးမှနှုတ်ထွက်သွား ခဲ့ခြင်းဖြစ်သည်။