ဗီယက်နမ်နိုင်ငံသည် ကျယ်ပြန့်လာသော အဂတိလိုက်စားမှုများကို တိုက်ဖျက်ရေးတွင် အရေးအပါဆုံး အမှု အဖြစ် အစိုးရပိုင် ရေနံလုပ်ငန်း ဆုံးရှုံးမှုများ အတွက် ထိပ်ပိုင်း အုပ်ချုပ်ရေးမှ လူ ၂၂ ဦးကို တနင်္လာ နေ့က ဖမ်းဆီးလိုက်သည်။ ထိုသူများထဲတွင် ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို ခေါ် နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင် တဦးလည်း ပါဝင်သဖြင့် ၎င်းသည် ဆယ်စုများစွာ အတွင်း ပထမဆုံး ဖမ်းဆီးခံရသော နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင် ဖြစ်လာသည်။
ဟိုချီမင်း မြို့တော်ရှိ အခြားသော အမှုတခုဖြစ်သော ဘဏ်လုပ်ငန်း လိမ်လည်မှုကိုလည်း တရားခံ ၄၆ ဦးနှင့် စတင်နေပြီ ဖြစ်သည်။
ပုဂ္ဂလိကပိုင် ပြုလုပ်ရေး လုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင် နေချိန်တွင် နိုင်ငံပိုင် လုပ်ငန်းများ အတွင်း အဂတိ လိုက်စားမှု၊ မှားယွင်းစွာ စီမံခန့်ခွဲမှုနှင့် ဆွေမျိုးသားချင်း ကောင်းစားရေးဝါဒ များကို ဖော်ထုတ်ရုံသာမက ယခု ဖမ်းဆီးမှုများသည် အာဏာရ ကွန်မြူနစ်ပါတီ အတွင်း ပိုမိုရှေးရိုးဆန်သော အုပ်စု အာဏာကြီးထွားလာခြင်း ကိုလည်း ပြသနေသည်။
ဖမ်းဆီးထားသော အရေအတွက်
ဗီယက်နမ် ရေနံလုပ်ငန်း (PetroVietnam) နှင့် ဘဏ်လုပ်ငန်းကဏ္ဍမှ လူအများအပြားကို ဖမ်းဆီးထားသည်။ အချို့သောသူများမှာ ရုံးတင်စစ်ဆေး၊ ထောင်ဒဏ် ချမှတ်ခံရပြီးသူများ ဖြစ်သည်။ ရာထူးအဆင့်အမြင့်ဆုံး အဖမ်းခံရသူမှာ ဗီယက်နမ် ရေနံလုပ်ငန်း၏ ဥက္ကဋ္ဌဟောင်း ဒင်းလသန်း (Dinh La Thang) ဖြစ်ပြီး သူသည် တနင်္လာနေ့က စတင် ရုံးတင်စစ်ဆေးခံရသူများတွင် ပါဝင်သည်။ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို ခေါ် နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင် တဦးလည်း ဖြစ်သည်။ သူနှင့် သူ၏ရှေ့နေတို့က တစုံတရာဝေဖန်ပြောကြားခြင်း မရှိပေ။
PetroVietnam မှ ရုံးတင်စစ်ဆေးခဲ့သော ၂၂ ဦးတွင် ပါဝင်သော ထရင်ရှောင်သန် (Trinh Xuan Thanh) ကို ဗီယက်နမ်က ပြန်ပေးဆွဲထားခြင်း ဖြစ်သည်ဟု ဂျာမဏီ နိုင်ငံက စွပ်စွဲသည်။ အရာရှိ ၁၀၀ ကျော်ကို ရုံးတင်စစ်ဆေးရန် ခြိမ်းခြောက်၊ ရာထူးချ သို့မဟုတ် အလုပ်မှ ထုတ်ပယ်ပြီး ဖြစ်သည်။ အဂတိလိုက်စားမှုနှင့် ပတ်သက်သော အခြားအမှုတခုနှင့် ဆက်စပ်ပြီး ဗီယက်နမ် သူဌေးကြီး တဦးကို စင်္ကာပူ ပြန်လည်စေလွှတ်ပြီးနောက် ဖမ်းဆီးခဲ့သည်။
PetroVietnam ဆိုသည်မှာ
ဗီယက်နမ် ရေနံလုပ်ငန်းသည် တိုက်ရိုက်အုပ်ချုပ်သော ဌာနခွဲ ၁၅ ခု၊ လုပ်ငန်းခွဲ ၁၈ ခုနှင့် ရှယ်ယာ အနည်းငယ်စီ ပိုင်ဆိုင်ထားသော လုပ်ငန်း ၄၆ ခုရှိသော ရှုပ်ထွေးလှသည့် စီးပွားရေး လုပ်ငန်း ဖြစ်သည်။ ဘဏ်များ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ ဓာတ်အားပေး စက်ရုံများမှ အထည်အလိပ် စက်ရုံများအထိ ပါဝင်သော လုပ်ငန်းများတွင် ဒေါ်လာသန်း ရာပေါင်းများစွာ ဆုံးရှုံးသည်။
ဗီယက်နမ် ရေနံလုပ်ငန်းသည် Ocean Bank တွင် ရင်းနှီးမြှုပ်နှံရာတွင် ဒေါ်လာ ၃၅ သန်း အရှုံးပေါ်ရာမှ အရှုပ်တော်ပုံ စတင်သည်။ ယခင်က ဗီယက်နမ် ရေနံလုပ်ငန်း၏ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သူ ထိုဘဏ်၏ အမှုဆောင်အရာရှိချုပ်ဟောင်းကို သေဒဏ်ချမှတ်ခဲ့သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး၏ နိုင်ငံရေးအဓိပ္ပာယ်
အချို့သော အရာရှိများသည် အကြီးအကျယ် အဂတိ လိုက်စားပြီး ပုဂ္ဂလိက ချမ်းသာကြွယ်ဝမှုများ စုဆောင်းကာ အာဏာရ ပါတီ၏ ပုံရိပ်ထိခိုက်စေခြင်းကို တိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။
သို့သော် လွန်ခဲ့သောနှစ်က ဝန်ကြီးချုပ် ငုယင်တန်ဒန်း (Nguyen Tan Dung) နှင့် အာဏာ အားပြိုင်ပွဲတွင် အနိုင်ရပြီး နောက် ယခု အဂတိလိုက်စားမှုတိုက်ဖျက်ခြင်းသည် ပါတီအထွေထွေ အတွင်းရေးမှူး ငုယင်ဖူထရောင် (Nguyen Phu Trong) ၏ လက်အောက်ရှိ လက်ရှိ ကွန်မြူနစ်ပါတီ ဦးဆောင်မှုကို ပိုမိုခိုင်မာစေသည်။
ဖမ်းဆီးမှုများသည် ယခုထက် မြင့်မားလာသည် ဖြစ်စေ၊ မမြင့်မားလာသည် ဖြစ်စေ ငုယင်ဖူထရောင်၏ အသာစီးရမှုသည် ၂၀၂၁ ခုနှစ်တွင် ကုန်ဆုံးမည့် သူ၏ ရာထူးသက်တမ်းကုန်သည် အထိ ရှိနေမည် ဖြစ်သည်။ ၎င်း၏ အုပ်စုသည် ယခုထက် ပိုမို လွှမ်းမိုးချုပ်ကိုင်နိုင်ရန်ပင် အနေအထားကောင်း ရနေသည်။
ပါတီတွင်းအုပ်စုကွဲရခြင်း အကြောင်းရင်း
ပါတီသည် လူမြင်ကွင်းတွင် ညီညွတ်သည့်အသွင် ရှိသော်လည်း ဗီယက်နမ်နိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် တခါးဖွင့်မှု အနှေးအမြန်မှသည် တရုတ်၊ အမေရိကန်နှင့် အခြားနိုင်ငံများကြားတွင် ချိန်ခွင်လျှာညှိရသည့် သိမ်မွေ့သော သံတမန်ရေး အခြေအနေအထိ သဘောထားများ ကွဲလွဲနေသည်။
လက်ရှိ ခေါင်းဆောင်မှု၏ စရိုက်လက္ခဏာမှာ ပါတီ၏ အကြွင်းမဲ့အာဏာကို လုံခြုံရေး အသိုင်းအဝန်းနှင့် မဟာမိတ်ဖွဲ့ ထိန်းသိမ်းလိုသည့် ရှေးရိုးစဉ်လာ ဝါဒ ဖြစ်သည်။
သီးခြားပုံစံနှင့် ထူးခြားသူများ နိုင်ငံရေးအရ ပိုမိုလွတ်လပ်ခွင့် ပေးလိုသည့် သဘောရှိသည့် ငုယင်တန်ဒန်းနှင့် သူ၏ မဟာမိတ်များ၏ ခေါင်းဆောင်မှု ပုံစံနှင့် မတူပေ။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဖမ်းဆီးမှုများအပြင် ဗီယက်နမ်နိုင်ငံသည် ဘလော့ရေးသားသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် အခြားသော ဝေဖန်သူများကို ၂၀၁၁ ခုနှစ်နောက်ပိုင်း မည်သည့်နှစ်ကထက် မဆို ပိုမိုဖမ်းဆီးနေသည်။ ၂၀၁၁ ခုနှစ်တွင် လူငယ်တက်ကြွလှုပ်ရှားသူများကို နှိမ်နင်းခဲ့သည်။
လူထု ထောက်ခံမှု
ယခင်အရာရှိဟောင်းများကို ဖမ်းဆီးသောကြောင့် ဗီယက်နမ်တွင် ဝမ်းနည်းသူ အနည်းငယ်သာ ရှိသော်လည်း နောက်ကွယ်မှ အကြောင်းရင်းကိုလည်း သံသယဝင်ကြသည်။ အောက်ခြေ အရာရှိများနှင့် ရဲတပ်ဖွဲ့၏ နေ့စဉ် အဂတိလိုက်စားမှုသည် ဗီယက်နမ်များ၏ ဘဝဖြစ်နေသေးသည်။
ဗီယက်နမ်ရေနံလုပ်ငန်း အပေါ် သက်ရောက်မှု
၂၀၁၆ ခုနှစ်က ဗီယက်နမ် ရေနံလုပ်ငန်း၏ အသားတင် အမြတ်မှာ အနည်းဆုံး ၇ နှစ်အတွင်း အနိမ့်ဆုံး ဖြစ်ပြီး ၇ ရာခိုင်နှုန်း ကျော်ကျော်သာ ရှိသည်။ ၂၀၀၉ ခုနှစ်က အမြတ်ရာခိုင်နှုန်း ၁၅ ရာခိုင်နှုန်း ကျော်သည်။
ထိုသို့ကျဆင်းရခြင်း၏ အဓိက အကြောင်းရင်းမှာ ရေနံဈေးကျဆင်းခြင်း ဖြစ်သည် ဟု ဗီယက်နမ် ရေနံလုပ်ငန်းက ဆိုသည်။ မအောင်မြင်သော စီမံကိန်းများ၊ အရာရှိများ၏ မှားယွင်းမှုများနှင့် စုံစမ်းစစ်ဆေးမှုများ ကြောင့်လည်း ထိခိုက်သည် ဟု ဆိုသည်။
ဗီယက်နမ် ရေနံလုပ်ငန်း၏ ရှယ်ယာများကို စတော့အိတ်ချိန်း စာရင်းသွင်းခြင်း မရှိပေ။ သို့သော် ၎င်း၏ လုပ်ငန်းအချို့ သည် ၎င်း၏ ထိုင်းပြိုင်ဘက်ထက် စွမ်းဆောင်ရည်နိမ့်နေသည်။
ပြုပြင်ပြောင်းလဲရေးနှင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး၏ အလားအလာ
အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် ပါတီ၏ နိုင်ငံရေးသြဇာ ကြီးမားလာခြင်းကို ပြသော်လည်း လက်ရှိ ခေါင်းဆောင်မှုသည် ယခင်အစိုးရကဲ့သို့ပင် ပြုပြင်ပြောင်းလဲရေး နှေးကွေးစေလိုခြင်း မရှိပေ။
ဘတ်ဂျက်လိုငွေက ဖိအားပေးခံရသောကြောင့် အစိုးရသည် ဆွဲဆောင်မှုမြင့်မားသော ပိုင်ဆိုင်မှုများမှ ရှယ်ယာများကို ထုတ်ရောင်းရန် စီစဉ်နေသည်။ ထိုရှယ်ယာများတွင် Sabeco အရက်ချက် လုပ်ငန်း နှင့် ဗီယက်နမ် ရေနံလုပ်ငန်း၏ လုပ်ငန်းခွဲ ၃ ခုမှ ရှယ်ယာများလည်း ပါဝင်သည်။
အဂတိလိုက်စားသည်ဟု ထင်မှတ်ခံရမည်ကို အရာရှိများ စိုးရိမ်ခြင်းသည် အစိုးရပိုင် လုပ်ငန်းများနှင့် ဝန်ကြီးဌာနများတွင် ဆုံးဖြတ်ချက် ချသော စနစ်ကို ဆက်လက် တည်ရှိစေမည်ဟု အချို့သော စီးပွားရေးသုတေသီများက ဆိုသည်။
(www.reuters.com တွင် ဖော်ပြထားသော What’s behind Vietnam’s corruption crackdown? ကို ဘာသာပြန်သည်။)