ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ရဲဘော် ၃ ဦးနှင့် အရပ်သား ၁ ဦး အသတ်ခံရမှု နှင့် ပတ်သက်ပြီး တရား မျှတမှု မဖော်ဆောင်နိုင်သည့် အတွက်ဟု ဆိုကာ ကယားပြည်နယ် လွှတ်တော် အရပ်ဘက် ကိုယ်စားလှယ် ၄ ဦး နုတ်ထွက် စာ တင်ကြောင်း သိရသည်။
ထို့အပြင် ဆန္ဒဖော်ထုတ်သည့် လူငယ် ၅ ဦး တရားစွဲဆို ဖမ်းဆီးခံရမှုအပေါ် နုတ်ပိတ်နေသည့် ပြည်နယ် အစိုးရနှင့် လွှတ်တော်အား ကိုယ်စားလှယ် ၄ ဦးက အယုံအကြည်မရှိဟုလည်း ဆိုသည်။
ယင်း ကိုယ်စားလှယ် ၄ ဦးသည် ကယားပြည်နယ် လွှတ်တော် တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေး ကော်မတီမှ အရပ်ဘက် ကိုယ်စားလှယ် ၄ ဦး ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က KNPP ရဲဘော် ၃ ဦးနှင့် ရွာသား ၁ ဦးကို တပ်မတော်က ဖမ်းဆီးသတ်ဖြတ် ခဲ့ခြင်း အပေါ် တရားဝင် သတင်း ထုတ်ပြန်ပေးရန်နှင့် တရားမျှတမှု ဖော်ဆောင်ပေးရန် ကရင်နီပြည် လူငယ်များ သမဂ္ဂနှင့် ကရင်နီ ပြည် တောင်သူများ သမဂ္ဂအဖွဲ့ဝင် လူငယ် ၅ ဦးက ၂၀၁၇ ဒီဇင်ဘာ ၂၂ ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြပြီးနောက် ၂၀၁၈ ဇန်နဝါရီ ၅ ရက်တွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ (၁၉)ဖြင့် တရားစွဲဆို ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်ရပ်များနှင့်ပတ်သက်၍ ပြည်နယ်အစိုးရ နှင့် လွှတ်တော်က ယနေ့အချိန်အထိ တစုံတရာ ဖြေရှင်းမှု မရှိသော ကြောင့် ကယားပြည်နယ်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားရေး မဏ္ဍိုင်များအပေါ် အယုံအကြည် မရှိတော့သကဲ့သို့ ကော်မတီတွင်လည်း ဆက်လက်ပါဝင်ရန် ဆန္ဒမရှိတော့သည့် အတွက် နုတ်ထွက်စာတင်ရခြင်း ဖြစ်ကြောင်း နုတ်ထွက် သူများက ပြောသည်။
ထို့ပြင် အသတ်ခံရမှုဖြစ်စဉ် အမှုမှန်ပေါ်ပေါက်စေရေး အတွက် တပ်မတော်၊ ပြည်နယ် အစိုုးရနှင့် လွှတ်တော်အမတ်တို့မှ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် တရားမျှတစွာ ဖြေရှင်းပေးရန် ကယားပြည်နယ် အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းများ၏ ထုတ်ပြန် တောင်းဆိုထားမှုများကိုလည်း လျစ်လျူရှုထားသည်ဟု ဆိုသည်။
“ဒါနဲ့ပတ်သက်လို့ ပြည်နယ်အစိုးရနဲ့ လွှတ်တော်အနေနဲ့ နှုတ်ဆိတ်နေတယ်။ ပြည်နယ်အစိုးရနဲ့ မဆိုင်ဘူးဆိုတဲ့ ပုံစံမျိုးဆို တဲ့ အတွက် ဒီပြည်နယ် လွှတ်တော်မှာရှိတဲ့ ကော်မတီအဖွဲ့ကို ကျမတို့ အယုံအကြည် မရှိတော့လို့ နုတ်ထွက်ရခြင်းဖြစ် တယ်”ဟု နုတ်ထွက်စာ တင်ထားသူ တဦးဖြစ်သည့် မော်မိုးမြာက ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက ကယားပြည်နယ် လွှတ်တော်မှ တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေး ကော်မတီကို ၂၀၁၆ ခုနှစ်တွင် ဖွဲ့ စည်းခဲ့ရာ တနှစ်ကျော် ကြာမြင့်လာပြီ ဖြစ်သော်လည်း ကော်မတီမှ ပေးအပ်ထားသော တာဝန်များကို ထိရောက်သော တာ ဝန်ယူ ဖြေရှင်းနိုင်မှု ပြုလုပ်နိုင်ခြင်း မရှိသည့်အပြင် ဦးဆောင်သူများသည် တာဝန်လစ်ဟင်းမှုများ ရှိနေကြောင်းလည်း ပြောဆို သည်။
“အမှန်တရားကို ထောက်ခံသူကျ တရားစွဲတယ်။ ဖမ်းတယ်။ သတ်တဲ့သူတွေကျတော့ တရားမစွဲဘူး။ အဲဒါကို အားမလို အားမရဖြစ်တဲ့ အခါကျတော့ နုတ်ထွက်လိုက်တာ။ နောက်ပြီး ဥပဒေကို အယုံအကြည်မရှိဘူး။ ပြည်နယ်ကိုလည်း အယုံ အကြည်မရှိတော့ဘူး” ဟု နုတ်ထွက်စာတင်သူ တဦးဖြစ်သော ခူးတူရယ်က ဆိုသည်။
ကော်မတီတွင် ပါဝင်သည့် အရပ်ဘက်ကိုယ်စားလှယ် ၄ ဦးစလုံး နုတ်ထွက်သွားသည့်အတွက် ကော်တီအနေဖြင့် အင်အား နည်းသွားနိုင်ပြီး ပြည်သူများက တိုင်တန်းလာမှုများ၊ ပြည်နယ်လွှတ်တော်၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် သိရှိမှု အားနည်းသွားနိုင်သော်လည်း ပြည်နယ်အစိုးရနှင့် လွှတ်တော်အပေါ် ပြည်သူလူထုနှင့် အရပ်ဘက် အဖွဲ့များက အယုံအကြည် ကင်းမဲ့နေပြီဟု သိရှိသွားနိုင်ကြောင်း နုတ်ထွက်စာတင်သူများက ပြောသည်။
ကယားပြည်နယ် လွှတ်တော် တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေး ကော်မတီကို အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ် ၄ ဦး အပါအဝင် စုစုပေါင်း ၂၄ ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ ပြည်သူများက တိုင်ကြားထား၍ ကြားနာဆဲအမှု ၂ ခုရှိပြီး မြန်မာ့ တပ်မတော်မှ မြေသိမ်းထားသည့်ကိစ္စနှင့် ပတ်သက်၍ တိုင်ကြားထားသည့် အမှု ၄ ခုရှိကြောင်း သိရသည်။