သတင်း

အာရှတွင် အကြီးဆုံး သိပ္ပံပညာ နှီးနှော ဖလှယ်ပွဲနှင့် အသည်းရောဂါ ညီလာခံ ကျင်းပမည်

အာရှတွင် အကြီးဆုံး အပြည်ပြည်ဆိုင်ရာ သိပ္ပံပညာ နှီးနှော ဖလှယ်ပွဲနှင့် အာရှပစိဖိတ် အသည်းရောဂါ ညီလာခံကို ရန်ကုန် မြို့တွင် ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း အစာအိမ် အူလမ်းကြောင်းနှင့် အသည်းရောဂါ ပညာရှင်များ အဖွဲ့မှ သိရသည်။

ကျင်းပမည့် အစီအစဉ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဆရာဝန်အသင်း အစာအိမ် အူလမ်းကြောင်းနှင့် အသည်း ရောဂါ ပညာရှင်များ အဖွဲ့က ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ Sule Shangri-La Hotel ၌ သတင်းစာ ရှင်းလင်း ပွဲ တခု ပြုလုပ်ခဲ့သည်။

နှီးနှောဖလှယ်ပွဲကို ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့ တို့တွင် ရန်ကုန်မြို့ရှိ နိုဗိုတယ် ဟိုတယ်တွင် ကျင်းပ မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ နှီးနှောဖလှယ်ပွဲမှာ ပဉ္စမ အကြိမ်မြောက် ဖြစ်ပြီး အရှေ့တောင်အာရှတွင် ထိပ်တန်း ဖြစ်စေရန် ရည်ရွယ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း အစာအိမ် အူလမ်းကြောင်းနှင့် အသည်းရောဂါ ပညာရှင်များ အဖွဲ့မှ နာယက ပါမေက္ခ ဦးခင်မောင်ဝင်း က ပြောသည်။

ပါမေက္ခ ဦးခင်မောင်ဝင်း က “ပြည်သူတွေကို ဂုဏ်ယူဖို့နဲ့ ကျနော်တို့တတွေ နိုင်ငံတော်အတွက် ဘယ်လောက် ကြိုးစား ပြီး ဆောင်ရွက်ထားလဲ အရှေ့တောင်အာရှမှာ မြန်မာဟေ့လို့ ပြောရင် အစာအိမ် အူလမ်းကြောင်းနဲ့ အသည်းရောဂါ တွေမှာ ထိပ်သီးကနေ ရှိနေအောင် လုပ်နိုင်ခဲ့တယ် ဆိုတာ သိအောင်ပြောတာပါ” ဟုလည်း ပြောဆိုသည်။

ယခု အစီအစဉ်သည် အစာအိမ် အူလမ်းကြောင်းနှင့် အသည်းရောဂါအဖွဲ့နှင့် Asian Perspective in Liver Diease – APLD တို့ တွဲဖက် ကျင်းပခြင်း ဖြစ်သည့်အတွက် ဆွေးနွေးမည့် ပထမနေ့တွင် နိုင်ငံတကာမှ ပညာရှင် ပါရဂူ ၁၆ ဦး၊ ဒုတိယ နေ့တွင် သိပ္ပံပညာရှင် ကမ္ဘာ့ထိပ်တန်း ပါရဂူ ၃၄ ဦး တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါများ၊ အသည်းကင်ဆာ၊ အသည်းခြောက် စသည့် အသည်းရောဂါများနှင့် ပတ်သက် သည့် ကုထုံးသစ်များ၊ နည်းပညာသစ်များကို ပြည်တွင်းပြည်ပ ပညာရှင်များက အပြန်အလှန် ဆွေးနွေးမည် ဖြစ်ကြောင်းလည်း ဆိုသည်။

အစာအိမ်လမ်းကြောင်း ဝေဒနာသည်များနှင့် အသည်း ဝေဒနာသည်များ အနေဖြင့် ပြည်တွင်းမှာပင် ခေတ်မီ ဆေးပညာ များဖြင့် ကုသနိုင်စေရန် ရည်ရွယ်၍ ဆေးပညာ နှီးနှောဖလှယ်ပွဲများကို ကျင်းပရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန် အသင်း အစာအိမ် အူလမ်းကြောင်းနှင့် အသည်းရောဂါ ပညာရှင်များအဖွဲ့မှ ဥက္ကဌ ပါမောက္ခ ဦးကျော်စိုးထွန်းကလည်း ပြောပြသည်။

“အပြည်ပြည်ဆိုင်ရာ အစာအိမ်အူလမ်းကြောင်းနဲ့ အသည်းရောဂါကုသမှု နဲ့ ဆက်စပ်တဲ့ နောက်ဆုံးပေါ် သတင်းတွေ ကုထုံးတွေ နည်းပညာ အသစ်တွေကို နိုင်တကာအဆင့်ရှိတဲ့ ကမ္ဘာ့ထိပ်တန်း အစာအိမ် အူလမ်းကြောင်း အသည်း ပါရဂူကြီးများကို ဖိတ်ခေါ်ပြီးတော့ မြန်မာနိုင်ငံ ပြည်သူလူထုကို ကုသပေးနေတဲ့ ဆရာဝန်တွေကို လက်ဆင့်ကမ်း ပြန်လည် မျှဝေဖို့ အတွက်နဲ့ မြန်မာနိုင်ငံ ဆေးပညာအဆင့်တန်းက နိုင်ငံတကာမှာရှိတဲ့ နောက်ဆုံးပေါ် ကုထုံးများနဲ့ မျက်ခြည် မပြတ်စေဘဲ အဆင့် မြှင့်တင်နိုင်စေရန် ရည်ရွယ်ချက်များနဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြော သည်။

အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါအဖွဲ့ကို ၂၀၀၄ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က စတင် တည်ထောင်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ဆေးပညာ နှီးနှောဖလှယ်ပွဲများ ကျင်းပခြင်း၊ ပြည်သူလူထုကို ဟောပြော ပို့ချခြင်း၊ ဆေးကုသခြင်းများ ပြုလုပ်ပေးနေသည့် အဖွဲ့အစည်း ဖြစ်သည်။

Loading