လက်နက်များ၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ၍ တရားစွဲခံထားရသည့် ဦးဖြိုးကိုကိုတင့်ဆန်း ၏ အမှုများကို ပေါင်း၍ စစ်ဆေးရန် ယနေ့ ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ရုံးထုတ်တွင် နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးက ရှေ့နေများကို တိုက်တွန်းလိုက်သည်။
ဒက္ခိဏ ခရိုင် တရားသူကြီး ဦးလှဝင်းက “တရားခံတယောက်တည်းက တနှစ်အတွင်းမှာ ကျူးလွန်တဲ့မျိုးတူပြစ်မှုတွေ ဖြစ်နေတယ်။ အမှုက ၁၂ မှုထိ ဖြစ်နေပေမယ့် ရာဇဝတ် ကျင့်ထုံး ဥပဒေအရ ပေါင်းစစ်လို့ရတဲ့ အတွက် ၂ ဖက် ရှေ့နေ တွေက လာမယ့် ရုံးချိန်းမှာ လျှောက်လဲ ချက် ပေးပါ။ တရားခံ တယောက်တည်းက ကျူးလွန်ပြီး သက်သေခံ ပစ္စည်း တွေလည်း အကုန်သိမ်းထားတဲ့ အတွက်ပါ” ဟု တရားခွင်တွင် ပြောသည်။
နေပြည်တော်တွင် စစ်ဆေးသော အမှုမှာ ၁၂ မှု ဖြစ်ကြောင်း သိရသည်။
၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ ညပိုင်းက နေပြည်တော် လေဆိပ်တွင် ဦးဖြိုးကိုကိုတင့်ဆန်း နှင့် ACE ဟိုတယ်မှ အခြား အမျိုးသား၂ ဦးတို့ကို တရားမဝင် လက်နက်များ၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိရာမှ စတင် အရေးယူခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် နေပြည်တော်ရှိ ဦးဖြိုးကိုကိုတင့်ဆန်း၏ ဟိုတယ်၊ ရန်ကုန်မြို့ရှိ ACE ရုံးတို့ကိုပါ ဆက်လက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာလူ ၁၅ ဦးကို ပုဒ်မပေါင်း ၁၇ ခုဖြင့် အရေးယူထားကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာန က သတင်းထုတ်ပြန်ခဲ့သည်။
ယနေ့ နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင် ပြုလုပ်သည့် ဦးဖြိုးကိုကိုတင့်ဆန်း အမှုတွဲအား ဒုတိယအကြိမ် မြောက် ရုံးထုတ်တွင် တရားခံပြေး ဖြစ်နေသည့် ကျော်ချမ်းငြိမ်းကို တရားခံပြေးဖြစ်ကြောင်း ဖမ်းဝရမ်း အတည်ပြု နိုင်ခဲ့ပြီး နောက်တကြိမ် ရုံးချိန်းမှစ၍ အမှုကို ၎င်းမပါဘဲ စွဲချက်တင်ထားသည့် ရာဇဝတ်မှု ၁၀ မှုကို စတင် စစ်ဆေး တော့ မည် ဖြစ်ကြောင်း တရားခွင်မှ သိရသည်။
တရားခွင်တွင် ဦးဖြိုးကိုကိုတင့်ဆန်း တဦးတည်းအား ၁၉၂၃ခုနှစ် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက် ဥပဒေ ပုဒ်မ ဖြင့် ရဲမှူးကျော်လွင်ဦး က အမှု ၂ မှုတပ်၍ ထပ်မံစွဲဆိုခဲ့ရာ ယင်း၂ မှုမှာ နေပြည်တော် ဧလာ ရဲစခန်းမှ ၁ မှု၊ ဒက္ခိဏ သီရိ ရဲစခန်းမှ ၁မှုတို့ ဖြစ်ကြောင်း ပြန်ကြားရေး အရာရှိ ဒုတိယ ခရိုင်တရားသူကြီး ဦးခင်မောင်ထွေးက ပြောသည်။
၎င်းက“လာမယ့် ရုံချိန်းမှာ အမျိုးတူတဲ့ ပြစ်မှုတွေကို ပေါင်းဖို့အတွက်၂ဖက် တင်ပြခိုင်းထားတယ်။ မျိုးတူတဲ့ဥပဒေ ဆိုတာ ဒီနှစ်ထဲမှာ ဖြစ်တဲ့ အမှုတွေကို ၂ ဖက်လျှောက်လဲချက် တင်တာပေါ့။ ဥပမာအားဖြင့် ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၂၃၄ မှာ သူက တနှစ်အတွင်းမှာ ဖြစ်တဲ့အမှုပေါ့။ တူတယ်ဆိုရင် ပေါင်းလို့ရတယ် ဆိုတာ ပြဌာန်း ထားတယ်။ အဲဒီ အပေါ်မှာ သူတို့ လျှောက်လဲချက် တင်ကြရမှာ” ဟုလည်း ပြောဆိုသည်။
ယနေ့ တရားခွင်တွင် ဦးဖြိုးကိုကိုတင့်ဆန်းကို နေ့လယ် ၁ နာရီခန့်က တရားရုံး စစ်ဆေးမှုတွင် အကျီၤ စတစ် ကော်လာ လက်ပြတ် အဖြူနှင့် ကချင်ပုဆိုးကို ဝတ်ဆင်ထားပြီး ၎င်းနှင့် အမှုတွဲ လူ ၇ ဦးတို့ကို ရုံးထုတ် စစ်ဆေးခဲ့ကြောင်း တွေ့ရ သည်။
ဦးဖြိုးကိုကိုတင့်ဆန်း အတွက် အမှုလိုက်ပေးမည့် ရှေ့နေမှာ ရန်ကုန်မြို့မှ တရားလွှတ်တော် ရှေ့နေ ဦးမြင့်အောင် ဆိုသူ ဖြစ်ပြီး ကျန်အမှုတွဲများ အတွက် ပျဉ်းမနားဒေသခံ ရှေ့နေများအပါအဝင် ရှေ့နေ ၅ ဦး တရားခွင်သို့ ရောက် ရှိ လာခဲ့သည်။
ဦးဖြိုးကိုကိုတင့်ဆန်း တို့ကို နေပြည်တော်တွင် အမှု ၁၀မှု၊ ရန်ကုန်မြို့တွင် အမှု ၇ မှု စုစုပေါင်း ၁၇ မှုဖြင့် ဖွင့်လှစ် ထား ခြင်း ဖြစ်ပြီး အမှုများတွင် လက်နက်မှု၊ အစိုးရ၏ လျို့ဝှက် အက်ဥပဒေ၊ မူးယစ်မှု၊ တရားမဝင် ပစ္စည်း တင်သွင်းသဖြင့် ပို့ကုန် သွင်းကုန် ဥပဒေနှင့် ဆက်သွယ်ရေး ဥပဒေတို့ ပါဝင်ရာ အစိုးရ၏ လျှို့ဝှက် အက်ဥပဒေဖြင့် အရေးယူခြင်းကို ယနေ့ ရုံးချိန်းတွင် မှုခင်း ရဲတပ်ဖွဲ့ (CID) က ခရိုင်တရားသူကြီးထံ တင်သွင်းခဲ့သည်။
နေပြည်တော်တွင် လက်ရှိ စစ်ဆေးသော အမှုများမှာ ရာဇဝတ်မှု အမှုကြီး ၁၀ မှု၊ တရားခံပြေး ၂ မှု စုစုပေါင်း ၁၂ မှု ရှိနေ သည်။
ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၂၃၄ အရ တနှစ်အတွင်း ဖြစ်ပွားသော အမျိုးအစားတူ အမှုများကို ၃ မှုလျှင် တမှု ပေါင်း စစ်ဆေးခွင့် ရှိသော်လည်း ယခုလို နေပြည်တော်တွင် လက်နက်များစွာဖြင့် မိသည့် အမှုမျိုးကို ပေါင်းစစ်ဆေး ခြင်း အားဖြင့် တရားခံဟု ယူဆရသူများတွင် အမှုလျော့သွား နိုင်ကြောင်းနှင့် ၎င်းတို့ကို သက်ညှာသလို ဖြစ်သွားစေနိုင် ကြောင်း ရန်ကုန်မြို့မှ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောသည်။
“လက်နက်တွေ ဒီလောက်မိတာကို ပေါင်းပြီး မစစ်ဆေးသင့်ဘဲ တကယ်တော့ တမှုချင်း စစ်ရမှာ။ သီးခြားစီ စစ်ရင် တော့ ပိုကောင်းတယ်။ ပေါင်းစစ်လိုက်မယ် ဆိုရင်တော့ သက်သာမှုကို ဖြစ်သွားစေနိုင်တယ်”ဟုလည်း ၎င်းက ပြောဆို သည်။
ဦးဖြိုးကိုကိုတင့်ဆန်းသည် အမှုတွဲ များလွန်းသဖြင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နေပြည်တော် ဒက္ခိဏခရိုင် တရား ရုံး တွင် ရုံးထုတ် စစ်ဆေးမည် ဖြစ်ကြောင်း သိရပြီး နောက်တပတ် ရုံးချိန်းကို ဇန်နဝါရီလ ၁၇ ရက်နေ့သို့ ထပ်မံ ချိန်းဆို လိုက်သည်။